မကွေးသတင်း

ပုဂံမြို့အနီး မြစ်ခြေမှာ စစ်အုပ်စု စစ်ကြောင်းထိုး၊ လူသတ်၊ မီးရှို့နေလို့ ကျေးရွာ ၃၇ ရွာ ထွက်ပြေးနေရ၊

စားသောက်နေထိုင်ရေး အရေးပေါ် အကူအညီတွေ လိုအပ်နေ၊

ဝင်းသိန်း/MFP၊ မေ -၁၉

​မန္တလေးတိုင်း၊ ပုဂံ -ညောင်ဦးမြို့အနီး၊ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေတိုက်နယ်ထဲ အာဏာသိမ်း စစ်အုပ်စုက လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေလို့ သောင်းနဲ့ချီတဲ့ ဒေသခံပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရပြီး စားသောက်နေထိုင်ရေးအတွက် အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ သတင်းရရှိပါတယ်။

စစ်အုပ်စု ရန်ကြောင့် ပခုက္ကူမြို့နယ်၊ မြစ်ခြေတိုက်နယ်ရှိ ကျေးရွာ ၃၇ ရွာက ဒေသခံပြည်သူ နှစ်သောင်းကျော် စစ်ဘေးရှောင် ထွက်ပြေးနေကြရတာဖြစ်ပြီး တောတောင်တွေထဲ ဖြစ်သလို ခိုလှုံနေထိုင်ကြရကာ စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဝါး စတာတွေ အရေးပေါ် လိုအပ်နေတယ်လို့ ဒေသတွင်း စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေတဲ့ “အညာတောအိမ်” အဖွဲ့က MFP ကို ပြောပါတယ်။

​ မေလ ၈ ရက် မွန်းလွှဲပိုင်းမှာ ပခုက္ကူမြို့ အခြေစိုက် စစ်အုပ်စုရဲ့ တပ်မ ၁၀၁ ခေါ် အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ်က ထွက်လာတဲ့ စစ်အုပ်စု၊ ပုဂံ -ညောင်ဦးမြို့ပေါ်နေ စစ်အုပ်စုနဲ့ ပခုက္ကူနယ်အတွင်းရှိ ပျူစောထီးတွေ ပူးပေါင်းကာ စုစုပေါင်း အင်အား ၇၀၀ လောက်နဲ့ မြစ်ခြေနယ်ထဲ စတင် စစ်ကြောင်းထိုးတာလို့ ဆိုပါတယ်။

အဲ့ဒီ စစ်အုပ်စုဟာ မြစ်ခြေတိုက်နယ်ရှိ ကူကျွန်း၊ လက်ပံကျွန်း၊ အနောက်နံဂါတ်၊ ဉယျာဉ်၊ ညောင်ပင်၊ မိုးနက်ကုန်းနဲ့ ထန်းတောချောက် ဆိုတဲ့ ကျေးရွာ ခုနှစ်ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဖြစ်သလို မွေးကင်းစ ကလေးငယ်နဲ့ မိခင် အပါအဝင် ဒေသခံ ငါးဦးထက်မနည်းကိုလည်း သတ်ဖြတ်ခဲ့ပြီး ဖြစ်ပါတယ်။

ဒါ့အပြင် စစ်အုပ်စုက ကျေးရွာတွေကို ဒရုန်းနဲ့ ဗုံးချတာ၊ လက်နက်ကြီးတွေနဲ့ ရမ်းကား ပစ်ခတ်တာ၊ ကျေးရွာတွေကို စီးနင်းပြီး တွေ့သမျှလူ ဖမ်းဆီး၊ သတ်ဖြတ်၊ ရန်ပြုတာကြောင့် ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေကြရတာလို့ “အညာတောအိမ်” အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“စစ်ကြောင်းက ရှေ့ကို တရွေ့ရွေ့တိုးလာတော့ ပြည်သူတွေခမျာ တဆင့်ပြီးတဆင့် ထပ်ခါထပ်ခါ ပြေးနေကြရတာ ဒီနေ့ဆို ၁၁ ရက်ရှိသွားပြီဗျ။ ခုဆိုရင် စစ်ရှောင်ရတဲ့ရွာပေါင်း ၃၇ ရွာအထိ ရှိလာပြီး လူဦး ရေက သောင်းဂဏန်းအထိ ဖြစ်သွားပြီ။ လောလောဆယ် ဒေသအုပ်ချုပ်ရေးအဖွဲ့တွေ စီစဉ်ပေးတဲ့ စစ်ရှောင်စခန်းတွေမှာ ခွဲထားရသလို၊ တချို့လည်း နီးစပ်ရာရွာတွေက အိမ်တွေမှာ ကပ်နေကြရတယ်။ ဒီလောက်လူများတဲ့အတွက် စစ်ရှောင်တွေ မဖြစ်မနေ အဓိက လိုအပ်နေတာက ဆန်နဲ့ဆီပဲ ဖြစ်ပါတယ်”

​စစ်အုပ်စုဟာ လက်နက်အားကိုးနဲ့ မြစ်ခြေတိုက်နယ်ထဲ ရွာစဉ်ပတ်မွှေပြီး ထင်တိုင်းကျဲ လူသတ်၊ လုယက်၊ မီးရှို့နေတာလို့ “အညာတောအိမ်” အဖွဲ့ဝင်က ဆက်ပြောပါတယ်။

“သူတို့က ရှေ့တိုးလာရင် နောက်က ကျန်ခဲ့တဲ့ရွာတွေကို စစ်ရှောင်နေရင်း ကျွဲနွားစာ ပြန်ကျွေးတဲ့ ပြည်သူတွေကို တွေ့ရင် ပစ်သတ်တာဗျ။ ရွာတစ်ရွာကို ရှေ့တိုးမယ်ဆိုရင်လည်း အရင်ဆုံး ဒရုန်းနဲ့ ဗုံးချတယ်၊ ၁၂၀ မမ၊ ၈၀ မမ လက်နက်ကြီးတွေနဲ့ အကုန်လျှောက်ထုတာ။ အဲဒါကြောင့် ပြည်သူတွေ အများကြီး ထိခိုက်ဒဏ်ရာ ရတာတွေ ရှိတယ်။ မီးရှို့တာလည်း တစ်ကြိမ်မကဘူး၊ တချို့ရွာတွေဆို အရင်က မီးလောင်လို့ တဲလေးတွေ ပြန်ဆောက်နေတာကိုပါ ထပ်ရှို့တာ။ ထန်းတောချောက်ရွာဆိုရင် ဒီတခေါက် စစ်ကြောင်းထဲတင်ကို အကြိမ်ကြိမ် အရှို့ခံရတာဗျာ။ စစ်ကြောင်းက မြေပြင်မှာ ရှိနေသေးတော့ ကျေးရွာ ခုနှစ်ရွာရဲ့ (မီးလောင်ပြာကျတဲ့) အိမ်ခြေစာရင်းတွေဆိုရင် ခုထိ ကောက်လို့တောင် မရသေးဘူး”

စစ်အုပ်စု ရန်ကြောင့် စစ်ဘေးတိမ်းရှောင်နေရတဲ့ ကျေးရွာ ၃၇ ရွာဟာ နံဂါတ် အရှေ့၊ နံဂါတ် အနောက်၊ ညောင်ပင်၊ ဥယျာဉ်၊ မိုးနတ်ကုန်း၊ ထန်းတောချောက်၊ ကျီးပင်ခုံ၊ ရှားတော၊ အင်းဝိုင်း၊ လက်ပံပင်စု၊ နုံးပို့၊ သဖန်းပင်၊ ကျွန်းကလေး၊ ရှားပင်၊ ကူကျွန်း၊ လက်ပံကျွန်း၊ မုန့်ကုန်း၊ ဖက်ပင်၊ သဇင်၊ ပန်းချီစု၊ သရက်တော၊ ကြက်လျှာ၊ ရွာသာအေး၊ မကျီးကုန်း၊ မြို့မ -မြောက်၊ မြို့မ -တောင်၊ ထနောင်းကုန်း၊ တိုးချဲ့ (၁)၊ တိုးချဲ့ (၂)၊ တိုးချဲ့ (၃)၊ ကမ္ဘာအေး၊ မြို့သစ်၊ ကြောင်ပန်းခုံ၊ ဘိုကုန်း၊ ဆွဲကြီး၊ အိုင်ရှည် -တောင်နဲ့ အိုင်ရှည် – မြောက် ကျေးရွာတွေ ဖြစ်ပါတယ်။

စစ်အုပ်စုဟာ မေလ ၁၄ရက်က မြစ်ခြေတိုက်နယ်၊ ထန်းတောချောက်ကျေးရွာကို စီးနင်းလုယက်၊ မီးရှို့ချိန် မီးဖွားပြီးစမို့ စစ်ဘေးရှောင် ထွက်မပြေးနိုင်ဘဲ နေအိမ်မှာ ကျန်ရစ်တဲ့ မွေးကင်းစ ကလေးငယ်နဲ့ အသက် ၃၀ အရွယ် မိခင်တို့ကို ဖမ်းဆီးသတ်ဖြတ်ကာ အလောင်းတွေကို မီးရှို့ခဲ့တယ်လို့ သေဆုံးသူ မိသားစုနဲ့ နီးစပ်တဲ့ ဒေသခံ တစ်ဦးက MFP ကို ပြောပါတယ်။

“မွေးကင်းစဆို ရက်ပိုင်းပဲ ရှိသေးတာ။ ကလေးအမေရော သတ်ပြီးတော့ မီးထဲ ပစ်ထည့်ခဲ့တာ၊ ရွာထဲ ကျန်နေခဲ့တာကို အမျိုးသားကိုယ်တိုင်က ပြောတာ။ သွား‌ပြီးခေါ်တော့ မမီတော့ဘူးတဲ့၊ မီးထဲ ထည့်ခံရတာလို့”

တချိန်တည်းမှာပဲ စစ်အုပ်စုဟာ အင်ဝိုင်းကျေးရွာမှာလည်း ဒေသခံပြည်သူ နှစ်ဦးကို ဖမ်းဆီးသတ်ဖြတ် ခဲ့သလို အင်းဝိုင်းရွာကို စစ်အုပ်စု စတင် စီးနင်းဖို့ ကြိုးစားတဲ့ မေလ ၉ရက်ကလည်း ရွာကို ဒရုန်းနဲ့ ဗုံးကြဲတာကြောင့် အသက် ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ပါတယ်။

ပခုက္ကူမြို့နယ်၊ မြစ်ခြေတိုက်နယ်ထဲ စစ်အုပ်စု စစ်ကြောင်းထိုးလို့ ထွက်ပြေးနေရတဲ့ ပြည်သူတွေ/Photo – ဒေသခံ၊ အညာတောအိမ်

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #ပခုက္ကူ #မြစ်ခြေ #ပုဂံမြို့

Related Articles

Back to top button