
ရွှေဥ / MFP၊ ဇွန်-၂၂
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ကနေ အာရှလမ်းမကြီး(မုံရွာ-ယာကြီး-လာပို့-မင်းကင်း-ကလေးဝ)အတိုင်း စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုဟာ မင်းကင်းမြို့နယ်အစပ်ထိ ရောက်ရှိလာပြီလို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
အင်အား ၂၅၀ ကျော်ရှိတဲ့ စစ်အုပ်စုစစ်ကြောင်းဟာ ပြီးခဲ့တဲ့ မေလလယ်ကစပြီး မုံရွာမြို့ပေါ်ကနေ မုံရွာ-ယာကြီး-မင်းကင်း-ကလေးဝ အာရှလမ်းမကြီးအတိုင်း ကနီမြို့နယ်ကိုဖြတ်သန်း စစ်ကြောင်းထိုးလာပြီး ဒီကနေ့ ဇွန်လ(၂၂)ရက်နေ့မှာတော့ မင်းကင်းမြို့နယ်အစပ်ကို ရောက်ရှိလာတာလို့ ဆိုပါတယ်။
“ဒီတခေါက်က ၄၉ တာဝါတိုင်ထိ တက်တယ်။ လာပို့ဘက်ဖြတ်ပြီး တောင်တွင်းချောင်ဘက် ဆင်းသွားတာ။ အခုလောလောဆယ် လာပို့ကျော်ပြီ။ လာပို့က ဆင်းသွားရင် ကျော်ရွာပျူရွာဆိုတာ ရှိတယ်။ ခြေလျင်ပဲ။ စစ်ယာဉ်တန်းတော့ မပါဘူး” လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။



စစ်ကြောင်းဟာ ဇွန်လ (၁၉) ရက်နေ့မှာ ကနီမြို့နယ်၊ လာပို့ကျေးရွာက အသက် (၆၃) နှစ်အရွယ် ဦးဝင်းနိုင်နဲ့ စိတ်ကျန်းမာရေးချို့တဲ့သူ အသက် (၃၆) နှစ်အရွယ် ကိုဖြိုးသူ တို့ကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ကားလမ်းဘေး ဝဲ/ယာမှာရှိတဲ့ ဒေသခံ အနည်းဆုံး ၁၆ ဦးကို ဓားစာခံအဖြစ်ဖမ်းဆီးပြီး မင်းကင်းမြို့နယ်၊ တောင်တွင်းချောင်ကျေးရွာအထိ ခေါ်ဆောင်သွားတယ်လို့ ကနီမြို့နယ် ဒေသခံတွေက ပြောပါတယ်။
“ကနီနယ်မှာတော့ ထိတွေ့မှုအားနည်းတယ်။ ချောင်းမကနေ ဝင်လိုက်၊ ထွက်လိုက်၊ ဇီးပင်တန်းသွားတာတို့။ ပြည်သူပိုင်ပစ္စည်းတွေသယ်တယ်။ နောက်တန်းကို ပြန်ပို့တယ်။ နောက်တန်းဆိုတာက ဘန့်ဘွေးပျူရွာ၊ နမခဘက်၊ ရိက္ခာတွေ လှည့်သယ်နေတာ။ ယင်းမာပင်မှာလည်း အဲဒီလိုပဲ။ ပြည်သူပိုင်သေတ္တာတွေ၊ ရေခဲသေတ္တာတွေ၊ ဆိုင်ကယ်၊ စက်ဘီး၊ ထော်လာဂျီ၊ ကား အကုန်သယ်တာ။ ဓားစာခံဖမ်းတာတွေလည်းရှိတယ်။ သတ်ပစ်တာလည်း ရှိတယ်” လို့ ကနီဒေသခံက ပြောပါတယ်။
စစ်ကြောင်းကြောင့် မုံရွာ-ကနီ-မင်းကင်း လမ်းမကြီးတစ်လျှောက်မှာရှိတဲ့ တရော်ကျင်း၊ ချောင်းမ၊ ဇီးပင်တွင်း၊ အောင်မင်္ဂလာ၊ သင်းဝံ၊ တွင်းမ၊ သမင်ခြံ၊ မုဒ်ထော၊ အင်းမှော်၊ ၂၄ မိုင်ရွာ၊ ၂၈ မိုင်ရွာ၊ ကသတ်၊ လာပို့၊ အင်ကြင်းပင်၊ ထန်းတပင်၊ ဆယ်ရွာချောင် စတဲ့ကျေးရွာတွေအပါအဝင် စုစုပေါင်း ကျေးရွာ (၅၀) ကျော်က ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။
မုံရွာ-ယာကြီး-ကနီ-မင်းကင်းလမ်းဟာ အိန္ဒိယနိုင်ငံကနေ ဦးဆောင်ဖောက်လုပ်မယ့် (အိန္ဒိယ-မြန်မာ-ထိုင်း)ကုန်သွယ်လမ်းမကြီးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အိန္ဒိယငွေ ရူပီး ခန့်မှန်း ၁၂ ဘီလျံ အကုန်အကျခံ ဆောက်လုပ်နေတာဖြစ်ပါတယ်။
လမ်းပိုင်းကို အာဏာသိမ်းစစ်အုပ်စုက အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်ရေးအဖြစ် ကြေညာထားပြီး မုံရွာ-ယာကြီး-မင်းကင်း-ကလေးဝ လမ်းအပြင် ကလေး-တမူးလမ်းကိုလည်း အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေပါတယ်။
စစ်အုပ်စုက မီးရှို့မွှေနှောက်သွားတဲ့မြင်ကွင်းအချို့ / ဓာတ်ပုံ – CJ



