ဆောင်းပါး

ရိုးမပေါ်က စာအုပ်စင်နဲ့ စစ်မီးလျှံကြားက နွေဦးခရီးသည်

ဝင်းသိန်း/MFP (ဆောင်းပါး)

မကွေးတိုင်းရဲ့ ပဲခူးရိုးမအစပ် တောတောင်လျှိုမြောင်တစ်ခုအတွင်းမှာ ဖြစ်ပါတယ်။ ဝါးထရံကာ၊ သက်ကယ်မိုး တဲစုတ်လေးတွေထဲကနေ စာအံသံတွေက တောတွင်းလေညင်းနဲ့အတူ လွင့်ပျံ့နေပါတယ်။

အနီးအနားက သစ်ပင်ရိပ်တစ်ခုအောက်မှာတော့ လူငယ်တစ်စုဟာ စတားလင့် (Starlink) ဒယ်အိုးအဝိုင်းလေးတစ်ခုကို အားကိုးတကြီး စိုက်ကြည့်နေကြပါတယ်။ ကောင်းကင်ယံကနေ စစ်ကောင်စီရဲ့ တိုက်လေယာဉ်သံ ကြားလိုက်တိုင်း စာအုပ်တွေကို ရင်ခွင်ထဲပိုက်ပြီး ဗုံးခို ကျင်းထဲ ဆင်းပြေးရတဲ့ ဒီဘဝဟာ မကွေးတိုင်းက တော်လှန်ကျောင်းသား လူငယ်တွေအတွက်တော့ နေ့စဉ်ဘဝတစ်ခုလို ဖြစ်နေပါပြီ။

နွေဦးက မွေးဖွားလာသော ခရီးသည်များ

“နွေဦးခရီးသည်” ဆိုတာ ဒီကနေ့ မကွေး တိုင်းရဲ့ စိုးမိုးနယ်မြေတွေမှာ ပညာရေးနဲ့ ကျန်းမာရေး ဝန်ဆောင်မှုတွေကို စာကြည့်တိုက်အခြေပြုပြီး ဖော်ဆောင်နေတဲ့ အဖွဲ့အစည်းတစ်ခုပါ။ သူတို့ရဲ့ အစပြုခြင်းက ၂၀၂၁ ခုနှစ် နှောင်းပိုင်းကာလတွေမှာ ဖြစ်ပါတယ်။

“ဒီအဖွဲ့မှာ ပါဝင်ကြတဲ့သူတွေက လူငယ်တွေ၊ သမဂ္ဂအဖွဲ့ဝင် ကျောင်းသား၊ ကျောင်းသူတွေ၊ တက္ကသိုလ်တက်စဉ်က မြို့မှာ စာကြည့်တိုက်လုပ်ငန်း လုပ်ကိုင်ခဲ့သူတွေ ဖြစ်ပါတယ်။ သူတို့နဲ့ ပေါင်းစပ်ပြီး ၂၀၂၁ နှစ်ကုန်မှာ အဖွဲ့စဖွဲ့ခဲ့တာပါ” လို့ အဖွဲ့တာဝန်ခံ မမေတူးက သူတို့ရဲ့ အတိတ်ခြေလှမ်းတွေကို ပြန်ပြောင်းပြောပြပါတယ်။

စတင်တည်ထောင်စမှာ CDM ဝန်ထမ်းတွေကို ထောက်ပံ့တာ၊ စစ်ဘေးရှောင်တွေကို အွန်လိုင်းကတစ်ဆင့် ကူညီတာနဲ့ လူငယ်တွေအတွက် စွမ်းဆောင်ရည်မြှင့်သင်တန်းတွေ ပေးတာမျိုး လုပ်ဆောင်ခဲ့ကြပါတယ်။

ဒါပေမဲ့ ၂၀၂၂ ခုနှစ်မှာတော့ တော်လှန် ရေးနယ်မြေတွေ ကျယ်ပြန့်လာတာနဲ့အမျှ သူတို့ဟာ မြေပြင်စာကြည့် တိုက်တွေကို လက်တွေ့အကောင် အထည်ဖော်ပြီး ဒေသခံပြည်သူတွေအတွက် ပညာရေးဝန်ဆောင်မှုတွေကို တိုးမြှင့်လုပ်ဆောင်လာခဲ့ပါတယ်။

“မူလတန်းတွေအတွက် သင်ထောက်ကူပစ္စည်းနဲ့ စာရေးကိရိယာတွေ ထောက်ပံ့တယ်။ နောက်တစ်ပိုင်းကတော့ အလယ် တန်း၊အထက်တန်းကျောင်းသူ၊ ကျောင်း သားတွေကို ပညာသင်ကြားခွင့်ရရှိရေးကို ဆောင်ရွက်ရတာပါ”လို့ မမေတူးကဆိုပါ တယ်။

စစ်ကြောင်းနှင့် အွန်လိုင်းကျောင်းကြားက အခက်အခဲ

မကွေးတိုင်းအတွင်းက စိုးမိုးနယ်မြေတွေမှာ ပညာရေးသင်ကြားရေးဟာ စိန်ခေါ်မှုအပြည့်နဲ့ပါ။ အဓိကပြဿနာက သင်ကြားရေး ဆရာ၊ ဆရာမ ရှားပါးတာ ဖြစ်ပါတယ်။ နွေဦးခရီးသည်အဖွဲ့ မရောက်ခင်ကတည်းက ဒေသခံကျောင်းသားတွေဟာ အွန်လိုင်းကျောင်း (Online School) တွေကို အားကိုးခဲ့ကြရပါတယ်။

ဒါပေမဲ့ စစ်ကောင်စီက အင်တာနက်လိုင်းတွေကို ဖြတ်တောက်တာ၊ အော်ပရေတာလိုင်းတွေကို ပိတ်ပင်တာတွေ လုပ်ဆောင်လာတဲ့အခါ ကျောင်းသားတွေဟာ ပညာသင်ခွင့်နဲ့ ဝေးကွာခဲ့ရပါတယ်။ အဆိုးရွားဆုံးကတော့ စစ်ကောင်စီ စစ်ကြောင်းတွေ ဝင်လာပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတဲ့ အခါမှာတော့ လူငယ်တွေဟာ နေရပ်စွန့်ခွာပြီး တောင်ယာတွေ၊ တောတောင်တွေထဲမှာ ရွှေ့ပြောင်းပုန်းအောင်းနေထိုင်ခဲ့ကြရပါတယ်။

ဒီလိုအခြေအနေမျိုးမှာ နွေဦးခရီးသည်အဖွဲ့ဟာ အွန်လိုင်းကနေပါ ပညာသင်ခွင့် ဆုံးရှုံးလုနီးပါးဖြစ်နေတဲ့ အလယ်တန်းနဲ့ အထက်တန်းကျောင်းသားတွေအတွက် တောတောင်တွေကြားမှာ အဆောင်တွေဆောက်၊ စာသင်ခန်းတွေ ဖန်တီးပေးခဲ့ပါတယ်။ လက်ရှိမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ ပညာရေးဝန်ကြီးဌာနက အသိအမှတ်ပြုထားတဲ့ ဖက်ဒရယ်ကျောင်းတွေမှာ ကျောင်းသူ၊သားတွေ ဆက်လက်ပညာ သင်ကြားနိုင်အောင် စီစဉ်ပေးထားပါတယ်။

“ဒီမှာဆိုလို့ရှိရင် အခက်အခဲကတော့ စတားလိင့်(starlink)ဖြစ်တော့ အင်တာနက်လိုင်းက အရမ်းကြီးဆိုးဆိုးဝါးဝါးမဖြစ်ဘူး။ Deviceတွေအရမ်းများတော့ လိုင်းမကောင်းတာမျိုးတွေဖြစ်နိုင်တယ်။ မြေ ပြင် အခြေအနေအရ လေကြောင်းလိုင်းတွေအရမ်းလာတော့ လိုင်းပိတ်လိုက်တဲ့အခါမျိုးတွေနဲ့ ကျောင်းက စာသင်ချိန် တွေကို မပျက်ကွက်ရဘူးဆိုတဲ့အခြေ အနေမှာဆိုရင်တော့ သူတို့အတွက်အခက် အခဲတွေရှိတယ်”လို့ စတားလင့်ခ် သုံးရတဲ့အခြေအနေကို မမေတူးက ရှင်းပြပါတယ်။

တောတွင်းစာကြည့်တိုက်နှင့် တော်လှန်ပညာရေး

နွေဦးခရီးသည်ရဲ့ စာကြည့်တိုက်မှာ လက်ရှိ စာအုပ် ၇၀၀ ကျော် ရှိပါတယ်။ အဲဒီစာအုပ်တွေဟာ သမိုင်းနောက်ခံ၊ တော်လှန်ရေးနောက်ခံနဲ့ နိုင်ငံရေးစာအုပ်တွေက အများစု ဖြစ်ပါတယ်။ ရုံးစိုက်ရာ နေရာတိုင်းမှာ စာကြည့်တိုက် ဖွင့်လှစ်ထားပြီး ဒေသခံပြည်သူတွေနဲ့ တော်လှန်ရေးရဲဘော်တွေပါ အခမဲ့ ငှားရမ်းဖတ်ရှုနိုင်ပါတယ်။

“ကျမတို့က ကျောင်းဆောင်တွေ စီစဉ်ပေးတယ်။ စစ်ရှောင်ကျောင်းသားတွေ ဖြစ်တဲ့အတွက် အခကြေးငွေ မယူဘဲ စားနပ်ရိက္ခာနဲ့ စာရေးကိရိယာတွေကို တတ်နိုင်သလောက် ပံ့ပိုးပေးနေတာပါ” လို့ မမေတူးက ဆိုပါတယ်။

ဒါပေမဲ့ ဒီကျောင်းသားတွေရဲ့ နေ့စဉ်ဘဝကတော့ လွယ်ကူလှသည်မဟုတ်။ အဆောင်မှာနေတဲ့ ကျောင်းသားတွေဟာ ကိုယ်တိုင်ချက်ပြုတ်စားသောက်ကြရပြီး၊ ရိုးမပေါ်က ဝါးထရံတဲလေးတွေမှာ နေထိုင်ရတဲ့အတွက် ရာသီဥတုဒဏ်ကို အလူးအလဲ ခံကြရပါတယ်။ စိုထိုင်းဆများတဲ့ ကာလတွေမှာ စောင်၊ ခြင်ထောင်နဲ့ စာအုပ်တွေ မှိုစွဲတာကြောင့် ကျန်းမာ ရေးအတွက် အမြဲစိုးရိမ်နေရတဲ့ အခြေ အနေပါ။

ကျောင်းသူ၊သားတွေ ကိုယ်တိုင်ချက် ပြုတ်စားသောက်နေကြရတဲ့အခြေအနေကို မျက်နှာကလေးပြုံးပြုံးလေးနဲ့ မမေတူးက အခုလိုပြောပြပါတယ်။

“အဆောင်မှာနေပြီးမှ ကျောင်းလာတက်ကြ တဲ့ကျောင်းသူ၊သားတွေအနေနဲ့ အခက်အခဲတွေကတော့များတယ်။ ကျမတို့ နွေဦးခရီးသည် စာကြည့်ဖက်ကနေပြီးတော့မှ စာနပ်ရိက္ခာအတွက်ပြင်ဆင်ပေးတယ်ဆိုပေမယ့် ချက်ပြုတ်တာကတော့ ကျောင်းသူ၊သားတွေကိုယ်တိုင် Team တွေ ခွဲပြီးတော့မှ ချက်ပြုတ်ရတယ်။ နေ့စဉ်ကိုယ့်ဂျူတီနဲ့ ကိုယ့်လုပ်ရတာဆိုတော့ ကိုယ်ချက်တာကိုယ်စားကြရတဲ့အခါမှာ သူတို့မှာအခက် အခဲရှိတာတွေ့ရတယ်ပေါ့”လို့ ဆိုပါတယ်။

ရှင်သန်ရေးအတွက် ရုန်းကန်နေရသည့် စိန်ခေါ်မှုများ

တော်လှန်ရေးဟာ အချိန်ကြာလာတာနဲ့အမျှ ရန်ပုံငွေ ရရှိမှု လျော့နည်းလာတာဟာ နွေဦးခရီးသည်အဖွဲ့အတွက် အကြီးမားဆုံးသော စိန်ခေါ်မှု ဖြစ်လာပါတယ်။ အရင်က သီးခြားအလှူရှင်တွေနဲ့ ရပ်တည်ခဲ့ပေမယ့် ၂၀၂၅ ခုနှစ်ကစပြီး Facebook Page ကနေတစ်ဆင့် အလှူခံတာတွေကို အားစိုက်လုပ်ဆောင်လာရပါတယ်။

“နောက်လာမယ့် ပညာသင်နှစ် တစ်နှစ်စာ ဖွင့်လှစ်နိုင်ဖို့ လိုအပ်ချက်တွေ မပြည့်မီဘူးဆိုတဲ့ စိန်ခေါ်မှု ရှိနေပါတယ်” လို့ မမေတူးက ရင်ဖွင့်ပါတယ်။

နောက်ထပ် အခက်အခဲတစ်ခုကတော့ သယ်ယူပို့ဆောင်ရေးပါ။ သင်ကြားရေး အထောက်အကူပြု ပစ္စည်းတွေနဲ့ စာအုပ်တွေကို ရိုးမပေါ်ရောက်အောင် သယ်ဖို့အတွက် ပုံမှန်လမ်းကြောင်းတွေ သုံးလို့မရတော့ပါဘူး။ ဒါကြောင့် EROs (တိုင်းရင်းသားလက်နက်ကိုင်) နယ်မြေတွေကနေ ပတ်သယ်နေရတဲ့အတွက် လမ်းစရိတ် ကုန်ကျမှုဟာ အဆမတန် မြင့်တက်နေပါတယ်။

“ပုံမှန်လမ်းကြောင်းတွေကနေ သယ်ယူရတာ အဆင်မပြေတော့တဲ့အခါ EROs ဒေသတွေကနေ လှည့်ပတ်သယ်ယူနေရတယ်။ အဲလိုမျိုးသယ်ယူရတဲ့အခါမှာလည်း လမ်းစရိတ်ကုန်ကျမှုအရမ်းများ တယ်။ အရေးကြီးတဲ့ပစ္စည်းတွေထဲမှာမှ အဓိကလိုအပ်တဲ့ပစ္စည်းတွေကိုပဲ ရွေးပြီးသယ်နေရတယ်”လို့ လမ်းခရီးခက်ခဲမှုအခြေအနေကို မမေတူးက ရှင်းပြပါတယ်။

နွေဦးခရီးသည်အဖွဲ့ဟာ ရေရှည်တည်တံ့ဖို့အတွက် ရန်ပုံငွေသာမက စာကြည့်တိုက်ကို ချစ်မြတ်နိုးပြီး ပညာရေးဝန်ဆောင်မှု ပေးချင်တဲ့ ဒေသခံလူငယ် အရင်းအမြစ်တွေ အများကြီး လိုအပ်နေပါသေးတယ်။

ဘာပဲဖြစ်ဖြစ် စစ်အာဏာရှင်ကို ဆန့်ကျင်ရင်း၊ ဗုံးဆန်တွေကြားထဲမှာ အနာဂတ်ရဲ့ ပန်းလေးတွေ ပွင့်လန်းဖို့ ကြိုးစားပေးနေတဲ့ နွေဦးခရီးသည်အဖွဲ့က လူငယ်တွေဟာ နွေဦးတော်လှန်ရေးရဲ့ ခရီးသည်တွေအဖြစ် ရိုးမတောင်တန်းတွေပေါ်မှာ မယိမ်းမယိုင် ဆက်လက် လျှောက်လှမ်းနေကြဦးမှာပဲ ဖြစ်ပါတယ်။

Related Articles

Back to top button