ကနီနယ်ထဲ စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်၊ ထွေလာဂျီ အပါအဝင် ခိုးရာပါ ပစ္စည်းတချို့ ပြန်လည် သိမ်းဆည်း ရရှိ၊

စစ်အုပ်စု စစ်ကြောင်းကနေ အလင်းဝင်သူ ငါးဦးအထိ ရှိလာ၊
သုထက်/MFP၊ မေ – ၁၂
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်ထဲ ရွာစဉ်ပတ်မွှေ၊ ဖောက်ထွင်းလုယက်ကာ ပြည်သူကို ရန်ပြုနေတဲ့ အာဏာသိမ်း စစ်အုပ်စုကို ယမန်နေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်စု အထိအခိုက်ရှိပြီး ထွေလာဂျီ အပါအဝင် ခိုးရာပါ ပစ္စည်းတချို့ ပြန်လည် သိမ်းဆည်း ရရှိတယ်လို့ ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ဗျူဟာ ၄၇ က သတင်း ထုတ်ပြန်ပါတယ်။
မေလ ၁၀ရက်က ယင်းမာပင်မြို့နယ် ဘန့်ဘွေးရွာ ပျူစောထီးစခန်းကနေ ကနီနယ် ချောင်းမရွာဘက် ဦးတည်ကာ ရွာစဉ်ပတ်မွှေ ဖောက်ထွင်းခိုးယူ လုယက်နေတဲ့ အင်အား ၃၀၀ ပါ စစ်အုပ်စုကို မိုင်းဖောက်ခွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီ တိုက်ခိုက်မှုအတွင်း စစ်အုပ်စုနဲ့ ပျူ ၁၀ ဦးထက်မနည်း ထိခိုက်ကာ ထွေလာဂျီတစ်စီး အပါအဝင် ပြည်သူ့ထံကနေ ဖောက်ထွင်း ခိုးယူသွားတဲ့ ပစ္စည်းတချို့ ပြန်လည် ရရှိခဲ့ပြီး အဲ့ဒီ စစ်အုပ်စုထံက ပြန်လည် ရရှိတဲ့ ခိုးရာပါပစ္စည်းတွေကို မူလပိုင်ရှင် ပြည်သူတွေထံ ပြန်လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ယင်းမာပင်ခရိုင် PDF ဗျူဟာ ၄၇ က ထုတ်ပြန်ပါတယ်။

အာဏာသိမ်း စစ်အုပ်စုဟာ ၂၀၂၃ ကတည်းက ခြေမချနိုင်တဲ့ ကနီနယ်၊ မုံရွာ – ယာကြီး – ကလေးဝ လမ်းပိုင်းကို ပြန်လည် စိုးမိုးထိန်းချုပ်နိုင်ဖို့အတွက် ဧပြီ ၂၅ရက်က စတင်ကာ သံပြားကာ ကားတွေ အပါအဝင် အင်အား အများအပြားနဲ့ စစ်ကြောင်းထိုးကာ ရွာစဉ်ပတ်မွှေ ဖောက်ထွင်းလုယက် ခိုးယူနေတာ ဖြစ်ပါတယ်။
“ကနီနယ်ထဲကို အင်အား ထောင်နဲ့ချီ ထိုးနေတာ၊ အင်အား မမျှပေမယ့် ကာကွယ်ရေးတပ်တွေက တိုက်နိုင်သလောက် တိုက်နေပါတယ်၊ ဒီကောင်တွေက ပြည်သူပိုင် လှည်းနွား၊ ထွေလာဂျီကအစ ခိုးယူနေတာ” လို့ ဒေသခံ ပကဖ အဖွဲ့ဝင်တစ်ဦးက MFP ကို ပြောပါတယ်။
ကနီနယ် မုံရွာ – ယာဝကီး – ကလေးဝ ကားလမ်းတလျှောက် ရွာစဉ်ပတ်မွှေနေတဲ့ စစ်အုပ်စုဟာ လက်ရှိမှာ မင်းမ၊ ချောင်းမ၊ ပန်းဆိုင်း စတဲ့ ရွာတွေထဲ စီးနင်း တပ်စွဲထားတယ်လို့ ဆိုပါတယ်။


အဲ့ဒီလို စစ်အုပ်စုက ကနီနယ်ထဲ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ ဖောက်ထွင်းခိုးယူ လုယက်နေတဲ့ တချိန်တည်းမှာပဲ ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းခံရသူတွေ အပါအဝင် စစ်အုပ်စု တပ်သား ငါးဦး တော်လှန်ရေးတပ်တွေထဲ အလင်းဝင်လာတယ်လို့ ယင်းမာပင်ခရိုင် ဗျူဟာ ၄၇ က ထုတ်ပြန်ပါတယ်။
“စစ်ကောင်စီတပ်မှ စစ်သား ငါးဦးသည်လည်း မိမိတို့ ကာကွယ်ရေးတပ်ဖွဲ့များနှင့် ချိတ်ဆက်၍ လက်နက်ခဲယမ်း တချို့နှင့်အတူ အလင်းဝင်ခဲ့ပါသည်။ အကြမ်းဖက်စစ်တပ်၏ လက်အောက်တွင် တာဝန် မထမ်းဆောင်လိုသည့် စစ်သားများ အနေဖြင့်လည်း လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင် လိုပါက ကျွန်တော်တို့ ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ အစဉ်အမြဲ ကြိုဆိုလျက်ရှိကြောင်း အသိပေး အပ်ပါသည်”
စစ်အုပ်စု ရန်ကြောင့် ကနီနယ်၊ မုံရွာ – ယာကြီး – ကလေးဝ ကားလမ်းတလျှောက်ရှိ ကျေးရွာ ၁၀ရွာကျော်က ပြည်သူ တစ်သောင်းဝန်းကျင် ဧပြီလကုန်ပိုင်းက စတင်ကာ စစ်ဘေးရှောင် ထွက်ပြေး နေကြရပါတယ်။



စစ်အုပ်စုဟာ ကနီနယ် အပါအဝင် ယင်းမာပင်ခရိုင်ထဲ နယ်မြေတွေ ပြန်လည် စိုးမိုး ထိန်းချုပ်နိုင်ရေးအတွက် မတ်လကစလို့ အင်အား ထောင်နဲ့ချီ အသုံးပြုကာ စစ်ကြောင်းထိုးနေပြီး ရွာမီးရှို့တာ၊ လူသတ်တာ၊ လုယက်တာ၊ ဖောက်ထွင်းခိုးယူတာ၊ ဗုံးကြဲတာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတာ ဖြစ်ပါတယ်။

ကနီနယ် စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့ နေရာအနီး စစ်အုပ်စု စွန့်ပစ်ခဲ့လို့ ပြန်လည် သိမ်းဆည်းရရှိတဲ့ ထွေလာဂျီတစ်စီးနဲ့ အလင်းဝင်သူတစ်ဦး/Photo – ဗျူဟာ ၄၇
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #ယင်းမာပင် #စစ်ကိုင်း #ကနီ



