
MN/MFP ၊ ဇွန် – ၁၄
စစ်ကိုင်းတိုင်းရဲ့မြို့တော် မုံရွာမြို့အနီး ချောင်းဦးမြို့နယ်ထဲ လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ မီးရှို့တဲ့ အာဏာသိမ်း စစ်အုပ်စုက ဆင်မြေကျေးရွာအတွင်း မီးရှို့ဖျက်ဆီးရာမှာ အများပြည်သူ ကိုးကွယ်ပူဇော်တဲ့ ရှေးဟောင်းနှီးဘုရား ရုပ်ပွားတော်ကြီးပါ ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ချောင်းဦးမြို့နယ်၊ မုံရွာ – ချောင်းဦး – ရေစကြို ကားလမ်းတလျှောက်၊ ချောင်းဦးနယ် တောင်ခြမ်းနဲ့ အရှေ့ခြမ်းရှိ ကျေးရွာတွေကို မေလ ၃၁ ရက်ကနေ ဇွန် ၁၂ ရက်ထိ ၁၀ ရက်ကျော်ကြာ စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုတွေဟာ ဆင်မြေ၊ ငါးလုံးတင်နဲ့ မှန်ချိုကျေးရွာတွေကို လေးရက်ဆက် စီးနင်းလုယက် မီးရှို့ဖျက်ဆီးတာ ဖြစ်ပါတယ်။
ဆင်မြေကျေးရွာကို ဇွန် ၉ရက်ကနေ ၁၂ရက်အထိ စီးနင်းတဲ့ စစ်အုပ်စုဟာ ကျေးရွာအတွင်းရှိ နေအိမ်တွေ ဖောက်ထွင်းကာ တန်ဘိုးရှိ ပစ္စည်းတွေ ခိုးယူသယ်ထုတ်ပြီးနောက် မီးရှို့ ဖျက်ဆီးရာမှာ ဆင်မြေကျေးရွာအတွင်းရှိ ပြည်သူအများ ကိုးကွယ်ပူဇော်နေတဲ့ ရှေးဟောင်း နှီးဘုရာကြီးဖြစ်တဲ့ လာဘမုနိ ချမ်းသာကြီး မြတ်စွာဘုရား (နှီးဘုရားရုပ်ပွားတော်)နဲ့ ဂန္ဓကုဋိတိုက်တော်ကိုပါ မီးတင်ရှို့ ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။
“အမျိုးဘာသာ၊ သာသနာကို ခုတုံးလုပ်နေတဲ့ မအလကျွန် အကြမ်းဖက်စစ်တပ်ဟာ ချောင်းဦးမြို့နယ် ဆင်မြေကျေးရွာကို မီးရှို့ဖျက်ဆီးရာမှာ ချမ်းသာကြီးလာဘမုနိ မြတ်စွာဘုရား ဂန္ဓကုဋိတိုက်တော်နဲ့ ချမ်းသာကြီး ရုပ်ပွားတော်ကိုပါ မီးရှို့ဖျက်ဆီးခဲ့တာပါ။ လောကသုံးပါးရဲ့ဆရာ ဖြစ်တော်မူတဲ့ မြတ်စွာဘုရားရဲ့ ဂန္ဓကုဋိတိုက်တော်တောင် မအလလက်ချက်နဲ့ မီးဘေးသင့်တော်မူရရှာတယ်” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။




ဆင်မြေ၊ ငါးလုံးတင်နဲ့ မှန်ချိုကျေးရွာတွေကို စစ်အုပ်စု လေးရက်ဆက် မီးရှို့ဖျက်ဆီးလို့ အိမ်ခြေ ၂၃၀ ကျော် ပြာကျပျက်စီးတယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ – ပအဖ တာဝန်ရှိသူက ပြောပါတယ်။
စစ်အုပ်စုဟာ ရွာတွေကို မီးမရှို့ခင် ကျေးရွာအတွင်းရှိ ပြည်သူပိုင် တန်ဘိုးရှိ ပစ္စည်းတွေကို ဖောက်ထွင်း ခိုးယူပြီးနောက် စစ်ကားတွေနဲ့ တင်ကာ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ နဲ့ ချောင်းဦးမြို့ဆီ ခိုးယူသယ်ထုတ်ပြီးမှ နေအိမ်တွေကို စိမ်ပြေနပြေ မီးရှို့ဖျက်ဆီးတာဖြစ်သလို ရွာထဲက ပြန်ထွက်ချိန်မှာလည်း ရွာကို မီးတိုက်ခဲ့တာလို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဆင်မြေ၊ ငါးလုံးတင်နဲ့ မှန်ချို ကျေးရွာတွေဟာ ချောင်းဦး-ရေစကြို ကားလမ်းဘေးမှာ တဆက်တည်း တည်ရှိပြီး စုစုပေါင်း အိမ်ခြေ ၂၀၀၀ ကျော်ရှိတဲ့ ကျေးရွာအုပ်စုကြီး ဖြစ်ပါတယ်။
ချောင်းဦးမြို့နယ်ထဲ ၁၀ရက်ကျော်ကြာ စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုဟာ ရွာတော်လေးကျေးရွာက အသက် ၃၀ အရွယ် အမျိုးသား တစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့သလို ပြည်သူကို ပစ်မှတ်ထားကာ ဗုံးကြဲ သတ်လို့ ဒေသခံတချို့ ထိခိုက်သေဆုံးမှု ရှိခဲ့ပါတယ်။

မုံရွာ – ချောင်းဦး – ရေစကြို ကားလမ်းတလျှောက် PDF တွေ ရှိနေလို့ စစ်ကြောင်းထိုး၊ သတ်ဖြတ်၊ မီးရှို့ခဲ့ကာ PDF စခန်းတချို့ သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်အုပ်စုက အောင်ပွဲခံ သတင်းဖြန့်ပါတယ်။


အာဏာသိမ်း စစ်အုပ်စု မီးရှို့ ဖျက်ဆီးခဲ့တဲ့ ချောင်းဦးနယ် ဆင်မြေကျေးရွာရှိ ရှေးဟောင်း နှီးဘုရား ရုပ်ပွားတော်ကြီးနဲ့ ကျောင်းဆောင်အား တွေ့ရစဉ်/Photo – ဒေသခံ (ပေးပို့)
MFP ရဲ့ သတင်း၊ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#စစ်ကိုင်း #ချောင်းဦး #မီးရှို့ #ဆင်မြေရွာ



