မကွေးသတင်း

ပေါက်နယ်မှာ စစ်အုပ်စု စစ်ကြောင်းကြောင့် တောထဲကစစ်ဘေးရှောင်တွေ ထပ်မံထွက်ပြေးနေကြရ၊ပေါက်နယ်အတွင်း စစ်အုပ်စုက ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်နေ

အီသာရမ်/MFP၊ မေ- ၁၂

မကွေးတိုင်း၊ပေါက်မြို့နယ်မှာ ရောက်နေတဲ့ စစ်အုပ်စု စစ်ကြောင်းကြောင့် ပေါက်မြို့နယ် အနောက်‌ပိုင်းက တောတောင်အတွင်း စစ်ဘေးရှောင်နေကြရတဲ့ ပြည်သူထောင်နဲ့ချီဟာ ထပ်မံထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

မေလ ၁၁ ရက်နေ့၊ မနေ့က ပေါက်မြို့နယ် အနောက်မြောက်ပိုင်းက ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ ၂၄ ကနေ ထွက်လာတဲ့ စစ်အုပ်စုခန့်မှန်းအင်အား ၃၀၀ ပါစစ်ကြောင်းကြောင့် တောတိုက်တွေအတွင်းမှာ စစ်ဘေးရှောင်နေကြရတဲ့ ပြည်သူ ၅၀၀၀ ခန့်ဟာ ထပ်မံစစ်ဘေးရှောင်ထွက်ပြေးနေကြရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“စစ်ကြောင်းမလာခင် ကြိုရှောင်ခဲ့ရတာပါ။ မိုးလေးရွာထားတော့ နည်းနည်းတော့ သွားရလာရ ခက်တာပေါ့ ။ စစ်ကြောင်းက နောက်ထပ်လည်းလာနိုင်သေးလို့ ရှောင်ရမှာ ကြာလောက်တယ်” လို့ သူကဆိုပါတယ်။

အခုထပ်မံ စစ်ဘေးရှောင်ကြရတဲ့ ပြည်သူတွေဟာ ကပစ-၂၄ ရဲ့ အနီးဝန်းကျင်ရှိ ကျေးရွာတွေကဖြစ်ပြီး စစ်အုပ်စုဟာ အဲဒီကျေးရွာတွေကို မကြာခဏဆိုသလို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေနဲ့ စစ်ကြောင်းဝင် ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်ခဲ့တာကြောင့် ဒေသခံတွေဟာ လွန်ခဲ့တဲ့ ၂နှစ်လောက် ကတည်းက ကျေးရွာတွေကနေ စွန့်ခွာပြီး နီးစပ်ရာတောတိုက်တွေအတွင်းမှာပဲ နေထိုင်နေကြရတာပါ။အခုအချိန်မှာတော့ အဆိုပါဒေသခံတွေဟာ မိုးထဲလေထဲမှာပဲ တောတိုက်တွေအတွင်းကနေ ထပ်မံထွက်ပြေး တိမ်းရှောင်နေ ကြရတာလည်းဖြစ်ပါတယ်။

ခန့်မှန်းအင်အား ၅၀၀ ပါတဲ့ စစ်အုပ်စု စစ်ကြောင်းဟာ မန္တလေးတိုင်းထဲကနေ ပေါက်မြို့နယ်တောင်ပိုင်းက ဆိပ်ဖြူမြို့နယ် ကပစ-၂၂ ကို ပို့ဆောင်ခဲ့ကာ အဲဒီကနေတစ်ဆင့် ပေါက်မြို့နယ် အနောက်မြောက်ပိုင်းက ကပစ-၂၄ ကို ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။

မေလ ၁၂ ရက်နေ့ ဒီနေ့မှာတော့ ကပစ ၂၄ က‌ထွက်လာတဲ့ အင်အား ၃၀၀ပါ စစ်ကြောင်းဟာ ပုံတောင်ပုံညာတောင်ခြေက ကျေးရွာတွေအနီးကို ရောက်ရှိနေပြီး အဲဒီနယ်တဝိုက်မှာ ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်တာတွေကို ထပ်မံလုပ်ဆောင်နေတယ် လို့ဒေသခံသတင်းရင်းမြစ်က ဆိုပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးမှု အခြေအနေ အသေးစိတ်ကိုတော့ လက်ရှိအချိန်မှာ မသိရသေးဘူးလို့လည်း ဆိုပါတယ်။

ဆက်လက်ပြီး အဲဒီစစ်ကြောင်းဟာ ဆောမြို့နယ်ကို ဖြတ်ကာ ချင်းပြည်နယ် တောင်ပိုင်းကို စစ်ကြောင်းထိုး ဝင်ရောက်နိုင်တယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်တွေက ခန့်မှန်းထားပါတယ်။

မေလ ၁ရက်နေ့က စတင်ပြီး အဲဒီစစ်ကြောင်းသွားရာလမ်းတလျှောက်မှာ တော်လှန်ရေးတပ်တွေနဲ့လည်း နေ့စဉ်နီးပါး ထိတွေ့တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်အုပ်စုဘက်က ဆယ်ယောက်ခန့် သေဆုံးသလို တော်လှန်ရေးတပ်တွေဘက်ကလည်း ရဲဘော်လေးဦး ကျဆုံးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၁၀ရက်‌အတွင်းမှာ အဲဒီစစ်အုပ်စုစစ်ကြောင်းပါ တပ်သား ခြောက်ယောက်ကလည်း လက်နက်ခဲယမ်းတွေနဲ့အတူ တော်လှန်ရေးတပ်တွေဆီကို အလင်းဝင်ရောက်လာခဲ့ပြီး လက်ရှိအချိန်မှာ သူတို့ကို တော်လှန်ရေးတပ်တွေက စောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။

အင်အား၃၀၀ခန့်ပါတဲ့ စစ်အုပ်စုစစ်ကြောင်းကြောင့် ပေါက်နယ်အနောက်ပိုင်း တောတိုက်တွေအတွင်း ကာလကြာရှည် စစ်ဘေးရှောင်နေကြရတဲ့ ပြည်သူတွေ ထပ်မံထွက်ပြေးတိမ်းရှောင်ဖို့ ပြင်ဆင်နေကြစဉ် / ဓာတ်ပုံ- ပေါက်လူသားစာနာ

Related Articles

Back to top button