တီးတိန်မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်အုပ်စုဘက်က ဗိုလ်ကြီးတစ်ဦးအပါအဝင် ရှစ်ဦးသေဆုံး၊သေနတ်လေးလက်နဲ့ ကားတစ်စီး သိမ်းဆည်းရမိဟုဆို

ရွှေဥ/MFP၊ မေ-၇
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှာ စစ်အုပ်စုနဲ့ ချင်းတော်လှန်ရေးတပ်တွေအကြား တပတ်ကြာ တိုက်ပွဲတွေ ပြင်းထန်နေပြီး နှစ်ဖက်လုံးထိခိုက်သေဆုံးမှုတွေရှိကာ စစ်အုပ်စုဘက်က ဗိုလ်ကြီးတစ်ဦးနဲ့ ဗိုလ်တစ်ဦးအပါအဝင် ရှစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
မေလ (၆) ရက်နေ့မှာ ချင်းတော်လှန်ရေးတပ်တွေက စစ်အုပ်စု တပ်မ -၇၇ ဗိုလ်ကြီးတစ်ဦး ဦးဆောင်လာတဲ့ ယာဉ်တန်းတွေကို တီးတိန်မြို့နယ် ထေးဇန်ကျေးရွာနဲ့ ဟေရံဇိန် ကျေးရွာအနီးမှာ ကြားဖြတ်တိုက်ခိုက် ခဲ့တာဖြစ်ပြီး၊ စစ်အုပ်စုဘက်က ဗိုလ်ကြီးတစ်ဦး၊ဗိုလ်တစ်ဦးအပါအဝင် ရှစ်ဦးခန့် သေဆုံးခဲ့တယ်လို့ စစ်ရေးသတင်းရင်းတွေက ပြောပါတယ်။
အဆိုပါ စစ်အုပ်စုယာဉ်တန်းတွေထဲမှာ ကလေးမြို့ကနေ ရွှေ့ပြောင်းလာတဲ့ စစ်အုပ်စု ဗိုလ်ကြီးနဲ့ ဗိုလ်အဆင့် တာဝန်ရှိသူနှစ်ဦးအပါအဝင် စစ်အုပ်စုရဲ့ အုပ်ချုပ်ရေးယန္တရားတွေ လည်ပတ်နိုင်ဖို့ ပါဝင်ကူညီကြတဲ့ Non-CDM ဝန်ထမ်းတွေ ပါဝင်ပြီး၊ ဖလမ်းမြို့ကို ရွှေ့ပြောင်းဖို့ လုပ်ချိန်မှာ အခုလို ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

“တပ်မ (၇၇) က ဗိုလ်ကြီးပါတယ်။သေနတ် လေးလက်ရတယ်။ဖောကားနှစ်စီးပျက်စီးတယ်။တစ်စီးက သိမ်းဆည်းရတယ်။လေထန်ကုန်းတော့ သူတို့ရသွားပြီ”လို့ သူကဆိုပါတယ်။
ဒီလို တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် တီးတိန်မြို့နယ်အတွင်းမှာရှိတဲ့ ထေးဇံ ၊အာလွယ် ၊သိုင်းငင်း ၊လေထန်ကုန်း ၊ဆိုဇန်၊ထုတ်လိုင်၊ ခေါဆပ် စတဲ့ကျေးရွာတွေအပါအဝင် ကလေး-တီးတိန်၊လမ်းမကြီးတလျှောက် ကျေးရွာတွေ က ဒေသခံ သောင်းချီ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ တီးတိန်မြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။
“မြို့ပေါ်က ရှောင်ကြတာကြာပြီ၊သိုင်းငင်းတို့ လေထန်ကုန်းတို့ ထေးဇံန် ရွာတွေကလည်း လူမနေကြတော့တာ ကြာပြီ။ဆိုဇန်တို့ကတော့ အာလွယ်တို့လဲ အကုန်ပြေးနေကြရပြီ”လို့ အဆိုပါ ဒေသခံက ပြောပါတယ်။
တီးတိန်မြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ တပတ်ကျော်အကြာ တိုက်ပွဲတွေအတွင်းမှာ ချင်းတော်လှန်ရေးတပ်တွေ ဘက်ကလည်း ကျဆုံးမှုတွေရှိခဲ့ပြီး ချင်းညီနောင် CNDF -CDF_Zotung ရဲဘော် ဆလိုင်းထန်သိန်းမန် ၊CDF- ပလက်ဝ ရဲဘော် -ဆလိုင်းနီစန်းဦး (Salai Ne San Oo) CNDF-ရဲဘော် ဆလိုင်းဂျယ်ရီ (Salai Jerry) တို့လေးဦးလည်း ကျဆုံးခဲ့ပါသေးတယ်။
အခုလိုနှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာ ဖလမ်းမြို့နယ်နဲ့ တီးတိန်မြို့နယ်အတွင်းမှာ စစ်အုပ်စုရဲ့ ဗုံးကြဲတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် တပတ်အတွင်း ဒေသခံပြည်သူ ကိုးဦးထက်မနည်းလည်း သေဆုံးထားတာပါ။

မေ (၂) ရက်နေ့က တီးတိန်မြို့အထွက်မှာရှိတဲ့ ဓါတ်ဆီဆိုင်ကို စစ်အုပ်စုတပ်တွေက မြို့ပေါ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ဓါတ်ဆီဆိုင်အနီးမှာရှိတဲ့ အသက် (၁၃) ကလေးတစ်ဦး သေဆုံးခဲ့ပါတယ်။
ဖလမ်းမြို့နယ်မှာလည်း မေလ(၁)ရက်နေ့က ဟွာငိုရမ်းဒေသ ခေါ်ပွီးချိပ်ရွာ (Khawpuichiip ) ဘော်လီဘောကွင်းကို စစ်အုပ်စုတပ်တွေက ဂျက်ဖိုက်တာတစ်စီးနဲ့ ပေါင် (၅၀၀) ဗုံးသီးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဘောလီဘောကွင်းထဲမှာ ကစားနေတဲ့ ကလေးငယ် (၆) ဦးနဲ့ အသက် (၂၉) နှစ် အမျိုးသားတစ်ဦး စုစုပေါင်း ခုနှစ်ဦး သေဆုံးခဲ့ပါတယ်။
အလားတူ ဧပြီ (၃၀) ရက်နေ့ကလည်း ဖလမ်းမြို့နယ် တားလ်ကျေးရွာကို စစ်အုပ်စုတပ်တွေက ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်တာကြောင့် အသက် (၁၇)နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး သေဆုံးခဲ့ပါသေးတယ်။
ချင်းပြည်နယ်မှာ ချင်းတော်လှန်ရေးတပ်တွေက မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ တွန်းဇံ၊ ကျီခါး၊ ရိဒ်ခေါ်ဒါရ်၊ လိုင်လင်းပီ၊ ကျင်ဒွေး၊ မကွီးအိမ်နူး၊ နှာရိန်၊ ရေဇွာ၊ ဆူရ်ခွား မြို့တွေကို သိမ်းပိုက် ထိန်းချုပ်ထားပြီး၊ပလက်၀မြို့နဲ့ ဆမီးမြို့တွေကိုတော့ အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားပါတယ်။ ဟားခါး၊ထန်တလန်၊တီးတိန် ၊ခိုင်ကမ်း ၊ဝေဘူလမြို့ နဲ့ ဖလမ်းမြို့တွေကိုတော့ စစ်အုပ်စုက ပြန်လည်ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
တီးတိန်မြို့နယ် တိုက်ပွဲတွေမှာ သေဆုံးသွားတဲ့ စစ်အုပ်စုဗိုလ်ကြီးနဲ့ ကျဆုံးချင်းတော်လှန်ရေးရဲဘော်တွေကို တွေ့ရစဥ်/



