မကွေးသတင်း

ပွင့်ဖြူနဲ့ ဆင်ပေါင်ဝဲမှာ စစ်အုပ်စုက လက်နက်ကိုင်အဖွဲ့တွေ ထပ်တိုးဖွဲ့၊

ပွင့်ဖြူမြို့ကို ပြီးခဲ့တဲ့လအတွင်း တော်လှန်ရေးတပ်တွေ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲဖူး၊

ဝင်းသိန်း/MFP ၊ ဧပြီ – ၂၇

​မကွေးတိုင်း၊ ပွင့်ဖြူမြို့နဲ့ ဆင်ပေါင်ဝဲမြို့တွေမှာ အရံမီးသတ်နဲ့ ပျူစောထီးနောက်လိုက်တွေကို အာဏာသိမ်း စစ်အုပ်စုက ပြည်သူ့လုံခြုံရေးအဖွဲ့ အမည်ခံ အပြာရောင်ယူနီဖောင်းဝတ် အဖွဲ့တွေ ထပ်မံ ဖွဲ့စည်းနေပြီး လက်နက်တပ်ဆင်ဖို့ သင်တန်းတွေ ပေးနေတယ်လို့ သတင်းရရှိပါတယ်။

ပြည်သူ့လုံခြုံရေးအဖွဲ့ အမည်ခံ အပြာယူနီဖောင်းဝတ် အဖွဲ့တွေကို ၂၀၂၄ နှစ်ကုန်ပိုင်းက စတင်ကာ နိုင်ငံတဝန်းရှိ စစ်အုပ်စု ကြီးစိုးရာ မြို့၊ရွာတွေမှာ ဖွဲ့စည်းနေတာ ဖြစ်ပြီး အဲ့ဒီအဖွဲ့ဝင်တွေကို စစ်အုပ်စု အုပ်ချုပ်ရေးမှူးက ပြည်သူတွေကို ဧည့်စာရင်းစစ်ချိန်၊ ဂိတ်ဖွင့်စစ်ဆေးချိန်၊ ပေါ်တာဆွဲချိန်နဲ့ ရုံးအစောင့် ခိုင်းဖတ်တွေအဖြစ် အသုံးပြုတာ ဖြစ်ပါတယ်။

ပွင့်ဖြူနဲ့ ဆင်ပေါင်ဝဲမြို့တွေမှာ ဖွဲ့စည်းထားတဲ့ အပြာယူနီဖောင်းဝတ် အဖွဲ့တွေထဲက ပွင့်ဖြူမြို့နယ်က ၅၀ဦးနဲ့ ဆင်ပေါင်ဝဲမြို့နယ်က ၈၇ ဦး၊ စုစုပေါင်း ၁၃၇ ဦးကို လေးပတ်ကြာ စွမ်းရည်မြှင့် သင်တန်း ပေးနေပြီး ဒီကနေ့ ဧပြီ ၂၇ရက်မှာ သင်တန်း စဖွင့်တယ်လို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။

သင်တန်းတွေကို ပွင့်ဖြူမှာတော့ မြို့နယ်ထွေအုပ်ရုံး၊ ဗိုလ်ဥတ္တမခန်းမမှာ ပြုလုပ်တာဖြစ်ပြီး ဆင်ပေါင်ဝဲမှာတော့ စစ်အုပ်စုရဲ့ လက်နက်စက်ရုံ ကပစ ၈၊ တပ်ရင်းခန်းမမှာ လုပ်နေတာလို့ ဆိုပါတယ်။

အဲ့ဒီ အပြာယူနီဖောင်းဝတ် အဖွဲ့တွေဟာ ပျူစောထီးလို့ စစ်အုပ်စု အောက်က မဟုတ်ဘဲ ထွေအုပ်က လိုရာခိုင်းဖို့ ဖွဲ့ထားတဲ့ အဖွဲ့တွေသာ ဖြစ်ပေမဲ့ မြို့ပေါ် ကင်းလှည့်ရာတွေမှာ အသုံးချသလို အသေခံ စစ်သား လိုအပ်နေတဲ့ စစ်အုပ်စုကလည်း တချို့ကို ရှေ့တန်းကင်းစခန်းတွေဆီ ပို့လွှတ်တာမျိုး ရှိတယ်လို့ ပွင့်ဖြူဒေသခံ တော်လှန်ရေး ရဲဘော်တစ်ဦးက MFPကို ပြောပါတယ်။

“ဒီကောင်တွေက အင်အားကို တစ်သိန်းကျော်အထိ တိုးချဲ့ပြီး လက်နက်တပ်ပေးဖို့ ကြိုးစားနေတာပါ။ အခု ပွင့်ဖြူနဲ့ ဆင်ပေါင်ဝဲမှာတင် လူ ၁၃၀ ကျော်ကို လက်နက်ကိုင်ခိုင်းဖို့ သင်တန်းပေးနေပြီ။ စစ်ကောင်စီက သူတို့ကိုယ်တိုင် မတိုက်ရဲတော့လို့ အရပ်သားတွေကို သေနတ်ပေးပြီး အသေခံ ခိုင်းနေတာပဲ။ ဒီလောက် လူဦးရေကို လက်နက်တပ်ပေးလိုက်ရင် ဒေသခံတွေအတွက်ကတော့ သေနတ်ပြပြီး ခြိမ်းခြောက် ငွေတောင်းတာတွေ ပိုဆိုးလာတော့မှာ” လို့ သူက ဆိုပါတယ်။

အဲ့ဒီ အပြာယူနီဖောင်းဝတ်တွေကို စစ်အုပ်စုက လစာ၊ ခံစားခွင့်မပေးဘဲ ပြည်သူကို ဖမ်းဆီးငွေညှစ်တာနဲ့ လောင်းကစားဝိုင်းတွေဆီက ဆက်ကြေးကောက်တာမျိုးတွေ ခွင့်ပြုထားတာမျိုး ဖြစ်မယ်လို့ ဒေသခံတချို့က သုံးသပ်ပါတယ်။

စစ်အုပ်စုဟာ ပြီးခဲ့တဲ့လပိုင်းတွေကစပြီး မကွေးတိုင်းအတွင်းရှိ ကျေးရွာနဲ့ မြို့ပေါ်ရပ်ကွက်တွေမှာ ပြည်သူ့ လုံခြုံရေးအဖွဲ့ ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ လူအင်အား စုဆောင်းတာနဲ့ လက်နက် တပ်ဆင်ပေးတာတွေကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

ပွင့်ဖြူမြို့ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာလအတွင်း တော်လှန်ရေး တပ်တွေရဲ့ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲခံရဖူးတဲ့ မြို့ ဖြစ်ပါတယ်။

ပွင့်ဖြူမြို့ အပါအဝင် စလင်း၊ ဆိပ်ဖြူ၊ ဆင်ဖြူကျွန်း၊ စလေနဲ့ ချောက်မြို့၊ စုစုပေါင်း မြို့ခြောက်မြို့ကို သိမ်းပိုက်နိုင်ရေး ဒီဇင်ဘာ ၂၃ရက်က စတင်ကာ ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF ၊ မကွေးတိုင်းစစ်ဌာရဲ့ ဦးစီးကွပ်ကဲမှုနဲ့ တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ – NUG၊ ကာကွယ်ရေးဝန်ကြီးဌာန – MOD က ပြီးခဲ့တဲ့ ဒီဇင်ဘာ လအတွင်း သတင်း ထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒီ မြို့သိမ်းတိုက်ပွဲ စစ်ဆင်ရေးတွေ မအောင်မြင်ခဲ့ဘဲ လက်ရှိမှာတော့ စစ်အုပ်စုက အရံမီးသတ်နဲ့ ပျူစောထီး နောက်လိုက်တွေကို သင်တန်းပေးကာ လက်နက်ကိုင်အဖွဲ့သစ်တွေ တိုးချဲ့ဖွဲ့စည်းပြီး ပြည်သူကို ဖမ်းဆီး၊ ငွေညှစ်၊ ရန်ပြုနေတာ ဖြစ်ပါတယ်။

ပွင့်ဖြူမြို့မှာ စစ်အုပ်စု ထွေအုပ် လက်ကိုင်တုတ် အပြာယူနီဖောင်းဝတ် အဖွဲ့တွေကို သင်တန်း ပေးနေစဉ်/Photo – စစ်အုပ်စု

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button