
မုံရွာမြို့အဝင် ငွေညှစ်ဂိတ်တွေကနေ မြို့အပြင်ဘက် ရွာတွေကို နေ့စဉ် လက်နက်ကြီးနဲ့ ပစ်ခတ်နေ၊
ဘုန်းစိုး/MFP၊ မေ – ၁၀
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ အာဏာသိမ်း စစ်အုပ်စုက မြို့အဝင်ငွေညှစ်ဂိတ်နဲ့ ကင်းစခန်းတွေကနေ အနီးဝန်းကျင် ကျေးရွာတွေကို နေ့စဉ်ရက်ဆက် လက်နက်ကြီးနဲ့ ရမ်းကားပစ်ခတ်နေပြီး မနေ့က မွန်းလွဲပိုင်း စစ်အုပ်စု အကြောင်းမဲ့ ပစ်ခတ်တဲ့ လက်နက်ကြီး ကျည်တွေ လူနေအိမ်တွေထဲ ကျရောက် ပေါက်ကွဲတာကြောင့် မြေးအဖွားနှစ်ဦး သေဆုံးကာ နောက်ထပ် ရွာခံပြည်သူ ခုနှစ်ဦး ဒဏ်ရာရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
မေလ ၉ရက် မွန်းလွဲ ၁နာရီကျော်အချိန် မုံရွာမြို့ ကျောက်စစ်ပုံအမြောက်တပ်ထဲနေ စစ်အုပ်စုက အနီးဝန်းကျင် ကျေးရွာတွေကို လက်နက်ကြီးနဲ့ ရမ်းကားပစ်ခတ်ရာ မုံရွာမြို့အရှေ့ဘက် ငါးမိုင်အကွာရှိ ဘူးတောင်းကန်ရွာထဲ ကျရောက် ပေါက်ကွဲပြီး ကလေးသူငယ် အပါအဝင် ရွာခံ ပြည်သူ ကိုးဦး သေဆုံး၊ ဒဏ်ရာရတာလို့ ဆိုပါတယ်။
ဘူးတောင်းကန်ကျေးရွာဘက်ကို စစ်အုပ်စုက လက်နက်ကြီး သုံးလုံး ပစ်ခတ်ခဲ့တာ ဖြစ်ပြီး နှစ်လုံးက ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။
“တိုက်ပွဲဖြစ်တာမရှိဘူး၊ အဲ့ဒီဘက်မှာ အဖွဲ့တွေဘက်က လှုပ်ရှားတာလည်း မရှိဘူးရယ်၊ ဒီအတိုင်း အကြောင်းမဲ့ ပစ်တာ၊ ရွာထဲ နှစ်လုံး ကျတယ်၊ တစ်လုံးက နေအိမ်ပေါ် တည့်တည့်ကျတာ၊ အဲ့အိမ်က မြေးအဖွား နှစ်ယောက် ဆုံးတယ်”

စစ်အုပ်စုက အကြောင်းမဲ့ လက်နက်ကြီးနဲ့ ရမ်းကားပစ်ခတ်လို့ ထိမှန်သေဆုံးသူတွေဟာ တစ်အိမ်တည်းနေ အသက် ရှစ်နှစ်အရွယ် မိန်းကလေးငယ်နဲ့ အဖွားဖြစ်သူ အသက် ၇၀အရွယ်တို့ ဖြစ်ပြီး နောက်ထပ် ရွာခံပြည်သူ အမျိုးသား သုံးဦးနဲ့ အမျိုးသမီး လေးဦးလည်း ထိခိုက်ဒဏ်ရာ ရတယ်လို့ ဆိုပါတယ်။
“ထိတာက ခုနှစ်ယောက် ရှိတယ်၊ တစ်ယောက်ကတော့ ထိတာ များတယ်၊ ကျန်တာတွေကတော့ အစအနတွေ မှန်တာ” လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။
မုံရွာမြို့နဲ့ ထိစပ်နေပြီး မြို့အရှေ့ဘက်မှာ ရှိတဲ့ ဘူးတောင်းကန်ကျေးရွာဟာ အာဏာသိမ်း စစ်အုပ်စု ကြီးစိုးထားရာ မုံရွာ စီးပွားရေးတက္ကသိုလ်အနီး တည်ရှိသလို ကျောက်စစ်ပုံ အမြောက်တပ်နဲပလည်း နီးကပ်တာကြောင့် စစ်အုပ်စုရဲ့ စီးနင်းလုယက် ဖောက်ထွင်းခိုးယူတာ၊ လက်နက်ကြီး ပစ်ခတ်တာတွေ မကြာခဏ ခံနေကြရတဲ့ ကျေးရွာဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ဖေဖော်ဝါရီလကလည်း အာဏာသိမ်း စစ်အုပ်စုက ဘူးတောင်းကန်ကျေးရွာကို စီးနင်းကာ တန်ဘိုးရှိ ပစ္စည်းတွေ ဖောက်ထွင်းခိုးယူပြီးနောက် ရွာကို မီးရှို့ဖျက်ဆီးရာ အိမ်ခြေ ၂၀ ကျော် ပြာကျ ပျက်စီးခဲ့ပါသေးတယ်။

စစ်အုပ်စုဟာ မုံရွာမြို့ စီးပွားရေးတက္ကသိုလ်နဲ့ ကျောက်စစ်ပုံ အမြောက်တပ် အပါအဝင် မုံရွာမြို့ အဝင်အထွက်ဂိတ်တွေ၊ မြို့အနီးရှိ လမ်းပန်းဆက်သွယ်ရေးအရ အချက်အချာကျတဲ့ ကျေးရွာတွေကို စီးနင်းကာ မုံရွာမြို့နဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ ရဲ့ ကာကင်းသဘောမျိုး ခံစစ်ပြင်ထားတယ်လို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။
အဲ့ဒီ မြို့အဝင်အထွက် ဂိတ်တွေနဲ့ ကာကင်းတွေထဲနေ စစ်အုပ်စုဟာ လမ်းသွားလမ်းလာတွေကို ဖမ်းဆီးငွေညှစ်တာ။ လက်နက်ပြ မိုက်ကြေးခွဲတာ၊ မူးရူးသောက်စားပြီး လက်နက်ကြီး ရမ်းကားပစ်ခတ်တာ၊ ရိက္ခာပြတ်ပြီး ငတ်လာတိုင်း အနီးဆုံးရွာကို စီးနင်းကာ ဖောက်ထွင်းလုယက် ခိုးယူတာတွေ ကျူးလွန်လေ့ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ နဲ့ ၂၀၂၅ အတွင်း မုံရွာမြို့နဲ့ ငါးမိုင်ပတ်လည်အတွင်းရှိ ကျေးရွာတွေကို စစ်အုပ်စုက နယ်မြေ ရှင်းလင်းရေးအဖြစ် ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ မီးရှို့တာတွေလည်း ကျူးလွန်ခဲ့ပါတယ်။


မုံရွာမြို့မှာ မေလ ၉ရက် နေ့လည်ပိုင်း အာဏာသိမ်း စစ်အုပ်စုက မြို့အပြင်ဘက်ရှိ ကျေးရွာတွေကို အကြောင်းမဲ့ လက်နက်ကြီး ရမ်းကားပစ်ခတ်လို့ ထိခိုက်၊ သေဆုံးတဲ့ ပြည်သူတွေ/Photo – ဒေသခံ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #စစ်ကိုင်း #မုံရွာ #ကျောက်စစ်ပုံ



