မန္တလေးသတင်း

​မြင်းခြံမှာ စစ်အုပ်စုက ခရီးသည် ၆၀ ခန့်ကို ပေါ်တာဆွဲဖမ်းဆီး၊

မြို့ပေါ်မှာ ပျူတွေက စစ်မူထမ်းကြေးအဖြစ် တစ်အိမ်ကို တစ်လ ကျပ်ငါးသောင်းနှုန်း လိုက်တောင်း၊

ဝင်းသိန်း/MFP၊ ဧပြီ  – ၂၁

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ အာဏာသိမ်း စစ်အုပ်စုက ခရီး သွားပြည်သူ ၆၀ဦးကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးသွားပြီး ပြန်မလွှတ်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီ ၁၈ရက်က မြင်းခြံနယ် နဘူးအိုင်နဲ့ ငါန်းဇွန်နယ် မြို့သာစက်မှုဇုန်အကြား ပေါက်စိမ်းရွာ ကွန်ကရစ်လမ်းထိပ်မှာ စစ်အုပ်စုနဲ့ ပျူစောထီးတွေက လမ်းသွားလမ်းလာ ကားတွေကို တားဆီး ပြီးနောက် ခရီးသွားပြည်သူ အမျိုးသား၊အမျိုးသမီး ၆၀ ခန့်ကို ပေါ်တာဆွဲ ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

​”လမ်းပေါ်မှာတင် ကားတွေကို တားပြီး လူတွေကို အတင်းဖမ်းခေါ်သွားတာ။ ခရီးသည် ၆၀ လောက် ရှိမယ်။ အခုထိ ပြန်မလွတ်ကြသေးဘူး ထင်တယ်။ နဘူးအိုင်ဈေးတန်းက ဆိုင်တွေကိုလည်း စစ်ခွေးတွေက မွှေနှောက်ပြီး ပါသမျှ ယူသွားကြတာဗျ” လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

အဲ့ဒီ စစ်အုပ်စုနဲ့ ပျူတွေဟာ နဘူးအိုင်ရွာ အပြင်ဘက် ဈေးတန်းမှာရှိတဲ့ စျေးဆိုင်တွေကိုလည်း ဖောက်ထွင်းမွှေနှောက်ကာ တန်ဘိုးရှိ ပစ္စည်းတွေကို ခိုးယူသွားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြင်းခြံမြို့ပေါ် ရပ်ကွက်တွေမှာလည်း ပျူစောထီးတွေက ငွေကြေးတောင်းခံတာတွေ လုပ်နေပြီး မြင်းခြံမြို့၊ အမှတ် ၄ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ပျူစောထီး ထွန်းထွန်းဦး ဆိုသူက စစ်မူထမ်းကြေးအဖြစ် တစ်အိမ်ကို တစ်လ ကျပ်ငါးသောင်းနှုန်း ငွေလိုက်တောင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြင်းခြံနယ်ထဲ စစ်အုပ်စု ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးရာမှာ လိုက်ပါရတဲ့ ပျူစောထီးတွေရဲ့ မိသားစုဝင်တွေအတွက် ဆိုပြီး မြို့ပေါ်ရှိ ပျူစောထီးအဖွဲ့ဝင် မရှိတဲ့ နေအိမ်တွေကို လစဉ်ကြေး တစ်အိမ် ကျပ်ငါးသောင်းစီ လိုက်တောင်းနေတာလို့ ဆိုပါတယ်။

မြင်းခြံမြို့ပေါ်မှာ အာဏာသိမ်း စစ်အုပ်စုက လက်သပ်မွေးထားသူ သီတာယုမွန် ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့ ကြီးစိုးသောင်းကျန်းနေတာ ဖြစ်ပြီး မြို့ခံတွေကို လက်နက်ပြ မိုက်ကြေးခွဲငွေညှစ်တာ၊ ခရီးသွားတွေနဲ့ ဒေသခံပြည်သူတွေကို ဓားပြတိုက်လုယက်တာ၊ ပေါ်တာဆွဲတာတွေ မကြာခဏ ကျူးလွန်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပျူတွေဟာ စစ်အုပ်စုနဲ့အတူ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးပြီး ရွာမီးရှို့၊ လူသတ်၊ လုယက်ကာ ခိုးရာပါ ပစ္စည်းတွေ ခွဲဝေရယူနေကြတာ ဖြစ်ပါတယ်။

မြင်းခြံနယ် သီတာယုမွန် ဦးဆောင်တဲ့ ပျူစောထီးတွေကို တွေ့ရစဉ်/Photo – စစ်အုပ်စု

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #မန္တလေး #မြင်းခြံ #ပျူစောထီး

Related Articles

Back to top button