စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

ယင်းမာပင်မှာ စစ်အုပ်စုက စစ်ကြောင်းထိုး၊ လူသတ်၊ မီးရှို့ရင်း စာသင်ကျောင်းတချို့ ပြန်ဖွင့်၊

စစ်ကျွန်ပညာရေး မသင်ယူဘဲ ငါးနှစ်ကြာ စောင့်ဆိုင်းခဲ့တဲ့ မိဘတချို့ ကလေးတွေကို စစ်အုပ်စုကျောင်း ပြန်အပ်ဖို့ ပြင်ဆင်၊

သုထက်/MFP၊ မေ- ၂၂

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်း အင်အားသုံး စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့၊ ဗုံးပတ်ကြဲနေတဲ့ အာဏာသိမ်း စစ်အုပ်စုက သူတို့စီးနင်းကြီးစိုးနိုင်တဲ့ နေရာတချို့မှာ စာသင်ကျောင်းတွေ ပြန်ဖွင့်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ယင်းမာပင်ခရိုင်အတွင်းရှိ ယင်းမာပင်၊ ဆားလင်းကြီး၊ ပုလဲနဲ့ ကနီမြို့နယ် လေးခုအနက် အာဏာသိမ်း စစ်အုပ်စု ကြီးစိုးထိန်းချုပ်နိုင်တဲ့ မြို့ပေါ် ရပ်ကွက်တွေနဲ့ တရုတ်ပိုင် ကြေးနီစက်ရုံ လုပ်သားတွေ နေထိုင်ရာ ဆားလင်းကြီးနယ်၊ ဒုန်းတောကျေးရွာအုပ်စု၊ မိုင်းမြို့မှာ စစ်အုပ်စုက ကျောင်းတွေ ပြန်ဖွင့်နေတာ ဖြစ်ပါတယ်။

ယင်းမာပင်၊ ဆားလင်းကြီး၊ ကနီနဲ့ ပုလဲ စတဲ့ မြို့တွေမှာ နေထိုင်သူတွေက သူတို့ရဲ့ သား၊သမီးတွေကို စစ်အုပ်စု ကျောင်းတွေမှာ ကျောင်းအပ်ကြသလို မြို့အနီးအနား ကျေးရွာတွေက ကလေးသူငယ်တွေ၊ တရုတ်စက်ရုံ လုပ်သား Non CDMတွေကလည်း ကျောင်းအပ်နှံတာတွေ ရှိလာတယ်လို့ ဆိုပါတယ်။

“မြို့တွေထဲ နေထိုင်သူတွေ ကျောင်းပြန်တက်တာ အထူးအဆန်း မဟုတ်ပေမဲ့ ကျေးရွာတွေက ကျောင်းသားတွေ ကျောင်းအပ်တာက တော်လှန်ရေးအတွက်တော့ အကောင်းဘက် ဦးမတည်ဘူး၊ ခက်တာက ကျမတို့ တော်လှန်အစိုးရ NUG ကလည်း ပညာရေးကို လည်ပတ်အောင် မလုပ်နိုင်တော့ အခြေနေက ပိုဆိုးနေပြီ” လို့ ဒေသခံ CDM ကျောင်းဆရာမတစ်ဦးက MFP ကို ပြောပါတယ်။

အာဏာသိမ်း စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ၂၀၂၅ နှစ်ကုန်ပိုင်းက လုပ်ခဲ့တဲ့ အတုအယောင် ရွေးကောက်ပွဲမှာ မဲပုံးထောင်နိုင်ခဲ့တဲ့ မြို့နဲ့ ရပ်ကွက်တွေထဲ စာသင်ကျောင်းတွေ ပြန်ဖွင့်ပြတာ ဖြစ်ပြီး ငါးနှစ်ကြာ စစ်ကျွန်ပညာရေး မသင်ယူဘဲ စောင့်ဆိုင်းခဲ့တဲ့ မိဘတွေကလည်း တော်လှန်ရေးဘက်က စာသင်ကျောင်းတွေ မဖွင့်ရဲတော့တာကြောင့် စစ်အုပ်စု ကျောင်းတွေမာ ပြောင်းအပ်ဖို့ ပြင်ဆင်နေကြတယ်လို့ ယင်းမာပင်နယ်ခံတွေက ပြောပါတယ်။

တရုတ်ကြေးနီစက်ရုံလုပ်သား Non CDM တွေ နေထိုင်ရာ ဆားလင်းကြီးနယ်၊ မိုင်းမြို့မှာ ဖွင့်မဲ့ ကျောင်းအတွက် အနီးဝန်းကျင်ရှိ ကံကုန်း၊ ဒုန်းတော၊ ကျေးစာကျ၊ ထန်းတောကြီး၊ ရွာသာ၊ ရေကြည်ပင် စတဲ့ ကျေးရွာတွေရှီ ကလေးသူငယ်တချို့ပါ ကျောင်းအပ်ဖို့ ပြင်ဆင်စုံစမ်းနေကြတယ်လို့ ဒေသခံ CDM ဆရာမက ပြောပါတယ်။

“ကျောင်းတွေပြန်ဖွင့်တာ ဒီနှစ်မှ။ အရင်နှစ်တွေက မုံရွာကို လူမသိအောင် ဘကကျောင်းတွေ (ဘုန်းတော်ကြီးသင် ပညာရေးကျောင်း) သွားထားတွေ ရှိတယ်၊ အခုတော့ ကိုယ့်ဒေသထဲမှာ တစ်ယောက်စ တစ်ရာ ထိမ်းဖို့မလွယ်တော့ဘူး”လို့ အထက်ပါ ဆရာမက ပြောပါတယ်။

စစ်အုပ်စုက ကျောင်းတွေ ပြန်ဖွင့်ပြီး စစ်ကျွန်ပညာရေးကို ပိုမိုအရှိန်မြှင့် လည်ပတ်ဖို့ ကြိုးစားလာချိန် တော်လှန်ရေးဘက်ခြမ်းမှာ ကျောင်းဖွင့်နိုင်မူနဲ့ ကလေးသူငယ်တွေကို စသ်ဆက်မပြတ် ပညာသင်ကြားပေးနိုင်မူ လျော့နည်းလာတာကြောင့် ကလေးမိဘတွေအနေနဲ့ သားသမီး အနာဂတ်ကို စဉ်းစားကာ အခုလို စစ်အုပ်စု ကျောင်းတွေမှာ ကျောင်းအပ်ဖို့ စဉ်းစားလာကြတာလို့ ယင်းမာပင်နယ်ခံတွေက ပြောပါတယ်။

“တော်လှန်ရေးဘက်ခြမ်းက (စာသင်ကျောင်းတွေ ပုံမှန်ဖွင်လှစ်) လည်ပတ်ဖို့ မလွယ်ဘူး၊ စစ်ကောင်စီက စာသင်ကျောင်းတွေ ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်တာတွေ ခက်စိပ်စိပ် ပြုလုပ်လာတယ်။ ပြောရတာလည်း ခက်တယ်၊ မိဘတွေဘက်က ကြည့်တော့လည်း သူတို့သားသမီးတွေ ပညာသင်ခွင့် မရတာကြာလာတော့ ကလေးတွေက အသက်တွေ ကြီးလာပြီ၊ ကျောင်းပြန်ထားရမှာ ခက်လာမှာ ကြောက်နေကြ ရှာတယ်၊ နောက်ပြီး တော်လှန်ရေးဘက်က ကြားကာလ ပညာရေးကျောင်းတွေက Grade-12 ပြီးရင် ဘယ်ကျောင်း ဆက်တက်ရမယ် မသိတဲ့ အခင်းကျင်းတွေ ရှိနေတော့ အခြေအနေတွေ ထိမ်းမရ ဖြစ်နေရတယ်” လို့ အထက်ပါ CDM ဆရာမ က ထပ်မံပြောဆိုပါတယ်။

အမျိုးသား ညီညွတ်ရေးအစိုးရ – NUG ဦးဆောင်ဖွင့်လှစ်ထားတဲ့ ကြားကာလ ပညာရေး ကျောင်းတွေ အနေနဲ့ အာဏာသိမ်း စစ်အုပ်စုရဲ့ ရန်ပြု၊ ဗုံးကြဲ၊ သတ်ဖြတ်မှုတွေကြောင့် အချိန်ကြာလေ ပုံမှန်ဖွင့်လှစ် လည်ပတ်ဖို့ ခက်ခဲလာလေ ဖြစ်လာရသလို အခြေခံ ပညာရေး ပြီးဆုံးပါကလည်း ဆင်မြ့် ပညာရေး ဆက်လက် သင်ယူဖို့ ခက်ခဲလို့ ကလေးသူငယ်တွေ အနေနဲ့ စစ်ကျွတ်ပညာရေးဘက်ကို မအဖြစ်မနေ ပြန်ရွေးရမယ့် သဘော ဖြစ်လာတယ်လို့ အညာဒေသခံ ပြည်သူတွေက ပြောပါတယ်။

တချိန်တည်းမှာပဲ ယင်းမာပင်ခရိုင်ထဲရှိ မြို့ပေါ် စာသင်ကျောင်းတချို့ ပြန်ဖွင့်ပြပေမဲ့ အာဏာသိမ်း စစ်အုပ်စုက ဒေသတွင်း စစ်ကြောင်းထိုးကာလူသတ်၊ လုယက်၊ မီးရှို့၊ ဗုံးကြဲတာတွေကိုတော့ ပိုမိုအရှိန်မြှင့် ကျူးလွန်နေပါတယ်။

စစ်အုပ်စုဟာ ယင်းမာပင်ခရိုင်အတွင်းရှိ မြို့နယ်တွေကို စစ်အာဏာသိမ်းချိန်ကတည်းက စစ်အုပ်ချုပ်ရေး – မာရှယ်လော ကြေညာထားကာ ထင်တိုင်းကျဲ သတ်ဖြတ်၊ ရန်ပြုနေတာ ဖြစ်ပြီး ပုလဲနယ် ကိုတော့ ယနေ့အချိန် အာဏာသိမ်း စစ်အုပ်စုက စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် ဆက်လက် သတ်မှတ်ထားဆဲ ဖြစ်ပါတယ်။

စစ်အုပ်စုဟာ ယင်းမာပင်ခရိုင်ထဲ စစ်ကြောင်းထိုး၊ လူသတ်၊ မီးရှို့၊ ဗုံးကြဲတာတွေကို အရှိန်မလျှော့ဘဲ တစ်နှစ်ထက်တစ်နှစ် ပိုမို ကျူးလွန်နေပြီး ပြည်သူကို အငြိုးထားကာ သူတို့နိုင်ရင်နိုင်သလောက်၊ တတ်နိုင်သလောက် သတ်ဖြတ်၊ မီးရှို့နေတာလို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာလည်း သင်္ကြန်ကာလ ဧပြီကစလို့ ယင်းမာပင်၊ ပုလဲနဲ့ ကနီနယ်ထဲ အာဏာသိမ်း စစ်အုပ်စုက အင်အား ထောင်နဲ့ချီ အသုံးပြု စစ်ကြောင်းထိုးကာ တွေ့သမျှပြည်သူ ဖမ်းဆီးသတ်ဖြတ်သလို နေအိမ် ဖောက်ထွင်းခိုးယူ၊ ရွာမီးရှို့၊ ဗုံးကြဲနေလို့ ယင်းမာပင်၊ ပုလဲနဲ့ ကနီနယ်ရှိ အနည်းဆုံး ကျေးရွာ ၄၀ က သောင်းနဲ့ချီတဲ့ ဒေသခံပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေး နေကြရပါတယ်။

စစ်အုပ်စုဟာ သင်္ကြန်ကာလနောက်ပိုင်း တစ်လကျော်အတွင်း ယင်းမာပင်၊ ပုလဲနဲ့ ကနီနယ်ထဲ အမျိုးသမီးနဲ့ ကလေးသူငယ်တွေ အပါအဝင် ဒေသခံပြည်သူ အနည်းဆုံး ကိုးဦးကို သတ်ဖြတ်ခဲ့ပြီး ဖြစ်ကာ ရာနဲ့ချီတဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးခဲ့ပြီး ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းအတွင်း ကျောင်းတွေ ပြန်ဖွင့်ဖို့ စစ်အုပ်စု ဝန်ထမ်းတွေ အယောင်ပြ သန့်ရှင်းရေး လုပ်နေစဉ်/Photo – စစ်အုပ်စု

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #ယင်းမာပင် #စစ်ကျွန်ပညာရေး

Related Articles

Back to top button