ပုလဲနဲ့ ယင်းမာပင်နယ်စပ် စစ်အုပ်စု ရွာစဉ်ပတ်မွှေလို့ ပြည်သူ ထွက်ပြေးရတာ ရက် ၂၀ ကျော် လာ၊

စစ်အုပ်စုက ရွာမီးရှို့၊ လူသတ်၊ နေအိမ်တွေ ဖောက်ထွင်းခိုးယူနေ၊
သုထက်/MFP၊ ဧပြီ – ၂၆
စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ပုလဲမြို့နယ်အစပ်၊ ယင်းမာပင်နယ် အနောက်ခြမ်းကို အာဏာသိမ်း စစ်အုပ်စုက လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေကာ မီးရှို့၊ လုယက်၊ တွေ့သမျှလူ ဖမ်းဆီးသတ်ဖြတ်နေလို့ ပြည်သူတွေ ထွက်ပြေးနေရတာ ရက် ၂၀ ကျော်ကြာ ရှိလာပြီ ဖြစ်တယ်လို့ ဒေသခံ သတင်းရင်းမြစ်က MFP ကို ပြောပါတယ်။
သင်္ကြန်မတိုင်ခင် ဧပြီ ၈ ရက်က စပြီး စစ်အုပ်စုက အင်အား ၇၀၀ လောက်အထိ သုံးကာ အဖွဲ့တွေခွဲပြီး ယင်းမာပင်နဲ့ ပုလဲမြို့နယ်အစပ် ကျေးရွာတွေကို ရွာစဉ်ပတ်မွှေနေတာလို့ ဆိုပါတယ်။
စစ်အုပ်စုဟာ သင်္ကြန်ကာလအတွင်း ယင်းမာပင်မြို့နယ်၊ လည်ငေါက်ရွာကို အကြိမ်ကြိမ် မီးရှို့ ဖျက်ဆီးသလို တမာပင်ခွရွာ၊ အေးကုန်းရွာနဲ့ ပုလဲမြို့နယ် သရက်ကန်ရွာတို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ ပါတယ်။
ဒါ့အပြင် ဧပြီ ၁၀ရက်က ပုလဲမြို့နယ် သရက်ကန်ရွာအနီး စစ်အုပ်စု သတ်ဖြတ်စွန့်ပစ်ခဲ့တဲ့ ဒေသခံ ပြည်သူ အမျိုးသား သုံးဦးရဲ့ အလောင်းတွေ တွေ့ရှိရသလို ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းဆီး ခံထားရသူတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ယင်းမာပင်နယ်အနောက်ခြမ်း ရွာစဉ်ပတ်မွှေတဲ့ စစ်အုပ်စု စစ်ကြောင်းတွေဟာ ပြန်ပေါင်းလိုက်၊ ပြန်ခွဲလိုက်၊ ခိုးရာပါ ပစ္စည်းတွေ ယင်းမာပင်မြို့ပေါ် ပြန်ပို့လိုက်နဲ့ ယနေ့အချိန်ထိ ရက် ၂၀ ကျော်ကြာ ဆက်လက် ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့နေဆဲလို့ ဆိုပါတယ်။
“စစ်ကြောင်းက ယင်းမာပင်မှာ ပေါင်းတယ်၊ ကျေးရွာ သုံးရွာလောက် တပ်စွဲလိုက်၊ ပြည်သူပိုင် ပစ္စည်းတွေ ခိုးလိုက်၊ ယင်းမာပင်မြို့ကို ကားနဲ့သယ်လိုက် လုပ်နေတယ်” လို့ စစ်ဘေးရှောင်နေရသူစ်ဦး MFP ကို ပြောပါတယ်။
ပုလဲနဲ့ ယင်းမာပင်နယ်အစပ် ရက် ၂၀ကျော်ကြာ ရွာစဉ်ပတ်မွှေတဲ့ စစ်အုပ်စုဟာ လက်ရှိမှာ ယင်းမာပင် မြို့နယ်ရှိ ဆင်စွယ်၊ ပြောင်းပြာ၊ အေးကုန်းနဲ့ ရင်ပေါင်တိုင်ကျေးရွာတွေထဲ ပြန်စုနေပြီး တချို့ကတော့ ကျေးရွာတွေကနေ ဖောက်ထွင်းလုယက်လာတဲ့ ပစ္စည်းတွေကို ကားတွေနဲ့ တင်ကာ ယင်းမာပင်မြို့ဆီ ပို့နေကြတယ်လို့ ဆိုပါတယ်။ ယင်းမာပင်မြို့ပေါ်မှာလည်း တရုတ်ပိုင် ဝမ်ပေါင်ကြေးနီစက်ရုံ ဂိတ်အစောင့် စစ်အုပ်စုတွေနဲ့ အင်အားထပ်ဖြည့်ထားပြီး ဒေသတွင်း ဆက်လက် ရွာစဉ်ပတ်မွှေ ရန်ပြုနေတယ်လို့ ဆိုပါတယ်။

စစ်အုပ်စု ရန်ကြောင့် ယင်းမာပင်နယ်ရှိ မြို့ကြီး၊ လက်လှုပ်၊ စားတော်ပြင်၊ ပြောင်းပြာ၊ ကုန်းရွာ၊ ပေါက်ပန်းဖြူ၊ ဇီးတော၊ အေးကုန်း၊ ရင်ပေါင်တိုင်၊ ဆင်ဆွယ်၊ အင်တော၊ မင်းမကုန်း၊ ရွှေလံ၊ ဆင်တဲ၊ နှုံးတန်း၊ ညောင်တန်း၊ ပုထိုးသာ၊ ဇီးဖြူကုန်း၊ မောင်းတုံ၊ ပုပ္ပါ၊ ကမ္ဘားရပ် စတဲ့ ကျေးရွာတွေက ပြည်သူ ၃၀,၀၀၀ ကျော် ထွက်ပြေးနေကြရပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေဟာ ရာသီဥတုပူပြင်းတဲ့ဒဏ်ကိုလည်း ခံစားနေကြရပြီး ကျန်းမာရေး ထိခိုက်မှုတွေ ရှိကာ အမိုးအကာ၊ အစားအသောက်၊ ဆေးဝါး စတာတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“ဆိုးရွားတဲ့ ရာသီဥတု ပူပူလောင်လောင် ထဲမှာ စစ်ရှောင်နေကြရတယ်။ အဲ့ဒီတော့ စစ်ရှောင်တွေအတွက်က ဆေးဝါးတွေ၊ ဓာတ်ဆားတွေ၊ စားနပ်ရိက္ခာတွေလည်း လိုအပ်နေတယ်။ နောက်ပြီးတော့ အမျိုးသမီးတွေ ပါနေတဲ့အတွက် အမျိုးသမီး အသုံးအဆောင်တွေကလည်း ဝယ်ဖို့ အရမ်းကို ခက်ခဲတယ်။ အမျိုးသမီးတွေ အတွက်လည်း လိုအပ်ချက်တွေ အများကြီးရှိတယ်။ နောက်ပြီးတော့ သက်ကြီးရွယ်အိုတွေ၊ နို့တိုက်မိခင်တွေ၊ ကလေးငယ်လေးတွေပါ စစ်ရှောင်နေရတော့ ဆေးဝါး ထောက်ပံ့မှုတွေလည်း အရမ်းကို လိုအပ်နေပါတယ်”

တချိန်တည်းမှာပဲ စစ်ကြောင်းထိုးတဲ့ စစ်အုပ်စု မဟုတ်တဲ့ ပုလဲနယ် ဇီးဖြူကုန်းရွာ ပျူစခန်းထဲနေ စစ်အုပ်စုကလည်း ဧပြီလ ၂၁ ရက်မှာ ပုလဲနယ် ကိုင်းတွင်းရွာကို မီးရှို့ဖျက်ဆီးတာကြောင့် အိမ်ခြေ ၁၅၀ ကျော် ပြာကျခဲ့ပါသေးတယ်။
ပုလဲနဲ့ ယင်းမာပင်နယ်အစပ် ရွာစဉ်ပတ်မွှေတဲ့ စစ်အုပ်စုဟာ လေကြောင်းကနေလည်း ရွာတွေကို ဗုံးပတ်ကြဲနေပြီး ဧပြီ ၁၂ရက်က လည်ငေါက်ရွာနဲ့ အနီးဝန်းကျင် ကျေးရွာတွေကို ဂျိုင်အိုကော်ပတာ သုံးစီး၊ ဂျက်ဖိုက်တာ တိုက်လေယာဉ် နှစ်စီးနဲ့ ဗုံးပတ်ကြဲရာ ငါးမောင်ရွာထဲ အိမ်တစ်အိမ်မှာ ရှိနေတဲ့ မြေးအဖိုး သုံးဦး ထိမှန်ပြီး အသက် ၁၄နှစ်အရွယ် မိန်းကလေး သေဆုံးကာ ကျန်တဲ့ အသက် ၇၀အရွယ် အဖိုးနဲ့ အသက် ၁၁နှစ်အရွယ် မြေးမိန်းကလေးတို့ ဒဏ်ရာရခဲ့ပါတယ်။
ပုလဲနယ်ရှိ ဗိုလ်နဂါး ဦးဆောင်တဲ့ ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် – BNRA အခြေပြု လှုပ်ရှားခဲ့ရာ ကျေးရွာတွေ အပါအဝင် ပုလဲနဲ့ ယင်းမာပင်နယ်ရှိ ကျေးရွာတွေကို စစ်အုပ်စုက နယ်မြေစိုးမိုး ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေပြီး ဖေဖေါ်ဝါရီလက စတင်က လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေတာ ဖြစ်ပါတယ်။


ယင်းမာပင်နယ်ထဲ စစ်အုပ်စု ရွာစဉ်ပတ်မွှေ ရန်ပြုလို့ ထွက်ပြေးနေရတဲ့ ပြည်သူတွေ/Photo – ဒေသခံ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #ယင်းမာပင် #စစ်ကိုင်း #ပုလဲ



