
ရွာ ၂၀ ကျော်က ပြည်သူတွေ ထွက်ပြေးနေရတာ ၁၀ရက်ကျော် ရှိလာပြီး စားသောက်နေထိုင်ရေး ခက်ခဲ၊
မာကျူရီ/MFP၊ မေ – ၂၆
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်ထဲ အာဏာသိမ်း စစ်အုပ်စုက လက်နက်အားကိုးနဲ့ ဆက်လက် ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ ရန်ပြုနေပြီး မေလ ၂၅ ရက် မနေ့က ညပိုင်းအချိန် မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခကတဆင့် ဘုတလင်နယ်ထဲ နောက်ထပ် စစ်ကားလေးစီးနဲ့ အင်အား ထပ်ဖြည့်ထားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်အုပ်စုဟာ မေလ ၁၆ရက်က စတင်ပြီး မုံရွာ နမခ ကတဆင့် ဘုတလင်နယ်ထဲ စစ်ကြောင်းထိုးကာ ကျေးရွာတွေ စီးနင်းလုယက်၊ တွေ့သမျှလူ ဖမ်းဆီးရန်ပြု၊ သတ်ဖြတ်နေတာ ဖြစ်ပါတယ်။
နမခထဲက ထွက်လာပြီး မုံရွာ – ဘုတလင်- စိုင်ပြင် – ရေဦးကားလမ်းအတိုင်း ဘုတလင်နယ်ထဲ စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုဟာ ကနဦးက သံချပ်ကာကား၊ ပွိုင့်ဖိုက် စက်သေနတ် တပ်ဆင်ထားတဲ့ ကား အပါအဝင် ကား အစီး ၂၀ ကျော်၊ အင်အား ရာဂဏန်း ပါဝင်ပြီး လက်ရှိမှာ အင်အား ထပ်ဖြည့်နေ တယ်လို့ ဆိုပါတယ်။
“မနေ့ (မေ၂၅ရက်) ညက ကားလေးစီးနဲ့ ခြေလျင်စစ်ကြောင်း ထပ်၀င်ထားတယ်၊ ဘုတလင်မြို့ပေါ်မှာ လောလောဆယ် အင်အား ၄၀၀ ကျော် ခန့်မှန်းပေါ့လေ၊ အဲ့လောက် ရှိနေတယ်၊ မြို့ပေါ်နဲ့ မြို့အနီး ပတ်ချာလည်မှာ တပ်စွဲနေတာ ရှိတယ်” လို့ ဘုတလင်နယ်ထဲ စစ်အုပ်စု အင်အားသုံးကာ စစ်ကြောင်းထိုးနေတဲ့အကြောင်း ဒေသခံ တော်လှန်ရေးတပ်ဖွဲ့၀င်တစ်ဦးက ပြောပါတယ်။
အဲ့ဒီ စစ်အုပ်စုဟာ နမခနဲ့ ဘုတလင်မြို့ကြား ကျေးရွာတွေမှာ စီးနင်းအထိုင်ချ တပ်စွဲထားသလို ဘုတလင်မြို့ပေါ်ရှိ ရပ်ကွက်တွေနဲ့ မြို့ရဲ့အရှေ့ဘက်ရှိ ရှမ်းတဲ့၊မြောက်ကျီ စတဲ့ ကျေးရွာတွေမှာလည်း အထိုင်ချ တပ်စွဲထားပြီး နေအိမ်တွေ ဖောက်ထွင်းလုယက်ခိုးယူတာ၊ ပြည်သူတွေရဲ့ အိမ်မွေးတိရစ္ဆာန်တွေကို သတ်ဖြတ် စားသောက်တာ၊ တွေ့သမျှလူ ဖမ်းဆီးသတ်ဖြတ်တာတွေ ကျူးလွန်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်အုပ်စုက ကျေးရွာတွေကို လက်နက်ကြီးထုတာ၊ ဒရုန်းနဲ့ တိုက်ခိုက်တာတွေ လုပ်ဆောင်နေသလို လေကြောင်းကနေလည်း စစ်ဘေးရှောင်ပြည်သူတွေကို လိုက်လံ ဗုံးကြဲသတ်ဖြတ်တာတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။

မေလ ၁၉ရက်က ဘုတလင် – စိုင်ပြင် ကားလမ်း၊ ဘုတလင်နယ် ဆိတ်သာကန်နဲ့ အုတ်ဖို ကျေးရွာကြားဘက် စစ်အုပ်စုက မြေပြင်စစ်ကြောင်းထိုးပြီးနောက် စစ်ဘေးရှောင်ထွက်ပြေးနေတဲ့ ပြည်သူတွေကိုပါ ဂျိုင်အိုကော်ပတာ (Gyrocopter)နဲ့ လိုက်လံ ဗုံးကြဲ ဂျိုင်အိုကော်ပရာနဲ့ လိုက်လံ ဗုံးကြဲ သတ်ဖြတ်ခဲ့ရာ လွတ်အောင်မပြေးနိုင်လို့ ဒေသခံပြည်သူနှစ်ဦး ပြေးရင်းလွှားရင်း ဗုံးထိသေဆုံးခဲ့ပါယ်။
လက်ရှိမှာ စစ်အုပ်စု ရန်ကြောင့် မုံရွာ- ဘုတလင် – စိုင်ပြင် – ရေဦးလမ်းပိုင်း၊ ဘုတလင်မြို့နယ်အတွင်းရှိ ကျေးရွာ ၂၀ ကျော်က သောင်းနဲ့ချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေကြရပြီး စားသောက်နေထိုင်ရေး ခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဘုတလင်မြို့အနီးဝန်းကျင်ရှိ ကျေးရွာတွေက ပြည်သူတွေဟာ စစ်ဘေးရှောင်နေကြရတာ ၁၀ရက်ကျော် ကြာ ရှိလာပြီး တောတောင်ထဲ ဖြစ်သလို နေထိုင်ကြရကာ ရာသီဥတု ပူပြင်းတာကြောင့် ကျန်းမာရေး ထိခိုက်မှုတွေ ကြုံနေရတယ်လို့ ကိုယ်တိုင်စစ်ဘေးရှောင်နေရသူ အမျိုးသားတစ်ဦးက ပြောပါတယ်။
“ဘုတလင်နယ်အစ ဇီးတောက စတာပဲ ရှောင်နေရတာကတော့၊ အဲ့ဒီ စိုင်ပြင်ဘက် အထိလေ၊ တချို့ ရွာတွေကတော့ စစ်ကြောင်း အခြေနေကြည့်ပြီး နေကြတာ ရှိတယ်၊ ရွာအနေနဲ့ဆို ၂၀ ကျော်လောက် ရှိမယ် ထင်တယ်၊ ရာသီဥတုက ပူတော့ နေထိုင်ရေး ခက်ခဲကြတယ်၊ သက်ကြီးပိုင်းတွေ၊ ကလေးတွေက ပိုဆိုးတယ်”
စစ်အုပ်စု ရန်ကြောင့် မုံရွာနဲ့ ဘုတလင်မြို့ကြားရှိ ဇီးတော၊ မြို့ပေါ်၊ သရက်တိုရိုး၊ ရွှေချောင်းလည်၊ ကျွန်းချောင်း၊ ကံသာ၊ အောင်ချမ်းသာ၊ ကံသစ်၊ ထနောင်းကုန်း၊ ဆုံကုန်း၊ ကက္ကိုလ်ကျင်း၊ သီးပင်အိုင်၊ ညောင်ပင်ကန်၊ ကျီးပင်ညောင်၊ သားရိုးကုန်း စတဲ့ ကျေးရွာတွေနဲ့ ဘုတလင်-စိုင်ပြင်မြို့ကြားရှိ သပြေပင်၊ ရှမ်းတဲ၊ ထန်းတန်း၊ မြောက်ကျီ၊ ညောင်ပင်ကြီး၊ နှောယင်း၊ ပဲပြစ်တော၊ အုတ်ဖို၊ လက်ပံ စတဲ့ ကျေးရွာတွေက ထောင်သောင်းချီတဲ့ ပြည်သူတွေ စစ်ရှောင်နေကြရတာ ဖြစ်ပါတယ်။
မေလ ၁၆ရက်က ဘုတလင်နဲ့ ထိစပ်နေတဲ့ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက် သိမ်းပိုက်ပြီးနောက် စစ်အုပ်စုက အခုလို ဘုတလင်နဲ့ စိုင်ပြင်ဘက် ဦးတည် စစ်ကြောင်းထိုးကာ ကျေးရွာတွေကို စီးနင်းလုယက်၊ သတ်ဖြတ်နေတာ ဖြစ်ပါတယ်။

မုံရွာခရိုင် ဘုတလင်မြို့နယ်ထဲ စစ်အုပ်စု စစ်ကြောင်းထိုးလို့ ထွက်ပြေးနေရတဲ့ ပြည်သူတွေ/Photo – ဘုတလင် ဒေါင်းရာဇာသပိတ်
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #ဘုတလင် #စိုင်ပြင် #စစ်ဘေးရှောင်ပြည်သူဗုံးကြဲ



