စစ်ကိုင်းသတင်း

ဘုတလင်မှာ စစ်အုပ်စုက ခိုးရာပါပစ္စည်းတွေကို လျော့ဈေးနဲ့ ပြန်ရောင်းနေ၊ကလစ်ဆိုင်ကယ်တစ်စီး ငါးသိန်း၊ ဖုန်းတစ်လုံး တစ်သိန်း၊ ဆန်တစ်အိတ် ငါးသောင်းနှုန်းနဲ့ ရောင်း၊

မာကျူရီ/MFP၊ ဇွန် – ၄

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်ထဲ လက်နက်အားကိုးနဲ့ လူသတ်၊ လုယက်၊ မီးရှို့နေတဲ့ အာဏာသိမ်း စစ်အုပ်စုက ဘုတလင်မြို့ပေါ်ရှိ လူမနေတဲ့ နေအိမ်တွေနဲ့ မြို့အနီးဝန်းကျင် ကျေးရွာတွေကို စီးနင်းကာ ပြည်သူပိုင် ပစ္စည်းတွေကို ဖောက်ထွင်းလုယက် ခိုးယူပြီးနောက် လျော့စျေးနဲ့ ပြန်ရောင်းနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

အာဏာသိမ်း စစ်အုပ်စုဟာ ဘုတလင်မြို့ရှိ အထက်တန်းကျောင်းနဲ့ မီးသတ်ရုံးနေရာတွေမှာ နေရာယူထားကာ ခိုးရာပါ ပစ္စည်းတွေကို မတန်တဆ လျော့စျေးတွေနဲ့ ပြန်ရောင်းနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ခိုးလာတဲ့ ဆိုင်ကယ်တွေ၊ ဖုန်းတွေ ပြန်ရောင်းနေတာ။ ဆိုင်ကယ်ဆို ကလစ် (Click)တို့ ဘာတို့ ကောင်းတဲ့ဟာမှ ငါးသိန်းတဲ့၊ အစုတ်တွေက နှစ်သိန်း၊ သုံးသိန်း အဲ့လောက်ပဲ။ ဆီတစ်ပုံ ၅၀၀၀၀၊ ဆန်တစ်အိပ် ၅၀၀၀၀၊ အဲ့လိုတွေ ချရောင်းနေတာ” လို့ ဒေသခံ ပြည်သူတစ်ဦးက ပြောပါတယ်။

မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် – နမခ နဲ့ ထိစပ်နေတဲ့ ဘုတလင်နယ်ထဲကို ပြီးခဲ့တဲံ မေလက စတင်ကာ အာဏာသိမ်း စစ်အုပ်စုက အင်အား ၄၀၀ လောက် သုံးကာ လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေနေတာ ဖြစ်ပါတယ်။

လက်ရှိ ဘုတလင်မြို့ပေါ်မှာ စစ်အုပ်စုက လျော့စျေးနဲ့ ပြန်ရောင်းနေတဲ့ ပြည်သူပိုင် ပစ္စည်းတွေဟာ ဘုတလင်မြို့ပေါ်ရှိ နေအိမ်တွေ၊ မြို့ရဲ့ အရှေ့ဘက်ခြမ်းရှိ သပြေပင်၊ ရှမ်းတဲ၊ ရွှေတောင် စတဲ့ ကျေးရွာတွေနဲ့ မြို့ရဲ့ မြောက်ဘက်ခြမ်းရှိ ထန်းတန်း၊ မြောက်ကျီ၊ တက်လှိုင်း၊ ပဲပြစ်တော စတဲ့ ကျေးရွာတွေကနေ ဖောက်ထွင်းခိုးယူ လုယက်ထားတဲ့ ပြည်သူပိုင် ပစ္စည်းတွေ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်အုပ်စုဟာ အဲ့ဒီ ခိုးရာပါ ဆန်၊ ဆီ၊ ဆိုင်ကယ်၊ ဖုန်း၊ စက်ဘီး စတာတွေကို ဘုတလင်မြို့ပေါ် သယ်ထုတ်လာပြီး ယခင်ကလို နမခ ထဲအထိ မသယ်ယူတော့ဘဲ မြို့ပေါ်မှာပဲ ရသလောက်စျေးနဲ့ ရောင်းချနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ခိုးရာပါ ပစ္စည်းတွေထဲက ဖုန်းတစ်လုံးကို ကျပ်တစ်သိန်း ပတ်ချာလည်၊ စက်ဘီတစ်စီးကို ကျပ် သောင်းဂဏန်းနဲ့ ပွဲဈေးရောင်းသလို ရောင်းချနေတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဆီပုံးတွေကြ အဲ့ဒီမြို့ပေါ်ရှိတဲ့ ဆီစက်တွေ သွားရောင်းတာလို့ ပြောတယ်၊ ဆယ်၀င်ပုံးတစ်ပုံးမှ ၅၀၀၀၀ (ကျပ်)နဲ့ရောင်းတာ၊ ဆီစက်တွေကလည်း ၀ယ်ရတာပါ့၊ သူတို့(စစ်တပ်) ကတော့ ရွာပတ်လည် ၀င်ပြီး တွေ့သမျှ ထော်လာဂျီနဲ့ သယ်ပြီး ပြန်ရောင်းနေတာ” လို့ ဘုတလင်နယ် အရှေ့ခြမ်း ကျေးရွာခံ ပြည်သူတစ်ဦးက ပြောပါတယ်။

ဘုတလင်မြို့နယ်အတွင်းကို မုံရွာ နမခ ကတဆင့် မေ ၁၆ရက်က စတင်ကာ စစ်အုပ်စုက ရွာစဉ်ပတ်မွှေ ဖောက်ထွင်းလုယက် ခိုးယူနေတာ ဖြစ်ပြီး ပြည်သူ သုံးဦးထက်မနည်း သတ်ဖြတ်ခံရပြီး ဖြစ်သလို ဓားစာခံလူသားဒိုင်းကာနဲ့ ခိုးရာပါ ပစ္စည်းသယ်ယူဖို့ ဖမ်းဆီးခံရသူတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ရှမ်းတဲနဲ့ သပြေပင်(ရွာ)က မရှောင်ကြတဲ့ လူတွေ အသတ်ခံရတယ် ကြားတယ်၊ ဘယ်သူမှ ရွာပြန်မကပ်နိုင်တော့ အတိကျတော့ မသိသေးဘူး၊ဖမ်းခံရတဲ့ လူလည်း ရှိတာပဲ၊အတိကျတော့ မသိရဘူးလေ၊ သတ်ခံထားရတာကို အနည်းဆုံးတော့ သုံးယောက်လောက် ရှိပြီ” လို့ ဘုတလင်နယ်ခံ စစ်ရှောင်ပြည်သူတစ်ဦးက ပြောပါတယ်။

စစ်အုပ်စု ရန်ကြောင့် ဘုတလင်မြို့ရဲ့ အရှေ့ဘက်ကျေးရွာတွေနဲ့ မြောက်ဘက်ခြမ်းမှာရှိတဲ့ ကျေးရွာ ၁၀ ရွာ၀န်းကျင်က ပြည်သူတွေ စစ်ရှောင်နေကြရတာ လဝက်ကျော်ပြီ ဖြစ်ပါတယ်။

မုံရွာ နမခ ထဲနေ စစ်အုပ်စုဟာ ပြီးခဲ့တဲ့ လပိုင်းက ယင်းမာပင်၊ ကနီ၊ ပုလဲနယ်တွေထဲ စစ်ကြောင်းထိုးရာမှာလည်း ဘုန်းကြီးကျောင်းနဲ့ သာသနိကပိုင် ပစ္စည်းတွေပါမချန် တွေ့သမျှပစ္စည်းတွေ ဖောက်ထွင်းခိုးယူကာ နေအိမ်တွေ မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

ဒါ့အပြင် လွန်ခဲ့တဲ့ နှစ်တွေကလည်း စစ်ကိုင်း၊ ကလေး၊ ရွှေဘိုနဲ့ ဒီပဲယင်းနယ်တွေမှာ စစ်အုပ်စုက လက်နက်အားကိုးနဲ့ ပြည်သူပိုင်ပစ္စည်းတွေ ဖောက်ထွင်းလုယက် ခိုးယူပြီး လျော့စျေးနဲ့ ပြန်ရောင်းတာတွေ ရှိခဲ့ပါတယ်။

တချိန်တည်းမှာပဲ မန္တလေးမြို့ နန်းမြို့တွင်း အခြေပြုတဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် – လပခ ထဲနေ စစ်အုပ်စုဟာလည်း မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ မိုးကုတ်နဲ့ မြင်းခြံနယ် မြို့၊ရွာတွေကို ပြန်လည် သိမ်းပိုက်နိုင်ချိန် ပြည်သူပိုင် ပစ္စည်းတွေကို ထင်တိုင်းကျဲ ဖောက်ထွင်းခိုးယူပြီးနောက် လျော့စျေးနဲ့ပြန်လည် ရောင်းချတာတွေ လုပ်ခဲ့ပါတယ်။

Related Articles

Back to top button