စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

ပုလဲနယ် ကိုင်းတွင်းရွာကို စစ်အုပ်စု မီးရှို့ဖျက်ဆီး၊

ကိုင်းတွင်းရွာဟာ ပခုက္ကူ မြောက်လူးအိုင်ရွာလိုမျိုး ပြည်သူတွေ ရွာထဲမနေရဲဘဲ စစ်ဘေးရှောင်နေရချိန် စစ်အုပ်စုက အကြောင်းမဲ့ ရွာကို မီးရှို့ပြာချတာဖြစ်၊

သုထက်/MFP၊ ဧပြီ – ၂၂

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ကိုင်းတွင်းကျေးရွာကို အာဏာသိမ်း စစ်အုပ်စုက ဧပြီ ၂၁ရက်မှာ စီးနင်းပြီး ရွာလုံးကျွတ် မီးရှို့ပြာချခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ကိုင်းတွင်းရွာခံ ပြည်သူတွေဟာ စစ်အုပ်စုနဲ့ ပျူစောထီးတွေရဲ့ ရန်ကြောင့် လွန်ခဲ့တဲ့ ငါးနှစ်လောက် ကတည်းက ရွာမှာ မနေရဲဘဲ စစ်ဘေးရှောင် ထွက်ပြေးနေကြရတာဖြစ်ပြီး စစ်အုပ်စုက လူမနေတဲ့ ရွာကို အကြောင်းမဲ့ စီးနင်းကာ ရွာကို မီးရှို့ပြာချလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဧပြီ ၂၁ရက် မနက် ၉နာရီအချိန် ပုလဲမြို့နယ် အင်းမထီးရွာ ပျူစောထီးစခန်းက ထွက်လာတဲ့ စစ်အုပ်စုနဲ့ ပျူစောထီး အင်အား ၁၀၀ ကျော်ဟာ ကိုင်းတွင်းရွာကို စီးနင်းပြီးနောက် နေအိမ်တွေကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးတာလို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

“ကိုင်းတွင်းကျေးရွာမှာ လူမနေကြ။ စစ်ရှောင်နေရသည်မှာ ငါးနှစ်တာ ကာလာသို့ ရောက်ရှိနေပြီ”

စစ်အုပ်စုနဲ့ ပျူတွေဟာ ကိုင်းတွင်းရွာကို မကြာခဏ စီးနင်းမီးရှို့နေတာဖြစ်ပြီး မနေ့က မီးရှို့ရာမှာတော့ ကျေးရွာအတွင်း မီးမလောင်ဘဲ ကျန်နေသေးတဲ့ အိမ်ခြေ ၁၀၀ ကျော် ပြာကျကာ လက်ရှိမှာ ရွာလုံးကျွတ်နီးပါး ပြာကျသွားပြီလို့ ဆိုပါတယ်။

စစ်အုပ်ဟုဟာ သင်္ကြန်အကြိုနေ့ ဧပြီ ၁၂ရက်ကလည်း ပခုက္ကူမြို့၊ လေယာဉ်ကွင်းအနီးရှိ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေတဲ့ မြောက်လူးအိုင်ရွာကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

ပုလဲမြို့နယ်မှာတော့ ဧပြီ ၈ရက်က စတင်ကာ စစ်အုပ်စုက အင်အား အများအပြားနဲ့ အဖွဲ့တွေခွဲကာ ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့နေတာ ဖြစ်ပါတယ်။

ဧပြီ ၁၀ရက်ကလည်း ပုလဲနယ် သရက်ကန်ရွာအနီးမှာ စစ်အုပ်စု သတ်ဖြတ်စွန့်ပစ်ခဲ့တဲ့ ရုပ်အလောင်း သုံးလောင်း တွေ့ရပြီး စစ်အုပ်စု လက်ထဲ ဖမ်းဆီးခံထားရသူတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စု ရန်ကြောင့် ပုလဲမြို့နယ်ရှိ မုံကြိုင်း၊ အိုင်ရောင်း၊ ကျေးသများ (အရှေ့နဲ့အနောက်)၊ ငှက်ပျောတော (တောင်၊ မြောက်နဲ့ ရွာသစ်)၊ ကမ္ဘားရပ်၊ ပုထိုးသာ၊ ရွာနောင်၊ မောင်းတုံ၊ ပုပ္ပါ၊ ဇီးဖြူကုန်း စတဲ့ ကျေးရွာတွေက ထောင်သောင်းချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေကြရပါတယ်။

ပုလဲနယ်ရှိ ဗိုလ်နဂါး ဦးဆောင်တဲ့ ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် – BNRA အခြေပြု လှုပ်ရှားခဲ့ရာ ကျေးရွာတွေ အပါအဝင် ပုလဲနဲ့ ယင်းမာပင်နယ်ရှိ ကျေးရွာတွေကို စစ်အုပ်စုက နယ်မြေစိုးမိုး ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေပြီး ဖေဖေါ်ဝါရီလက စတင်က လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလအတွင်း ပုလဲနယ် မြောက်ခြမ်း၊ ပုလဲနဲ့ ယင်းမာပင်နယ်အစပ် ကျေးရွာတွေဘက် စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုကို ဒေသခံ တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာ စစ်အုပ်စု ရှေ့ဆက် မတိုးနိုင်ဘဲ နောက်ပြန်ခေါက်သွားခဲ့ပြီးနောက် ယခု ထပ်မံကာ ဧပြီ ၈ရက်က စလို့ တကျော့ပြန် စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။

ပုလဲနယ်ရှိ ပြည်သူတွေ စစ်ဘေးရှောင်နေရတဲ့ ကိုင်းတွင်းရွာကို ဧပြီ ၂၁ရက်မှာ စစ်အုပ်စုက ထင်တိုင်းကျဲ မီးရှို့ဖျက်ဆီးခဲ့စဉ်/Photo – အညာမြေပုလဲ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #ယင်းမာပင် #စစ်ကိုင်း #ပုလဲ

Related Articles

Back to top button