ကနီနယ်ထဲ စစ်အုပ်စု ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့နေတာ တစ်လကျော် ရှိလာ၊

ရွာ ၃၀ က သောင်းချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရပြီး စားသောက်နေထိုင်ရေး ခက်ခဲ၊
စစ်အုပ်စုက ပြည်သူပိုင်ပစ္စည်းတွေကို ရနိုင်သလောက် ဖောက်ထွင်းခိုးယူနေလို့ ပြည်သူ ပိုမို ဒုက္ခကြုံ၊
သုထက်/MFP၊ မေ – ၂၉
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်ထဲ အာဏာသိမ်း စစ်အုပ်စုက လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေ စီးနင်းကာ လူသတ်၊ လုယက်၊ မီးရှို့နေတာ တစ်လကျော်ကြာ ရှိလာပြီး ကျေးရွာ ၃၀ ကျော်က သောင်းနဲ့ချီတဲ့ ပြည်သူတွေ ထွက်ပြေးနေရကာ စားသောက်နေထိုင်ရေး အခက်အခဲတွေ ကြုံနေရတယ်လို့ ကိုယ်တိုင် စစ်ဘေးရှောင်နေရသူတွေက MFP ကို ပြောပါတယ်။
ဧပြီ ၂၅ရက်မှာ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ က ထွက်လာတဲ့ စစ်အုပ်စုနဲ့ မေ ၁၁ရက်မှာ ကနီမြို့ထဲက ထွက်လာတဲ့ စစ်အုပ်စုဟာ ယင်းမာပင် – ကနီ ကားလမ်းတလျှောက် နှစ်ဖက်ညှပ်ကာ ရွာစဉ်ပတ်မွှေပြီး လူသတ်၊ လုယက်၊ မီးရှို့နေတာ ဖြစ်ပါတယ်။
ကနီနယ်ထဲ စစ်အုပ်စုက အင်အား ၄၀၀ လောက်ကို သုံးဖွဲ့ခွဲကာ ရွာစဉ်ပတ်မွှေနေတာ ဖြစ်ပြီး စစ်ကြောင်းထိုးတဲ့ တစ်လတာအတွင်း ဖမ်းဆီးသတ်ဖြတ် စွန့်ပစ်ခံရတဲ့ ဒေသခံပြည်သူ လေးဦး ရှိသလို မီးရှို့ ဖျက်ဆီးခံရတဲ့ ကျေးရွာ ၁၀ ရွာထက်မနည်း ရှိပြီး ဖောက်ထွင်းခိုးယူခံရတဲ့ ကျေးရွာတွေကတော့ အနည်းဆုံး ရွာ ၂၀ လောက် ရှိတယ်လို့ စစ်ဘေးရှောင် ထွက်ပြေးနေရတဲ့ ဒေသခံပြည်သူတွေက ပြောပါတယ်။
ယခုတစ်ကြိမ် ကနီနယ်ထဲ ရွာစဉ်ပတ်မွှေတဲ့ စစ်အုပ်စုဟာ တွေ့သမျှပစ္စည်းတွေကို ရသလောက် ဖောက်ထွင်း ခိုးယူတာကြောင့် အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်ပြေးလာရတဲ့ ပြည်သူတွေမှာ ဆုံးရှုံးနစ်နာမှု များတယ်လို့ ကနီဒေသခံ စစ်ဘေးရှောင်ပြည်သူ အိမ်ထောင်ဦးစီး အမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။
“တွေ့သမျှအိမ်တိုင်း ဖောက်ထွင်းခိုးယူတယ်။ သူတို့ (စစ်အုပ်စု) လာပြီး ပြန်သွားမှာပဲဆိုပြီး (ရွာခံတွေက ပိုင်ဆိုင်သမျှပစ္စည်း) သိပ်မသယ်ကြဘူး၊ သူတို့က မြေပဲတွေ သယ်(ခိုးယူသယ်ထုတ်)၊ ဆန်အိတ်တွေ သယ်၊ ဝက်တွေ သတ်စားပဲ”

ကနီနယ်၊ မုံရွာ – ယာကြီး- ကလေးဝ ကားလမ်းတလျှောက်ကို အာဏာသိမ်းစကာလမှာ စစ်အုပ်စုက အကြိမ်ကြိမ် စီးနင်းကာ လူသတ်၊ လုယက်၊ မီးရှို့တာတွေ ကျူးလွန်ခဲ့ပေမယ့် တော်လှန်ရေးတပ်တွေ အားကောင်းလာလို့ ၂၀၂၂ နှစ်ကုန်ပိုင်းက စတင်ကာ ကနီနယ်၊ မုံရွာ – ယာကြီး- ကလေးဝ လမ်းပေါ် စစ်အုပ်စု ခြေမချိနိုင်ဘဲ သုံးနှစ်ကျော်အကြာ ယခု ၂၀၂၆ နှစ်လယ်ပိုင်းမှ ပေါ်တာဆွဲ စုဆောင်းထားတဲ့ စစ်သားသစ်တွေကို အသေခံရှေ့ကတက်ခိုင်းကာ တကျော့ပြန် စစ်ကြောင်းထိုးနိုင်တာ ဖြစ်ပါတယ်။
စစ်အုပ်စုဟာ ဖောက်ထွင်းခိုးယူလို့ ရသမျှပစ္စည်းတွေကို ပြည်သူပိုင် လှည်း၊နွားတွေ၊ ထွေလာဂျီတွေ လုယက်ကာ မုံရွာ နမခ ဘက်နဲ့ ကနီမြို့ပေါ် သယ်ထုတ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
မေလ ၁၃ရက်က ကနီနယ် သမင်ခြံ၊ မုဌော စတဲ့ ကျေးရွာတွေကို စီးနင်းကာ ဖောက်ထွင်းခိုးယူလို့ ရသမျှ ပစ္စည်းတွေကို စစ်အုပ်စုဟာ ပြည်သူပိုင်လှည်းနွား ၁၀ရှဉ်းနဲ့ ထွေလာဂျီ သုံးစင်းနဲ့အတူ ယင်းမာပင်နယ် ဆုံချောင်းရွာဘက် သယ်ယူလာပြီးနောက် ဆုံချောင်းရွာရောက်ချိန် မုံရွာ နမခ ကနေ စစ်ကား ၁၃စီးနဲ့ လာကြိုကာ ခိုးရာပါ ပစ္စည်းတွေကို တဆင့် ပြန်လည် သယ်ယူခဲ့ပါတယ်။ ခိုးရာပါ ပစ္စည်းတွေ သယ်ထုတ်လာတဲ့ ပြည်သူပိုင် လှည်း၊နွားနဲ့ ထွေလာဂျီတွေကိုတော့ ဆုံချောင်းနဲ့ တရော်ကျင်းရွာတွေအနီး စွန့်ပစ်ခဲ့ပါတယ်။
လက်ရှိမှာ စစ်အုပ်စု ရန်ကြောင့် ကနီနယ်၊ ကနီမြို့ရဲ့ တောင်ဘက်ရှိ ကျေးရွာ ၁၈ရွာက ပြည်သူတွေ ရွာလုံးကျွတ် ထွက်ပြေးနေရပြီး နောက်ထပ် ကျေးရွာ ၁၀ရွာကျော်ကတော့ စစ်အုပ်စု အခြေအနေကို ကြည့်ကာ ထွက်ပြေးလိုက်၊ ရွာထဲပြန်ဝင်လိုက်နဲ့ နေထိုင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စုရန်ကြောင့် ကျေးရွာအတွင်း မနေဝံ့ဘဲ စစ်ဘေးရှောင်ထွက်ပြေးနေရသူ သုံးသောင်ကျော် ရှိပြီး တောတိုက်နဲ့ နီးစပ်ရာ ကျေးရွာတွေမှာ ခိုလှုံနေရကာ စားသောက်၊နေထိုင်ရေ ခက်ခဲနေတယ်လို့ ကိုယ်တိုင်ကြုံနေရသူတွေက ပြောပါတယ်။
“တကယ်ကို ဒုက္ခရောက်နေကြတယ်။ တချို့ကျတော့လည်း အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ (ထွက်ပြေးလာကြရတော့) စားရေးသောက်တာ ဒုက္ခရောက်ကြတယ်။ ဆန်၊ဆီ၊ဆား စားနပ်ရိက္ခာ ပြတ်နေကြတယ်။ သက်ကြီးရွယ်အိုတွေရဲ့ ကျန်းမာရေးဆိုရင် ဒီနေ့ကို အဖိုးကြီးတစ်ယောက် တောတဲတင် သေတယ်။ မြေမြှုပ်လိုက်ရတယ်။ ရေ ခက်ခဲတယ်။ သောက်ရေ ခက်ခဲတယ်။ မိုးတွင်းကာလရောက်လာပြီမို့ စစ်ရှောင်တွေမှာ ခြင်ထောင်တို့၊ မိုးကာတို့ လိုအပ်တယ်၊ မြေကြီးထဲ အိပ်၊ သစ်ပင်အောက်မှာပဲ နေရတာ။ ခြင်ထောင်တွေ၊ မိုးကားတွေ၊ စားနပ်ရိက္ခာတွေ လိုအပ်ပါတယ်” လို့ ကိုယ်တိုင် စစ်ဘေးရှောင်နေရသူ အိမ်ထောင်ဦးစီး အမျိုးသားတစ်ဦးက ပြောပါတယ်။

စစ်အုပ်စုဟာ ကနီနယ် အပါအဝင် ယင်းမာပင်ခရိုင်ထဲရှိ ယင်းမာပင်နဲ့ ပုလဲနယ်ထဲကိုလည်း ဖေဖေါ်ဝါရီလက စလို့ အင်အား ထောင်နဲ့ချီသုံးကာ ရွာစဉ်ပတ်မွှေပြီး လူသတ်၊ လုယက်၊ မီးရှို့၊ ဗုံးကြဲတာတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။
ယင်းမာပင်နယ်ထဲရှိ မြို့၊ရွာတွေနဲ့ မုံရွာ – ယာကြီး – ကလေးဝ ကားလမ်း၊ ပုလဲ – ဂန့်ဂေါ ကားလမ်းတွေကို ပြန်လည် စိုးမိုး ထိန်းချုပ်နိုင်ရေးအတွက် စစ်အုပ်စုက အခုလို အင်အားသုံးကာ စစ်ကြောင်းထိုးနေတာ ဖြစ်ပြီး ရွာမီးရှို့တာ၊ လူသတ်တာ၊ လုယက်တာ၊ ဖောက်ထွင်းခိုးယူတာ၊ ဗုံးကြဲတာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတာလို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။



ကနီနယ်ထဲ စစ်အုပ်စု ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ မီးရှို့နေလို့ ထွက်ပြေးနေရတဲ့ ပြည်သူတွေ/Photo – သုထက်၊ Pyae Aung Naing
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #ယင်းမာပင် #စစ်ကိုင်း #ကနီ



