စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

KIA၊ AA ပါဝင်တဲ့ တော်လှန်ရေးတပ်က တန်ပြန် ထိုးစစ်ဆင်လို့ ကသာနဲ့ အင်းတော်မှာ တိုက်ပွဲ ဖြစ်၊

သုံးရက်ဆက် တိုက်ပွဲအပြင်းအထန် ဖြစ်နေပြီး စစ်အုပ်စု အလောင်းနဲ့ လက်နက်တွေ သိမ်းဆည်း ရရှိ၊

ဝင်းသိန်း၊ ထင်လင်း/MFP၊ မေ – ၂၃

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အင်းတော်နဲ့ ကသာမြို့နယ်မှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေကြား မေလ ၂၀ရက်က စလို့ လေးရက်ဆက် တိုက်ပွဲ ပြင်းထန်နေပြီး စစ်အုပ်စု အလောင်းနဲ့ လက်နက် ခဲယမ်းတွေ သိမ်းဆည်း ရရှိထားတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။ ​

ကသာမြို့နယ်၊ ကသာ-အင်းတော်ကြားရှိ ပင်းမလွတ်ရွာနဲ့ လမ်းခွရွာ အပါအဝင် မန္တလေး – မြစ်ကြီးနား ကားလမ်းတလျှောက်မှာ မေလ ၂၁ရက်ကနေ ဒီနေ့ မေလ ၂၃ ရက်အထိ သုံးရက်ဆက် တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတာ ဖြစ်ပြီး အာရက္ခတပ်တော် (AA)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အပါအဝင် ဒေသခံ တော်လှန်ရေး မဟာမိတ်တပ်တွေက အာဏာသိမ်း စစ်အုပ်စုကို ပြန်လည် ထိုးစစ်ဆင် တိုက်ခိုက်နေတာလို့ ဆိုပါတယ်။

​”တိုက်ပွဲဖြစ်နေတာ သုံးရက်ရှိပြီ။ ဒီနေ့အထိကို ထိုးစစ်ဆင်နေတာ။ AA အဖွဲ့လည်း ပါဝင် တိုက်ခိုက်နေပါတယ်။ စကစတွေဘက်က ထိခိုက်သေဆုံးမှုကတော့ နယ်မြေ ရှင်းလင်းရေး လုပ်တဲ့အဖွဲ့တွေပဲ တိတိကျကျ သိနိုင်မှာပါ။ ဒါပေမဲ့ ကျနော်တို့ သိထားရတာကတော့ စကစတွေ တော်တော်ကို သေကြတယ်။ ထိခိုက်မှုတွေ တော်တော် များတယ်” လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက MFP ကို ပြောပါတယ်။

တော်လှန်ရေးတပ်တွေ နှစ်နဲ့ချီကြာ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ အင်းတော်၊ ကသာနဲ့ မော်လူးမြို့တွေကို ပြီးခဲ့တဲ့ ဧပြီလအတွင်း အာဏာသိမ်း စစ်အုပ်စုက လေကြောင်းအားကိုးနဲ့ တန်ပြန်ထိုးစစ်ဆင်လို့ မြို့တွေကနေ ဆုတ်ခွာခဲ့ရတဲ့ တော်လှန်ရေးတပ်တွေ အနေနဲ့ လက်ရှိမှာ စစ်အုပ်စုကို တဖန် ပြန်လည်ပြီး ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်တယ်လို့ မြေပြင်တိုက်ပွဲဝင် တော်လှန်ရေး ရဲဘော်တွေက MFP ကို ပြောပါတယ်။

အင်းတော်နဲ့ ကသာဒသကို ရောက်ရှိလာတဲ့ စစ်အုပ်စုဟာ ၂၀၂၅ နှစ်လယ်ပိုင်းမှာ မန္တလေးမြို့နဲ့ ၁၀မိုင်ကျော် အကွာရှိ စစ်ရှုံးထားတဲ့ မြို့၊ရွာတွေ ပြန်သိမ်းနိုင်ရေးနဲ့ စစ်အုပ်စူ ခြေမချနိုင်တဲ့ မန္တလေး – မတ္တရာ – သပိတ်ကျင်း – ထီးချိုင့် ကားလမ်းကို ပြန်လည် စိုးမိုးနိုင်ရေးအတွက် မန္တလေးမြို့ရှိ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် – လပခ ကနေတဆင့် တရုတ်အားကိုး၊ လေကြောင်းအားကိုးနဲ့ တန်ပြန်ထိုးစစ်ဆင်တဲ့ စစ်အုပ်စုဖြစ်ပြီး ကိုးလအတွင်း မန္တလေးကနေ ကချင်ပြည်နယ်အစပ်၊ ကသာနယ်အထိ ထိုးစစ်ဆင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

“စစ်ဦးတော့ မကျိုးသေးဘူး။ ရန်သူလည်း အင်းတော် – မော်လူးမှာ အတော် အခြေပျက်နေတာကို တွေ့ရတယ်။ ထိုးစစ်အရှိန်ကတော့ လျှော့သွားပြီလို့ ပြောလို့ရတယ်” လို့ အင်းတော်နယ်မှာ စစ်အုပ်စုကို တိုက်ခိုက်နေတဲ့ တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ အင်းတော်နဲ့ ကသာနယ် တိုက်ပွဲတွေမှာ စစ်အုပ်စု အများအပြား သေပြီး အလောင်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်း ရရှိထားတယ်လို့ မြေပြင်တိုက်ပွဲဝင် နောက်ထပ် တော်လှန်ရေး ရဲဘော်တစ်ဦးကလည်း MFP ကို ပြောပါတယ်။

“စစ်ဦးကျိုးတာ၊ မကျိုးတာထက် သူတို့ တော်တော်လေးတော့ အရှိန်လျော့သွားပြီ။ ကျနော်တို့ တော်တော်လေး အခြေအနေ ကောင်းတယ်။ အဲ့ဒီ အင်းတော်၊ ကသာဘက်မှာလည်း သူတို့ အတော်လေး အထိနာတယ်။ ကျနော်တို့ဘက်က အလောင်း၊ အလက်တွေ ရတယ်”

အင်းတော်၊ ကသာနဲ့ မော်လူးမြို့နယ်မှာသာမက စစ်ကိုင်း၊ ရှမ်းမြောက်ဒေသနဲ့ ကချင်ပြည် ထိစပ်ဒေသဖြစ်တဲ့ မဘိန်းမြို့နယ်၊ ငါးအိုးမြို့နဲ့ ရွှေကူနယ်မှာလည်း တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

အဲ့ဒီ စစ်ကိုင်း၊ ရှမ်းမြောက်ဒေသနဲ့ ကချင်ပြည် ထိစပ်ဒေသ တိုက်ပွဲတွေအတွင်း အာဏာသိမ်း စစ်အုပ်စု လက်နက်ကိုင်တွေ အထိနာ၊ အသေများတာကြောင့် လေကြောင်းပစ်ကူပေး ခုခံနေကာ မေလ ၂၂ ရက်က တစ်နေ့လုံး စစ်အုပ်စုက အပြင်းအထန် လေကြောင်းဗုံးကြဲခဲ့တယ်လို့ ဒေသခံ တော်လှန်ရေး ရဲဘော် တစ်ဦးက MFP ကို ပြောပါတယ်။

​”အခုနောက်ပိုင်း တိုက်ပွဲတွေက နေရာစုံမှာ ဖြစ်နေတာ။ စကစတွေဘက်ကလည်း အကျအဆုံးများတော့ လေယာဉ်နဲ့ တနေကုန်နီးပါး ကြဲနေတာပဲ။ အသံတွေကလည်း တဒုန်းဒုန်းနဲ့ပဲ။ တော်တော်လေးကို ပြင်းထန်နေတာပါ”

စစ်အုပ်စုဟာ မန္တလေး – မြစ်ကြီးနား ကားလမ်းကို အပြည့်အ​ဝ စိုးမိုးထိန်းချုပ်နိုင်ဖို့ ကြိုးစားနေပြီး ယခုရက်ပိုင်း တော်လှန်ရေးတပ်တွေရဲ့ တန်ပြန်ထိုးစစ်ကြောင့် ထီးချိုင့် – ကသာ – အင်းတော် – မော်လူး လမ်းပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေတာ ဖြစ်ပါတယ်။

မေလ ၈ရက်ကလည်း ထီးချိုင့်မြို့ကတဆင့် ကသာမြို့ဘက် တက်လာတဲ့ အာဏာသိမ်း စစ်အုပ်စု ကားတန်းကို ထီးချိုင့်-အင်းတော်ကြားရှိ လမ်းခုလတ်တစ်နေရာမှာ AA ဦးဆောင်တဲ့ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု အများအပြား သေပြီး စစ်ကား အပါအဝင် လက်နက်ခဲယမ်းတွေ သိမ်းဆည်း ရရှိတယ်လို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

တချိန်တည်းမှာပဲ စစ်အုပ်စုက ​ဒေသခံပြည်သူကို ပစ်မှတ်ထားကာ လေကြောင်းဗုံးကြဲလို့ ပြည်သူတွေ စစ်ဘေးရှောင် နေကြရသလို တိုက်ပွဲတွေနဲ့ ဗုံးကြဲမှုကြောင့် မန္တလေး – မြစ်ကြီးနား ကားလမ်းပေါ်ရှိ ကသာနဲ့ အင်းတော်ဒေသမှာ ခရီးသွားကားတွေ ဖြတ်သန်းသွားလာလို့ မရဘဲ ကားလမ်းပိတ်ဆို့နေတာ လေးငါးရက် ကြာပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ နိုင်ငံတဝန်းရှိ လူငယ်လူရွယ်တွေကို ပေါ်တာဆွဲကာ လူသစ်စုဆောင်းပြီးနောက် ရက်တို စစ်သင်တန်းပေး၊ လက်နက်ထုတ်ပေးကာ အသေခံ စစ်သားအဖြစ် အသုံးချပြီး စစ်ရှုံးနယ်မြေတွေ ပြန်ရရေး တန်ပြန် ထိုးစစ်ဆင်နေတာလည်း ဖြစ်ပါတယ်။

၂၀၂၅ ဧပြီက အင်းတော်မြို့ကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်စဉ် သိမ်းဆည်းရရှိတဲ့ လက်နက်တွေ/Photo – ​NUG/MOD

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #ကသာ #အင်းတော်

Related Articles

Back to top button