ယင်းမာပင်မှာ စစ်အုပ်စု ညအချိန် ရုတ်တရက် စစ်ကြောင်းထိုးလို့ ပြည်သူတွေ ထွက်ပြေးရ၊
သုထက်/MFP၊ ဧပြီ – ၂၆
စစ်ကိုင်းတိုင်း၊ ယင်းမာပင်နယ်ထဲ အာဏာသိမ်း စစ်အုပ်စုက ညအချိန် ရုတ်တရက် စစ်ကြောင်းထိုး၊ ရန်ပြု သောင်းကျန်းတာကြောင့် ထောင်ချီတဲ့ ဒေသခံပြည်သူတွေ ဝရုန်းသုန်းကား စစ်ဘေးရှောင် ထွက်ပြေးနေရတယ်လို့ ကိုယ်တိုင် စစ်ဘေးရှောင်ရသူတွေက MFP ကို ပြောပါတယ်။
ဧပြီ ၂၅ရက် မနေ့က ည၈နာရီဝန်းကျင်မှာ ယင်းမာပင်နဲ့ မုံရွာမြို့နယ်အစပ်၊ ချင်းတွင်းမြစ်အနီး၊ အောင်ဇေယျမြို့သစ် ဒေသခေါ် အောင်ဇေယျ စစ်တပ် အကျိုးအကန်းကုန်းကနေ စစ်အုပ်စု အင်အား ၁၈၀ လောက် ယင်းမာပင်နယ်ထဲ စစ်ကြောင်းထိုးတာလို့ ဆိုပါတယ်။
“ကနီ (မြို့နယ်) ဘက် စစ်ကြောင်းထိုးမလား၊ ဘန့်ဘွေးပျူရွာ (ယင်းမာပင်နယ်) ဝင်မလား၊ စောင့်ကြည့်ရမယ်”လို့ ဒေသခံ စစ်ဘေးရှောင် အမျိူးသားတစ်ဦးက MFP ကို ပြောပါတယ်။
မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခက တဆင့် အောင်ဇေယျအကျိုးအကန်းကုန်းထဲ ပို့လွှတ်ထားတဲ့ စစ်အုပ်စုဟာ မနေ့က ညပိုင်းအချိန် ဟောင်ဝှစ်ဇာ လက်နက်ကြီး အပါအဝင် ကား ခြောက်စီးနဲ့ မုံရွာ – ယာကြီး – ကလေးဝ လမ်းပိုင်းအတိုင်း အနောက်အရပ်ကို ဦးတည်ကာ စတင် စစ်ကြောင်းထိုးတာလို့ ဆိုပါတယ်။
စစ်အုပ်စု အန္တရာယ်က ကင်းလွတ်ဖို့ ယင်းမာပင်မြိူ့နယ်ရှိ ကွေ့ချောင်း၊ စုန်းချောင်း၊ မယဇောတောတိုက်၊ နဘူးတော စတဲ့ ကျေးရွာတွေက ပြည်သူ ၅၀၀၀ နီးပါး မနေ့က ညပိုင်းကတည်းက အရေးပေါ် စစ်ဘေးရှောင် ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုဟာ ယင်းမာပင်နယ်ထဲ စစ်ကြောင်းထိုးတိုင်း လမ်းတလျှောက် ကျေးရွာတွေကို စီးနင်းကာ တွေ့သမျှလူ ဖမ်းဆီးသတ်ဖြတ်၊ ဓားစာခံ လူသားဒိုင်းကာ အဖြစ် အသုံးချသလို အိမ်မီးရှို့တာ၊ နေအိမ်တွေ ဖောက်ထွင်းပြီး တန်လိုးရှိပစ္စည်းတွေ ထိုးယူတာ၊ ဒေသခံတွေ မွေးမြူထားတဲ့ ကြက်၊ဝက်၊ နွား စတာတွေကို ဖမ်းဆီးသတ်ဖြတ် စားသောက်တာတွေ ထင်တိုင်းကျဲ ကျူးလွန်လေ့ရှိပါတယ်။
စစ်အာဏာသိမ်းတဲ့ ငါးနှစ်အတွင်း ယင်းမာပင်နယ် အပါအဝင် နိုင်ငံတဝန်းရှိ မြို့၊ရွာတွေကို မင်းအောင်လှိုင် ဦးအောင်တဲ့ စစ်အုပ်စုက စီးနင်းလုယက် မီးရှို့ဖျက်ဆီးလို့ အိမ်ခြေ တစ်သိန်းကျော် ပြာကျပျက်စီးခဲ့ပြီး ဖြစ်ပါတယ်။
စစ်အုပ်စု ရန်က လွတ်ဖို့ ညအချိန် ဝရုန်းသုန်းကာ စစ်ဘေးရှောင် ထွက်ပြေးနေရတဲ့ ယင်းမာပင်နယ်က ပြည်သူတွေ/Photo – သုထက်/MFP
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #ယင်းမာပင် #စစ်ကိုင်း #ပုလဲ



