မန္တလေးသတင်း

မြင်းခြံ နဘူးအိုင်ကို စစ်အုပ်စု ရွာလုံးကျွတ် မီးရှို့ဖျက်ဆီး၊ အနည်းဆုံး အိမ်ခြေ ၇၀၀ ပြာကျ၊

စစ်အုပ်စုက ရွာထဲ တပ်စွဲကာ အိမ်တွေ ဖောက်ထွင်းခိုးယူပြီးမှ စိမ်ပြေနပြေ မီးရှို့တာဖြစ်၊

မင်းအောင်လှိုင် သမ္မတ လုပ်ကာနီးအထိ ရွာတွေကို မီးပတ်ရှို့နေဆဲ၊

MN/MFP ၊ မတ် – ၃၁

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ နဘူးအိုင်ရွာ (ဒေသအခေါ် နဘူးအိုင်မြို့)ရှိ နေအိမ်တွေကို အာဏာသိမ်း စစ်အုပ်စုက မတ် ၂၂ ကနေ ၂၈ရက်အထိ စီးနင်းလုယက် မီးရှို့ဖျက်ဆီးရာ ရွာလုံးကျွတ် မီးလောင်ပျက်စီးပြီး အနည်းဆုံး အိမ်ခြေ ၇၀၀ ကျော် ပြာကျတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

မြင်းခြံနယ်မြောက်ခြမ်း၊ မန္တလေး – မြင်းခြံ – ပုဂံ ကားလမ်းပေါ်ရှိ အိမ်ခြေ ၁၀၀၀ နီးပါးရှိကာ စည်ကားတဲ့ နဘူးအိုင်ကျေးရွာကို စစ်အုပ်စုက ဖေဖော်ဝါရီ ၂၆ ရက်က စတင်ကာ စီးနင်းအထိုင်ချ တပ်စွဲပြီးနောက် နေအိမ်တွေ ထင်တိုင်းကျဲ ဖောက်ထွင်းခိုးယူ လုယက်ကာ မတ်လ ၂၂ရက်ကစလို့ မီးရှို့ ဖျက်ဆီးတာလို့ ဆိုပါတယ်။

“ရွာမှာက ရှိတဲ့ နေအိမ်တွေ၊ ဈေးဆိုင်တွေဆီက ပစ္စည်းတွေ စိတ်ကြိုက် သယ်ယူပြီးမှ ရွာရဲ့ ထောင့်လေးထောင့်ကနေ စပြီး မီးရှို့တယ် ပြေားတာပဲ။ ရွာနားထိ အကပ်မခံတော့ တိတိကျကျတော့ မသိဘူးရယ်” လို့ စစ်အုပ်စု ရန်ကြောင့် ရွာထဲ မနေဝံ့ဘဲ စစ်ဘေးရှောင်နေရတဲ့ ဒေသခံ အမျိုးသမီးတစ်ဦးက MFP ကို ပြောပါတယ်။

နဘူးအိုင်ရွာထဲ စီးနင်းတပ်စွဲတဲ့ စစ်အုပ်စုဟာ ကျေးရွာထဲက နေအိမ်တွေကို ဖောက်ထွင်းပြီးနောက် ခိုးရာပါ ပစ္စည်းတွေကို တစ်လနီးပါးကြာ ကားကြီး၊ကားငယ် အသွယ်သွယ်နဲ့ အကြိမ်ကြိမ် သယ်ထုတ်ပြီးနောက် မတ် ၂၂ ရက်က စတင်ပြီး ရွာကို မီးတင်ရှို့ဖျက်ဆီးနေတာလို့ ဆိုပါတယ်။

စစ်အုပ်စု မီးရှို့လို့ မတ်လ ၂၈ ရက်အထိ နဘူးအိုင်ရွာရှိ အိမ်ခြေ ၇၀၀ ကျော် မီးလောင် ပြာကျပျက်စီးသွားပြီ ဖြစ်ကာ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေကြရဆဲမို့ ပြာကျတဲ့ အိမ်ခြေ အတိအကျတော့ မရေတွက်ရသေးဘူးလို့ စစ်ဘေးရှောင်နေရတဲ့ နဘူးအိုင်ရွာခံ အမျိုးသားကြီးတစ်ဦးက MFP ကို ပြောပါတယ်။

“အိမ်ခြေက တော်တော်များတယ်။ အခုဟာက သုံးပုံ တစ်ပုံလောက်တောင် မကျန်တော့ပါဘူး။ အခု (စစ်အုပ်စု) မီးမရှို့တာက နှစ်ရက်ပဲ ရှိသေးတယ်။ သူတို့ (စစ်အုပ်စု)က နားလိုက်၊ ပြန်ရှို့လိုက်နဲ့ လုပ်နေတာ။ အိမ်ခြေကတော့ ၇၀၀ လောက် ပါသွားပြီ။ ရွာထဲက ပစ္စည်းတွေလည်း သူတို့ (စစ်အုပ်စု) ယူလို့ ကုန်ပြီ။ သူတို့ ပစ္စည်းတွေ အကုန်လုံး ထုတ်ယူလို့ အားရမှ ကုန်ခါနီးကျမှ မီးရှို့တာ။ ကုန်ပါပြီ၊ ဘာမှမရှိတော့ပါဘူး။ ဒေသခံတွေကလည်း အခုဆိုရင် စစ်ရှောင်နေရတဲ့ အခြေအနေတွေက ကစဉ့်ကရဲနဲ့ ဖြစ်ကုန်ပြီ။ ဟိုရောက်သည်ရောက်နဲ့ပေါ့။ ရွာနားလည်း ဒေသခံတွေက မကပ်ရဲကြတော့ဘူး။ သူတို့က ဒရုန်းတွေနဲ့ လိုက်ပစ်တာ။ နောက်ပြီး မြေမြှုပ်မိုင်းတွေလည်း ထောင်ထားတယ်လို့ ကြားရတယ်။ ဒါပေမဲ့ ဘယ်သူမှတော့ ထိတယ်လို့ မကြားရသေးဘူး”

နဘူးအိုင်ရွာကို စီးနင်းတဲ့ စစ်အုပ်စုက ဒေသခံပြည်သူတွေကို ရန်ပြုသတ်ဖြတ်၊ ပေါ်တာဆွဲ ဖမ်းဆီးကာ ဓားစာခံ လူသားဒိုင်း အဖြစ် အသုံးချတာကြောင့် ပြည်သူတွေ ထွက်ပြေးနေကြရတာလို့ ဆိုပါတယ်။

မတ်လ ၄ရက်က နဘူးအိုင်ရွာအနီးရှိ ဘုန်းကြီးကျောင်းထဲ စစ်ဘေးတိမ်းရှောင်နေကြတဲ့ ဒေသခံ ပြည်သူတွေကို အဓိက ပစ်မှတ်ထားကာ စစ်အုပ်စုက ဒရုန်းနဲ့ ဗုံးကြဲသတ်ဖြတ်တာကြောင့် အသက် ခုနစ်နှစ်အရွယ် မိန်းကလေးငယ်နဲ့ အသက် ၃၅ နှစ်အရွယ် မိခင်ဖြစ်သူ သားအမိနှစ်ဦး၊ အသက် ၇၀ ကျော်နဲ့ ၈၀ ကျော် အဖွားအိုနှစ်ဦး၊ စုစုပေါင်း စစ်ရှောင်ပြည်သူ လေးဦး သေဆုံးကာ နောက်ထပ် သုံးဦးလည်း ဒဏ်ရာရခဲ့ပါတယ်။

လက်ရှိမှာ စစ်အုပ်စုက နဘူးအိုင်ရွာနဲ့ မြင်းခြံ-နဘူးအိုင် ကားလမ်းပေါ် အထိုင်ချတပ်စွဲထားတာကြောင့် နဘူးအိုင် ရွာလုံးကျွတ် အပါအဝင် အနီးဝန်းကျင် ကျေးရွာတွေက ထောင်နဲ့ချီတဲ့ ပြည်သူတွေ စစ်ဘေးတိမ်းရှောင် ထွက်ပြေးနေကြရပြီး စားနပ်ရိက္ခာ၊ အမိုးအကာ၊ ဆေးဝါး စတဲ့ အရေးပေါ် အကူညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်ပြည်သူတွေက ပြောပါတယ်။

“စစ်ရှောင်ပြည်သူတွေကတော့ တောထဲမှာ ရှောင်ကြသူတွေရှိသလို တခြား နီးစပ်ရာ ရွာတွေမှာ သွားရှောင်နေကြတဲ့ သူတွေလည်း ရှိတယ်။ အကူညီတွေကလည်း လှူတဲ့သူတွေ ရှိပေမဲ့ တချို့လည်း ရကြတယ်။ မရကြတဲ့သူတွေလည်း ရှိတာပေါ့။ ပြည့်ပြည့်စုံစုံတော့ မဟုတ်ဘူးပေါ့ဗျာ။ အချင်းချင်းတွေ မျှပြီးတော့ စားနေရတာပေါ့။ နောက်ပြီးတော့ စစ်ရှောင်ရတဲ့အခါမှာ ဆိုင်ကယ်တွေနဲ့ဆိုတော့ ဆီကလည်း အခက်အခဲ ဖြစ်တာပေါ့။ အခက်အခဲတွေကတော့ အမျိုးမျိုးပါပဲ။ ရေချိုးဖို့ ဆပ်ပြာခဲကအစ မရှိဘူး။ အကုန်လုံးက ဒီအတိုင်း ထွက်လာခဲ့ရတာဆိုတော့ ဘာမှကို ပါမလာကြဘူး” လို့ နဘူးအိုင်ရွာခံ စစ်ရှောင်အမျိုးသားကြီးက ဆက်ပြောပါတယ်။

နဘူးအိုင်ကျေးရွာဟာ မြင်းခြံ-မြို့သာ-တံတားဦး လမ်းပိုင်းပေါ်မှာ တည်ရှိသလို အနောက်ဖက်မှာ ဆီမီးခုံဆိပ်ကမ်းစီမံကိန်း၊ မြောက်ဘက်နဲ့အရှေ့ဖက်မှာ မြို့သာစက်မှုဇုန်နဲ့ တံတားဦးလေဆိပ်တို့ တည်ရှိကာ လမ်းပန်းဆက်သွယ်ရေး၊ စီးပွားရေး အချက်အချာကျတဲ့ ရွာကြီးဖြစ်ပြီး ဒေသတွင်း နဘူးအိုင်မြို့အဖြစ် ခေါ်ဝေါ်ကြတာ ဖြစ်ပါတယ်။ ၂၀၁၄ လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ နဘူးအိုင်ကျေးရွာမှာ အိမ်ထောင်စု ၆၂၃ စုနဲ့ လူဦးရေ ၃၃၀၀ ကျော် နေထိုင်ပါတယ်။

မြင်းခြံနယ်ထဲ လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေနေတဲ့ စစ်အုပ်စုဟာ နဘူးအိုင်ရွာကိုသာမက မြင်းခြံ-နဘူးအိုင်-မြို့သာ ကားလမ်းပေါ်ရှိ ကံလှ(ခေါ်) ညောင်ဝန်းရွာနဲ့ သက္ကယ်ကျင်းရွာတို့ကိုလည်း ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ လကုန်ပိုင်းမှာ စီးနင်းလုယက် မီးရှို့ ဖျက်ဆီးခဲ့ပါသေးတယ်။ ဖေဖော်ဝါရီ ၂၆ ရက်က သက္ကယ်ကျင်းရွာကို စီးနင်းလုယက်မီးရှို့ချိန် ကျန်းမာရေးမကောင်းလို့ မပြေးနိုင်ဘဲ နေအိမ်ထဲမှာ ကျန်နေခဲ့တဲ့ အသက် ၈၀ ကျော်အရွယ် အဖိုးအိုတစ်ဦးကို စစ်အုပ်စုက သတ်ဖြတ်ခဲ့သလို နောက်ထပ် အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးကိုပါ ပစ်သတ်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စု ရန်ကြောင့် နဘူးအိုင်ရွာ အပါအဝင် မြင်းခြံနယ်မြောက်ခြမ်းရှိ ညောင်ဝန်း၊ သက္ကယ်ကျင်း၊ ရွှေဘုံသာ၊ ရွှေပေါ်ကျွန်း၊ မြင်သာ၊ ဘုံ၊ ချင်မြစ်ကျင်း၊ ကန်ချော၊ ချောင်းဦး၊ ညောင်ပင်သာ၊ သိမ်ကုန်း၊ ဂွေးချို၊ ချောင်းလည်၊ ပေတော၊ ကန်ဦး စတဲ့ ကျေးရွာတွေက ထောင်သောင်းချီတဲ့ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင် နေကြရပြီး စားနပ်ရိက္ခာ၊ အမိုးအကာ၊ တကိုယ်ရေသုံးပစ္စည်းတွေ စတဲ့ အရေးပေါ် အကူညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်ပြည်သူတွေက ဆိုပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သမ္မတ လုပ်ဖို့ ပြင်ဆင်နေပြီး သူ့ရဲ့ သစ္စာခံတွေကို ရာထူး၊နေရာတွေ ခွဲဝေပေးနေတဲ့ တချိန်တည်းမှာပဲ နိုင်ငံတဝန်းရှိ မြို့၊ရွာတွေကို မီးပတ်ရှို့တာ၊ ပြည်သူကို ပစ်မှတ်ထား ဗုံးကြဲသတ်ဖြတ်တာတွေ ဆက်လက် ကျူးလွန်နေတာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းတဲ့ ငါးနှစ်ကျော်အတွင်း နိုင်ငံတဝန်း စစ်အုပ်စုက မီးရှို့ဖျက်ဆီးလို့ ပြာကျတဲ့ ပြည်သူ့နေအိမ် တစ်သိန်းကျော်ပြီ ဖြစ်ပါတယ်။

မြင်းခြံနယ်၊ နဘူးအိုင်ရွာကို အာဏာသိမ်း စစ်အုပ်စုက စီးနင်းလုယက် မီးရှို့ဖျက်ဆီးထားစဉ်/Photo – ဒေသခံ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #မြင်းခြံ #နဘူးအိုင် #မန္တလေး

Related Articles

Back to top button