စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

ယင်းမာပင်နဲ့ ကနီနယ်အစပ်ကို စစ်အုပ်စု အင်အား ၃၀၀ လောက်နဲ့ စစ်ကြောင်းထိုး၊

ကျေးရွာတွေ စီးနင်းလုယက် ဖောက်ထွင်းခိုးယူကာ တန်ဘိုးရှိ ပစ္စည်းတွေ ပျူစခန်းထဲ သယ်ယူ၊

သုထက်/MFP၊ ဧပြီ – ၂၇

စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ကနီမြို့နယ်အစပ်ကို အာဏာသိမ်း စစ်အုပ်စုက မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ ကတဆင့် သံပြာကာကား အစီး ၂၀ခန်ွှ အပါအဝင် အင်အား ၃၀၀ လောက်နဲ့ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်က MFP ကိုပြောပါတယ်။

ဧပြီ ၂၅ ရက် ည ၈နာရီအချိန်မှာ နမခ ကနေတဆင့် ချင်းတွင်းတံတားကို ဖြတ်ကာ ဟောင်ဝစ်ဇာပါ သံပြားကာ ကား ခြောက်စီးနဲ့ ယင်းမာပင်မြို့နယ် ကွေ့ချောင်းရွာအနီးမှာ တထောက်နားပြီးနောက် ဧပြီ ၂၆ ရက် မနက်ပိုင်းမှာ နမခကနေ နောက်ထပ် သံပြားကာကား ၁၂စီးနဲ့ ထပ်မံ အင်အားထပ်ဖြည့်ပြီး ယင်းမာပင်နယ်ထဲ စစ်ကြောင်းထိုးတာလို့ ဆိုပါတယ်။

အဲ့ဒီ စစ်အုပ်စုဟာ ဧပြီ ၂၆ရက် မနေ့က ယင်းမာပင်မြို့နယ် နဘူးတောရွာကို စီးနင်းဝင်မွှေကာ နေအိမ်တွေ ဖောက်ထံင်းခိုးယူ လုယက်ပြီးနောက် တန်ဘိုးရှိတဲ့ ပြည်သူပိုင်ပစ္စည်းတွေကို ကားတွေနဲ့တင်ကာ ဘန့်ဘွေးရွာ ပျူစခန်းထဲ သယ်ထုတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အင်အားက ၃၀၀ ကျော်မှာ၊ ဒီနေ့ (ဧပြီ၂၇) မနက် ဘန့်ဘွေးကနေ ထွက်ပြီး တရော်ကျင်းရွာကို ဝင်မွှေနေတယ်” လို့ ဒေသခံ အမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။

တရော်ကျင်းရွာဟာ ယင်းမာပင်နဲ့ ကနီမြို့နယ်အစပ်မှာ တည်ရှိပြီး တရော်ကျင်းရွာကနေ အနောက်မြောက်ဘက်ကို ဆက်လက် စစ်ကြောင်းထိုးပါက ကနီနယ်ကို ရောက်ရှိမှာ ဖြစ်ပါတယ်။

စစ်အုပ်စု ရန်ကြောင့် ယင်းမာပင်မြို့နယ်ရှိ ကန်စု၊ တရော်ကျင်း၊ ညောင်ငုပ်တိုရွာနဲ့ ကနီမြို့နယ်ရှိ ချင်းရွာ၊ ချောင်းမရွာ၊ သင့်ဝံရွာ စတဲ့ ကျေးရွာတွေက ပြည်သူ ၈၀၀၀ ကျော် စစ်ဘေးရှောင် ထွက်ပြေး နေကြရပါတယ်။

ဧပြီ ၂၅ရက် ညပိုင်းကတည်းက စစ်အုပ်စု ရုတ်တရက် စစ်ကြောင်းထိုးလို့ ဝရုန်းသုန်းကား စစ်ဘေးရှောင် ထွက်ပြေးကြရတာ ဖြစ်ပြီး အမိုးအကာနဲ့ စားသောက်ရေး အခက်အခဲရှိတယ်လို့ ကိုယ်တိုင် စစ်ဘေးရှောင်ရသူတွေက ပြောပါတယ်။

စစ်အုပ်စုဟာ ယင်းမာပင်နယ်ထဲ စစ်ကြောင်းထိုးတိုင်း လမ်းတလျှောက် ကျေးရွာတွေကို စီးနင်းကာ တွေ့သမျှလူ ဖမ်းဆီးသတ်ဖြတ်၊ ဓားစာခံ လူသားဒိုင်းကာ အဖြစ် အသုံးချသလို အိမ်မီးရှို့တာ၊ နေအိမ်တွေ ဖောက်ထွင်းပြီး တန်ဘိုးရှိပစ္စည်းတွေ ခိုးယူတာ၊ ဒေသခံတွေ မွေးမြူထားတဲ့ ကြက်၊ဝက်၊ နွား စတာတွေကို ဖမ်းဆီးသတ်ဖြတ် စားသောက်တာတွေ ထင်တိုင်းကျဲ ကျူးလွန်လေ့ရှိပါတယ်။

ပြီးခဲ့တဲ့ မတ်လကလည်း ယင်းမာပင်နဲ့ ကနီနယ်အစပ် ကျေးရွာတွေကို စစ်အုပ်စု စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့တာတွေ ကျူးလွန်ခဲ့ပါသေးတယ်။

မတ်လအတွင်းက ယင်းမာပင်နဲ့ ကနီနယ်အစပ် ကျေးရွာတွေကို စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုနဲ့ ဧပြီ ၂၅ရက်က စစ်အုပ်စု ရန်ကြောင့် ထွက်ပြေးနေရတဲ့ ပြည်သူတွေ/Photo – ULF၊ သုထက်

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #ယင်းမာပင် #စစ်ကိုင်း #ပုလဲ

Related Articles

Back to top button