
MN/MFP ၊ မေ – ၈
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အနောက်ခြမ်း ဧရာဝတီမြစ်ကမ်းဘေးတလျှောက်က ကျေးရွာတွေကို စီးနင်းလုယက်မီးရှို့နေတဲ့ စစ်အုပ်စုဟာ သိမ်ရွာက ဒေသခံ အမျိုးသားတစ်ဦးကို နေအိမ်ထဲမှာ ခန္ဓာကိုယ်ကို နှစ်ပိုင်းပိုင်းပြီး သတ်ဖြတ်သွားခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
မြင်းခြံနယ်အနောက်ခြမ်း ဧရာဝတီမြစ်ကမ်းဘေးက ကျေးရွာတွေနဲ့ မြင်းခြံ-ဆီမီးခုံ ကားလမ်းနံဘေးက ကျေးရွာတွေကို စစ်အုပ်စုက စစ်ကြောင်းနှစ်ခုဖြန့်ခွဲကာ မေ ၁ ရက်ကနေ မနေ့က ၇ ရက်ထိ တစ်ပတ်တာ စစ်ကြောင်းထိုး စီးနင်းလုယက်မီးရှို့ခဲ့တာပါ။
အခုလို စစ်အုပ်စုရဲ့ ဖမ်းဆီးသတ်ဖြတ်တာကို ခံရတဲ့ အမျိုးသားရဲ့ ရုပ်အလောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက မေလ ၅ ရက်နေ့က နယ်မြေရှင်းလင်းရေးဝင်ရောက်စဉ်မှာ တွေ့ရှိခဲ့တာဖြစ်တယ်လို့ လူငယ်ရဲဘော်တစ်ဦးက MFP ကို ပြောပါတယ်။
“သူ့အလောင်းကိုတော့ ကျွန်တော်တို့အဖွဲ့တွေ ရှင်းလင်းရေးဝင်မှ တွေ့ရတာ။ နှစ်ပိုင်းပိုင်းပြီးတော့ အသတ်ခံထားရတာ။ သူ့အသက်အရွယ်ကတော့ ၄၀ ကျော်လောက်ပဲ ရှိဦးမယ်။ အိမ်ထဲမှာပဲ (စစ်အုပ်စု)ဖမ်းမိသွားပြီးတော့ အသတ်ခံရတာ။ စစ်ကြောင်းက ရွာပေါင်း ၂၀ ကျော်ကို အကုန်လုံး ဖြန့်ပြီးတော့ ဝင်သွားတာ။ အခု အမျိုးသားအသတ်ခံရတဲ့ သိမ်ရွာဆိုတာက မရိုးကုန်း၊ ကျားတိုင်း ဆင်းဂွတ် အဲဒီရွာတွေနဲ့က ဖိုခနောက်ဆိုင်လိုဖြစ်နေတာ။ ရွာတွေကလည်း ကပ်နေတာဆိုတော့ စစ်ကြောင်းဝင်လာချိန်မှာ တချို့က မပြေးနိုင်လို့ ဖမ်းမိသွားတာတွေလည်း ဖြစ်နိုင်တာပေါ့”လို့ သူက ပြောပါတယ်။
ဒီလို တစ်ပတ်ကြာ စစ်ကြောင်းထိုးစဉ်အတွင်း မေလ ၄ရက်နေ့မှာတော့ စစ်အုပ်စုဟာ အဲဒီသိမ်ရွာကပဲ အသက် ၂၀ ဝန်းကျင်အရွယ် အပျိုမိန်းကလေးနှစ်ဦးနဲ့ အသက် ၄၅ နှစ်ဝန်းကျင်အရွယ် အိမ်ထောင်သည် အမျိုးသမီးတစ်ဦးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်သွားခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို အတည်ပြုပြောကြားပါတယ်။
ဒါ့အပြင် မေ ၄ ရက်နေ့ တစ်ရက်တည်းမှာပဲ မရိုးကုန်းရွာထဲကို ပစ္စည်းပြန်ဝင်ယူတဲ့ အသက် ၃၀ ကျော်အရွယ် အပျိုမိန်းကလေးကိုပါ စစ်အုပ်စုတွေက အဓမ္မပြုကျင့်သွားခဲ့တယ်လို့ မရိုးကုန်းရွာခံတစ်ဦးက ဆိုပါတယ်။
“အဲဒီအမျိုးသမီး (စစ်အုပ်စု အဓမ္မပြုကျင့်မှုခံရသူ) ဆိုရင် စိတ်တွေကစဉ့်ကလျား ဖြစ်နေတာ။ ယောကျ်ားလေးတွေ့ရင်ကို ငါ့ကိုဆွဲခေါ်နေကြပြီဆိုပြီးတော့ သူက ကြောက်လန့်နေတာ။ အတော်လေးလည်း အကြောက်ကြီးနေတာတွေ့ရတယ်။ ယောကျ်ာလေးမြင်ရင်ကို သူ့မှာ အကြောက်ကြီးနေတာ။ လက်ရှိမှာကတော့ သူ့ရဲ့မိသားစုတွေကပဲ အနီးကပ်စောင့်ကြည့်ပေးနေတာ ”လို့ သူက ပြောပါတယ်။
လက်ရှိမှာတော့ မြင်းခြံနယ်ထဲ စစ်ကြောင်းထိုး မီးရှို့ ၊လူသတ်၊ မုဒိမ်းကျင့်၊ လုယက်နေတဲ့ စစ်အုပ်စု စစ်ကြောင်းနှစ်ခုထဲ တစ်ကြောင်းက ဆီမီးခုံမြို့ထဲနဲ့ နောက်ထပ်စစ်ကြောင်းက နဘူးအိုင်ရွာထဲကို ဝင်ရောက်သွားပြီလို့ ဒေသခံတွေက ဆိုပါတယ်။
မေလ ၁ရက်နေ့ကလည်း အဲဒီစစ်ကြောင်းစထိုးချိန်နဲ့ ကြုံတွေ့ခဲ့တဲ့ ဆင်ချောင်းရွာနဲ့ မရိုးကုန်းရွာတို့က မင်္ဂလာဆောင်တွေလည်း ပျက်သွားခဲ့သလို၊ ဆင်းဂွတ်ရွာက အလှူပွဲလည်း ပျက်သွားခဲ့ရပါတယ်။
စစ်အုပ်စုဟာ အဆိုပါ ကျေးရွာတွေကို စီးနင်းဝင်ရောက်ချိန်မှာ နေအိမ်တွေက တန်ဖိုးကြီးပစ္စည်းတွေကို တနေကုန် စိတ်တိုင်းကျ လုယက်သယ်ဆောင်ပြီးနောက် အလှူပွဲနဲ့ မင်္ဂလာပွဲတွေအတွက် ပြင်ဆင်ထားတဲ့ အခမ်းအနားတွေကို မီးရှို့ဖျက်ဆီးခဲ့သလို အစားအသောက်တွေ၊အသံချဲ့စက်တွေ အပါအဝင် တန်ဖိုးရှိပစ္စည်းတွေကို သယ်ဆောင်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အဲဒီနေ့က မင်္ဂလာဆောင်မှာကျွေးဖို့ ဝက်သားက အချိန် ၂၇၀ လောက်ရှိတယ်။ အဲဒါ မကျွေးခဲ့လိုက်ရဘူး။ ဧည့်သည်တွေ ကျွေးမွေးဖို့ ပြင်ဆင်နေတုန်း စားမယ်အလုပ်မှာ အကုန်လုံး ပြန်ပြေးလာခဲ့ရတာ စစ်ကြောင်းထိုးတယ်ဆိုတော့။ ဘာမှမစားခဲ့ရဘူး။ အဲဒီမှာ ဆောင်းဘောက်(အသံချဲ့စက်)တွေရော အကုန်ထားခဲ့ပြီးတော့ ပြေးခဲ့ရတာ။ ကျွန်မတို့ရွာလိုပဲ ရွာတောင်ဘက် ရွာမှာလည်း အလှူရှိတယ်။ အဲဒီ အလှူကလည်း ဒီလိုပဲပြေးခဲ့ရတာ။ အဲဒီအလှူမှာက ငါးခြောက်ချက်ကျွေးတာ။ ငါးခြောက်ချက်မှ ဒယ်ကြီးတွေနဲ့ ရှစ်ဒယ် ချက်ထားတာ။ ဒီအတိုင်းပဲ အကုန်လုံးပစ်ထားခဲ့ပြီးတော့ ပြေးခဲ့ရတာ”လို့ မရိုးကုန်းရွာကနေ စစ်ရှောင်လာတဲ့ အမျိုးသမီးက MFP ကို ပြောပါတယ်။
မေ ၁ ရက်ကနေ ၇ ရက်နေ့ထိ မြင်းခြံနယ်ထဲ စစ်ကြောင်းထိုးခဲ့တဲ့ စစ်အုပ်စုနဲ့ပျူတွေဟာ ဆင်ချောင်း၊ ညောင်တို၊ မရိုးကုန်း၊ ဆင်းဂွတ် စတဲ့ ကျေးရွာတွေက နေအိမ်တွေကိုဖောက်ထွင်းခိုးယူပြီး အိမ်ခြေ ၆၀ ကျော်ကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောဆိုထားပါတယ်။

လက်ရှိမှာ စစ်အုပ်စု စစ်ကြောင်းတွေဟာ ဧရာဝတီမြစ်ကမ်းနံဘေးကျေးရွာတွေကနေ ထွက်ခွာသွားပြီဖြစ်ပေမယ့် ဒေသခံအများစုဟာ စစ်အုပ်စုရန်ကြောင့် နေရပ်မပြန်နိုင်သေးဘဲ ဘေးလွတ်ရာနေရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မြင်းခြံနယ်အနောက်ခြမ်း ဧရာဝတီမြစ်ရိုးတလျှောက်က ကျေးရွာတွေက ဆင်ချောင်း၊ ညောင်တို၊ ရန္တပို၊ ကိုင်း၊ ဂင့်ဂဲ၊ ရွာသစ်၊ သိမ်တိုင်၊ တောပု၊ တလုပ်၊ မရိုးကုန်း၊ ကျားတိုင်း၊ သိမ်၊ ဆင်းဂွတ်၊ ဖက်ပင်အိုင် စတဲ့ ကျေးရွာပေါင်း ၂၀ ကျော်က သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ စစ်အုပ်စုရန်ကြောင့် ဧရာဝတီမြစ်အနောက်ခြမ်း မြောင်နယ်နဲ့ တခြားဘေးလွတ်ရာနေရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာ အကူညီတွေလိုအပ်နေတယ်လို့ စစ်ရှောင်ပြည်သူတွေနဲ့ ကူညီထောက်ပံ့ပေးနေသူတွေက ဆိုထားပါတယ်။
မေလ(၁)ရက်နေ့က မြင်းခြံနယ် မရိုးကုန်းရွာက နေအိမ်တွေကို စစ်အုပ်စု စီးနင်းလုယက်မီးရှို့ဖျက်ဆီးသွားခဲ့စဉ်/ ဓာတ်ပုံ-ပေးပို့



