
ဒေါ်လာ/MFP၊ မေ- ၂၂
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ရွာစဥ်ကျေးရွာကို အာဏာသိမ်း စစ်အုပ်စုက မေလ ၂၀ရက် နေ့ခင်းပိုင်းနဲ့ မေလ ၂၁ရက် ညပိုင်းအချိန်တွေမှာ ဒရုန်းတွေ၊ တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲ သတ်ဖြတ်တာကြောင့် အဖွားအို အပါအဝင် ဒေသခံပြည်သူ လေးဦး သေဆုံးကာ တချို့ ဒဏ်ရာရပြီး အိမ်ခြေ ၂၀ ကျော် ပျက်စီးခဲ့တယ်လို့ သတင်းရရှိပါတယ်။
မေလ ၂၁ရက် မနေ့က ည၉နာရီအချိန် ရွှေဘိုမြို့ စစ်အုပ်စုရဲ့ လေ့ကျင့်ရေး ၈ ခေါ် အမှတ် ၈ စစ်အခြေခံ လေ့ကျင့်ရေးတပ်ကနေ ဒရုန်းနှစ်စင်း၊ မန္တလေးမြို့ တံတားဦးကနေ တက်လာတဲ့ တိုက်လေယာဉ် တစ်စင်းနဲ့ ခင်ဦးနယ် ရွာစဉ်ကျေးရွာပေါ်ကို ဗုံးပတ်ကြဲ သတ်ဖြတ်ခဲ့တာလို့ ခင်ဦးမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ – ပအဖ က သတင်း ထုတ်ပြန်ပါတယ်။
အဲ့ဒီ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် အသက် ၆၀ ကျော်အရွယ် အဖွားအိုတစ်ဦး၊ အသက် ၂၀ ကျော်အရွယ် အမျိုးသမီး တစ်ဦး၊ အသက် ၂၀အရွယ် အမျိုးသားတစ်ဦးနဲ့ အသက် ၄၀ ကျော်အရွယ် အမျိုးသား တစ်ဦး၊ စုစုပေါင်း လေးဦး သေဆုံးကာ ဒဏ်ရာရသူတွေလည်း အများအပြား ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နေအိမ် ၂၀ကျော်လည်း ပျက်စီးတယ်လို့ ခင်ဦးမြို့နယ် ပအဖ က ဖော်ပြပါတယ်။


စစ်အုပ်စုဟာ မေလ ၂၀ရက်ကလည်း ရွှေဘို လေ့ကျင့်ရေး ၈ ကနေ လွှတ်တင်တဲ့ ဒရုန်းတွေနဲ့ ခင်ဦးနယ်ထဲ ဗုံးပတ်ကြဲရာ စျေးဆိုင်နဲ့ နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
“ခင်ဦးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၊ စစ်ဘေးရှောင်များ၊ အသီးသီးသော တော်လှန်ရေး အင်အားစုများ အနေဖြင့် အကြမ်းဖက် (စကမ) စစ်တပ်က စစ်ရေးပစ်မှတ်နှင့် အရပ်သားပစ်မှတ်များကို ခွဲခြားခြင်း လုံးဝ မပြုပါဘဲ၊ လေကြောင်းတိုက်ခိုက်မှုများ ယုတ်မာစွာ ဆက်တိုက် လုပ်နေသည့်အတွက် လုံခြုံရေး အသိ/သတိ မပြတ်ထားရှိ၍၊ ဗုံးခိုကျင်းများ တူးဖော်ခြင်း၊ လေကြောင်းသတင်းပေး icon စက် (စကားပြောစက်)များ ကိုင်ဆောင်/ဖွင့်လှစ်၍ သတင်းရယူခြင်း၊ အကြမ်းဖက် (စကမ) စစ်တပ်၏ လေကြောင်းများ တက်လာပါက ဗုံးခိုကျင်းများအတွင်း ဆင်းသက်၍ ကြိုတင်၍ တိမ်းရှောင်ခြင်း စသည့် ကြိုတင် လုံခြုံရေး အစီအမံများ ပြုလုပ်ကာ သတိကြီးစွာဖြင့် သွားလာ နေထိုင်ကြပါရန် အသီးသီးသော တော်လှန်ရေး အင်အားစုများနှင့် မိဘပြည်သူအပေါင်းတို့အား အသိပေး နှိုးဆော် ပန်ကြားအပ်ပါသည်” လို့ ခင်ဦး ပအဖ က တိုက်တွန်းပါတယ်။

စစ်အုပ်စုဟာ ခင်ဦးနယ် အပါအဝင် နိုင်ငံတဝန်းမှာ အရပ်သားပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်း ဗုံးကြဲမူတွေ နေ့စဉ် ကျူးလွန်နေတာ ဖြစ်ပြီး ၂၀၂၅ တစ်နှစ်တာအတွင်း စစ်အုပ်စုရဲ့ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် နိုင်ငံတဝန်း အရပ်သား ပြည်သူ ၂၃၂၀ ကျော် သေဆုံးကာ ၄၁၄၀ ကျော် ဒဏ်ရာရပြီး နေအိမ် ၃၅၇၀ ကျော်၊ ပညာရေးဆိုင်ရာ အဆောက်အအုံ ၁၀၀ ကျော်၊ ကျန်းမာရေး ဆိုင်ရာ အဆောက်အအုံ ၃၀ ကျော်နဲ့ ဘာသာရေးဆိုင်ရာ အဆောက်အအုံ ၁၉၀ ပျက်စီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ – NUG က ထုတ်ပြန်ထားပါတယ်။






ရွှေဘို ခင်ဦးမြို့နယ် ရွာစဉ်ကျေးရွာကို အာဏာသိမ်း စစ်အုပ်စုက မေလ ၂၁ရက် ညပိုင်း တိုက်လေယာဉ်တွေ၊ ဒရုန်းတွေနဲ့ ဗုံးကြဲလို့ သေဆုံးသူနဲ့ ပျက်စီးမှုတွေ တွေ့ရစဉ်/Photo – ခင်ဦး ပအဖ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #စစ်ကိုင်း #ရွှေဘို #ခင်ဦး



