
ဝင်းသိန်း/MFP၊ မေ – ၁၂
စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်မှာ အာဏာသိမ်း စစ်အုပ်စုနဲ့ ရှမ်းနီအဖွဲ့ – SNA ပူးပေါင်းအဖွဲ့ရဲ့ ထိုးစစ်တွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးရှောင်ပြည်သူ ၅,၀၀၀ ကျော်ဟာ အကူအညီ မဲ့နေပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
စစ်အုပ်စုနဲ့ ရှမ်းနီအဖွဲ့ – SNA ပူးပေါင်းကာ ကြီးစိုးထိန်းချုပ်ထားတဲ့ ဗန်းမောက်မြို့ကို ၂၀၂၅ စက်တင်ဘာမှာ ပြည်သူ့ကာကွယ်ရေး တပ်မတော် – PDF၊ အမှတ် ၁ စစ်ဒေသ ဦးစီးတဲ့ တော်လှန်ရေး တပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ၂၀၂၆ ဖေဖေါ်ဝါရီမှာ စစ်အုပ်စုနဲ့ ရှမ်းနီ – SNA ပူးပေါင်းအဖွဲ့က ပြန်လည် သိမ်းယူခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီ အပြန်အလှန် မြို့သိမ်းတိုက်ပွဲတွေကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေကြရတာ ဖြစ်ပြီး မတ်လအတွင်းက ကောက်ယူထားတဲ့ စာရင်းအရ ဗန်းမောက်မြို့ပေါ်နဲ့ ကျေးရွာတွေကနေ စစ်ဘေးရှောင်နေရသူ ၅,၀၀၀ ကျော်ရှိတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသူတွေက ပြောပါတယ်။

လက်ရှိမှာ ဗန်းမောက်မြို့ကို စစ်အုပ်စုနဲ့ ရှမ်းနီ -SNA ပူးပေါင်းအဖွဲ့က ပြန်လည် သိမ်းပိုက် ထိန်းချုပ်ထားပေမဲ့ ရှမ်းနီ-SNA အဖွဲ့နဲ့ နီးစပ်သူတွေသာ နေရပ်ပြန်နိုင်ပြီး ထောင်နဲ့ချီတဲ့ ဒေသခံ ပြည်သူတွေ ဆက်လက် စစ်ဘေးရှောင်နေကြရဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
“SNA နဲ့ စကစတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ လူ့အခွင့်အရေး ချိုးဖောက်တာတွေ၊ အတင်းအဓမ္မ စစ်သား စုဆောင်းတာတွေအပြင် အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားတာမျိုးတွေအထိ ရှိနေတာပါ။ အဲဒါကြောင့် ပြည်သူတွေက သူတို့ကို လုံးဝ မယုံကြည်တော့ဘူး။ တိုက်ပွဲတွေကလည်း မငြိမ်သေးတော့ အသက်အန္တရာယ် စိုးရိမ်ပြီး ဘယ်သူမှ နေရပ်မပြန်ရဲကြသေးတာပါ” လို့ ဗန်းမောက်ဒေသခံ အမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။
စစ်ဘေးရှောင်နေသူတွေထဲက ဗန်းမောက်မြို့ခံ တချို့ကို စစ်အုပ်စုနဲ့ ရှမ်းနီ-SNA ပူးပေါင်းအဖွဲ့က မြို့တွင်း ပြန်လည်နေထိုင်ခွင့် ပြုပေမဲ့ ကျေးရွာတွေဘက်မှာ ပြန်လည် နေခွင်မပေးသေးဘဲ စစ်ကြောင်းထိုးတာ၊ ဖမ်းဆီးရန်ပြုတာတွေကြောင့် ပြန်လည် နေထိုင်ဖို့ ကြိုးစားသူတွေလည်း ဆက်လက် စစ်ဘေးရှောင် ထွက်ပြေးရပြီး ဗန်းမောက်နယ်ထဲ စစ်ဘေးရှောင်ရသူ အရေအတွက်တွေ တိုးလာနေတယ်လို့ ဆိုပါတယ်။
ဗန်းမောက်နယ်က ပြည်သူတွေ ခိုလှုံနေတဲ့ စစ်ရှောင်စခန်းတွေမှာ စားနပ်ရိက္ခာနဲ့ ဆေးဝါး ပြတ်လပ်မှုတွေ ရင်ဆိုင်နေကြရသလို မိုးရာသီအတွက် ယာယီတဲတွေ၊ အမိုးအကာတွေလည်း အရေးတကြီး လိုအပ်နေတယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေဟာ ကျန်းမာရေး စောင့်ရှောက်မှု လုံလောက်စွာ မရရှိဘဲ သက်ကြီးရွယ်အိုတွေ နာမကျန်းဖြစ်နေကြသလို သန့်ရှင်းမှု အားနည်းတာကြောင့် ဘီပိုးကူးစက် ပြန့်ပွားမှာလည်း စိုးရိမ်နေကြရတယ်လို့ အထက်ပါ ဒေသခံ အမျိုးသားက ပြောပါတယ်။
“အခုက စားဖို့သောက်ဖို့တင် ခက်နေတာ မဟုတ်ဘူး၊ ကျန်းမာရေးကလည်း တော်တော်ဆိုးနေတာ။ လူကြီးတွေ ဆိုရင် ဆေးပုံမှန် စားနေရတဲ့သူတွေရှိတော့ ဆေးဝါးကလည်း အများကြီးလိုတယ်။ ပြီးတော့ ဘီပိုး(B)တွေ ကူးစက်နိုင်မယ့် အခြေအနေတွေ ရှိနေတယ်။ နောက်ပြီး မိုးကလည်း ကျတော့မှာဆိုတော့ အမိုးအကာတွေက အခက်အခဲဆုံး ဖြစ်လာတော့မယ်။ အလှူငွေတွေ ရရှိမှပဲ ဒီအခက်အခဲတွေကို အဆင်ပြေအောင် လုပ်ပေးနိုင်မှာပါ”
တချိန်တည်းမှာပဲ ဗန်းမောက်နယ်မှာ စစ်အုပ်စုနဲ့ ရှမ်းနီ-SNA ပူးပေါင်းအဖွဲ့နဲ့ တော်လှန်ရေး တပ်တွေကြား စစ်ရေးအခြေအနေ ဆက်လက် တင်းမာနေပြီး ဗန်းမောက်မြို့ပေါ်မှာ အခြေစိုက်ထားတဲ့ ရှမ်းနီ- SNA အဖွဲ့က အင်အားစုဖွဲ့ တိုးချဲ့ကာ အာဏာသိမ်း စစ်အုပ်စုက ထောက်ပံ့ပေးထားတဲ့ လက်နက်တွေနဲ့ တော်လှန်ရေးတပ် ထိန်းချုပ်ထားတဲ့ နယ်မြေတွေဆီ ထိုးစစ်ဆင်နိုင်ဖို့ ကြိုးစားနေတယ်လို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။
တော်လှန်ရေးတပ်တွေဘက်ကလည်း ဗန်းမောက်ဒေသတွင်း နယ်မြေစိုးမိုးမှု ချဲ့ထွင်နိုင်ရေးနဲ့ စစ်အုပ်စုနဲ့ ရှမ်းနီ-SNA ပူးပေါင်းအဖွဲ့က ထိုးစစ်ဆင်လာပါကလည်း ကာကွယ်နိုင်ဖို့ ပြင်ဆင်နေတာမျိုး ရှိတယ်လို့ ဆိုပါတယ်။

ဗန်းမောက်နယ်က စစ်ဘေးရှောင်ပြည်သူတွေ/Photo – ဒေသခံ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #ဗန်းမောက် #စစ်ကိုင်း #စစ်ဘေးရှောင်



