စစ်ကိုင်းသတင်း

ချောင်းဦးမှာ စစ်အုပ်စုက အသေခံဒရုန်းနဲ့ ဗုံးကြဲလို့ ကလေးငယ်တစ်ဦးနဲ့ မိခင်ဖြစ်သူ သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရ

MN/MFP ၊ မေ – ၂၇

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်မှာ ဒီကနေ့ မေ ၂၇ ရက် မွန်းလွဲပိုင်းမှာ အသေခံဒရုန်း(Suicide Drone)နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက်ငါးနှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ မိခင်ဖြစ်သူတို့ အခင်းဖြစ်နေရာမှာတင် သေဆုံးသွားခဲ့ပြီး နှစ်ဦးဒဏ်ရာရသွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ချောင်းဦးနယ် အနောက်ခြမ်းက မြင်းမြေရွာနဲ့ လှော်ကားရွာကြားကို ဒီကနေ့ မွန်းလွဲ ၁၂ နာရီကျော်မှာ မုံရွာမြို့ပေါ်ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် မုံရွာ(နမခ)ကနေ တက်လာတဲ့ အသေခံဒရုန်းနဲ့ တိုက်ပွဲဖြစ်စဉ်မရှိဘဲ ဗုံးကြဲသတ်ဖြတ်သွားခဲ့တာဖြစ်တယ်လို့ ဒေသခံ သတင်းရင်းမြစ်က ဆိုပါတယ်။

“တိုက်ပွဲမရှိဘဲ ကြဲသွားတာပါ။ သားအမိနှစ်ဦး သေဆုံးပါတယ်။ အသက်အရွယ်တွေကတော့ မိခင်က ၄၀ ဝန်းကျင်နဲ့ ကလေးကတော့ အသက် ငါးနှစ်လောက်ရှိပြီ။ နောက်ထပ် ဒေသခံ နှစ်ဦးလည်း ထိခိုက်ဒဏ်ရာရသွားသေးတယ်” လို့ ချောင်းဦးနယ် ဒေသခံအမျိုးသားက ပြောပါတယ်။

ချောင်းဦးနယ်ထဲမှာ စစ်အုပ်စုက မြေပြင်မှာတိုက်ပွဲဖြစ်စဉ်မရှိဘဲ လေကြောင်းက ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ မကြာခဏ လုပ်ဆောင်နေတာဖြစ်ပြီး မေလ ၂၅ရက် ညပိုင်းကလည်း စစ်အုပ်စု လက်နက်ကြီးနဲ့ ရမ်းကားပစ်ခတ်ခဲ့တာကြောင့် ကျီကုန်းရွာက အသက် ၁၄ နှစ်အရွယ်နဲ့ ၁၅ နှစ်အရွယ် မိန်းကလေးငယ် နှစ်ဦး၊ မွေးရာပါ စကားမပြောနိုင်တဲ့ အသက် ၂၂ နှစ်အရွယ် မိန်းကလေးနဲ့ အသက် ၆၀ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာတွေ ရရှိသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် မေလ ၁၂ ရက်နေ့ကလည်း ချောင်းဦးမြို့ပေါ် အထိုင်ချထားတဲ့ စစ်အုပ်စုတွေက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ရှမ်းထူးကျေးရွာက အသက် ၇၀ ကျော်အရွယ် အဖွားတစ်ဦး သေဆုံးပြီး အမျိုးသမီး တစ်ဦးနဲ့ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါသေးတယ်။

ချောင်းဦးမြို့နယ်ထဲမှာ စစ်အုပ်စုက တိုက်ပွဲဖြစ်စဉ်မရှိဘဲ အရပ်သားပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေကို အကြောင်းမဲ့ လက်နက်ကြီးတွေနဲ့ ရမ်းကားပစ်ခတ်တာ၊ စက်တပ်လေထီး ပါရာမိုတာ၊ ဂျိုင်ရိုကော်ပတာတွေနဲ့ လေကြောင်းက ဗုံးကြဲတာ၊ စစ်ကြောင်းထိုး မီးရှို့တာနဲ့ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ကျူးလွန်လုပ်ဆောင်နေတာကြောင့် ဒေသခံတွေ သေဆုံး၊ ထိခိုက်ဒဏ်ရာရမှုတွေ မကြာခဏ ဖြစ်ပွားနေရတယ်လို့လည်း ဒေသခံတွေက ဆိုထားပါတယ်။

အခုနှစ် ငါးလအတွင်းမှာ ချောင်းဦးမြို့နယ်ထဲ စစ်အုပ်စု လက်နက်ကြီးနဲ့ ကျေးရွာတွေထဲကို အကြောင်းမဲ့ ရမ်းကားပစ်ခတ်ခဲ့တာကြောင့် ဒေသခံတွေ ၁၂ ဦးကျော် သေဆုံးခဲ့ပြီး ၃၀နီးပါး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့လည်း ဒေသခံ သတင်းရင်းမြစ်တွေက ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ခင်ဦးမြို့နယ်အတွင်း တိုက်ခိုက်သွားခဲ့တဲ့အ​သေခံဒရုန်း (ပုံ​ဟောင်း) ဓါတ်ပုံ _SNS

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#စစ်ကိုင်း #ချောင်းဦး #အသေခံဒရုန်းဗုံးကြဲ

Related Articles

Back to top button