သတင်း

မင်းတပ်နဲ့ ကန်ပက်လက်မှာ စစ်အုပ်စုကြောင့် တစ်လအတွင်း ကလေးငယ်အပါ အရပ်သား ဒါဇင်ချီ သေဆုံး၊

မင်းတပ်ကို နှစ်လအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်(၄၄၀) ကျူးလွန်ထား

ဒံယေလ/MFP၊ဇူလိုင်-၁

လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်း ၊မင်းတပ်နဲ့ ကန်ပက်လက်မြို့တွေမှာ စစ်အုပ်စုကြောင့် တစ်လတာအတွင်း ကလေးငယ်တွေ အပါအဝင် အရပ်သား ဒါဇင်ချီ သေဆုံးခဲ့ပြီး၊ ဒဏ်ရာရသူ (၁၅) ဦးကျော်ရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

စစ်အုပ်စုဟာ မေလနဲ့ ဇွန်လအတွင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့တွေကို လေကြောင်း ဗုံးကြဲတာတွေ နေ့စဉ်နီးပါး ကျူးလွန်ခဲ့ပြီး မင်းတပ်မြို့မှာဆိုရင် တစ်ရက်ကို ဗုံးအလုံး ၉၀နီးပါး ကြဲချတိုက်ခိုက်ခဲ့တာတွေ လုပ်ခဲ့ပါတယ်။

ဒီလို တိုက်ခိုက်မှုတွေကြောင့် မင်းတပ်နဲ့ ကန်ပက်လက်မြို့တွေက နေအိမ်အများအပြား ပျက်စီးခဲ့သလို သေဆုံးဒဏ်ရာရသူတွေလည်း ရှိခဲ့တာပါ။

ဇွန်(၂၉) ရက်နေ့မှာ မင်းတပ်မြို့နယ်၊ ရှိမ်းရွာကို စစ်အုပ်စု ဗုံးကြဲခဲ့လို့ အသက် (၁၀)နှစ်အောက် မိန်းကလေးငယ် သုံးဦး သေဆုံးခဲ့သလို၊ ဇွန်(၂၁) ရက်မှာလည်း မင်းတပ်နဲ့ ကန်ပက်လက်မြို့အစပ်က ကျောက်တောင်ရွာ စစ်ရှောင်တဲကို ဗုံးကြဲခဲ့လို့ (၂)နှစ်သားအရွယ် ကလေးငယ်တစ်ဦးနဲ့ မိခင်ဖြစ်သူ သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ဇွန် (၁၉) ရက်နေ့ကလည်း ကန်ပက်လက်မြို့နယ်၊ ကျင်‌ဒွေးမြို့ကို ဗုံးကြဲခဲ့လို့ အမျိုးသားသုံးဦးနဲ့ အမျိုးသမီးနှစ်ဦးလည်း သေဆုံးခဲ့ပါတယ်။

ဒီလိုဗုံးကြဲသတ်ဖြတ်တာတွေအပြင် မြေပြင်စစ်ကြောင်းကလည်း ဇွန်(၃)ရက်နေ့မှာ မင်းတပ်မြို့နယ်၊ ထင်ချောင်းရွာကို မီးရှို့ခဲ့ပြီး စစ်ရှောင်အဘိုးအိုတစ်ဦးနဲ့ ဆယ်တန်းကျောင်းသားတစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပါသေးတယ်။

မင်းတပ်နဲ့ ကန်ပက်လက်မြို့တွေမှာ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ဒါဇင်ချီရှိတဲ့အပြင် ဒဏ်ရာရသူ (၁၅) ဦးကျော်ရှိနေပြီး အဲဒီထဲက သုံးဦးကလည်း အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ အကူအညီပေးသူတစ်ဦးက ပြောပါတယ်။

“ဆေးကုပေးနေရတယ်။ဒဏ်ရာရတဲ့သူတွေက တောထဲတွေဆိုတော့ ဆေးသယ်ဖို့လည်း ခက်တယ်။ စိုးရိမ်ရတဲ့ လူနာတွေလည်း ပါတယ်”လို့ သူကဆိုပါတယ်။

ချင်းပြည်တောင်ပိုင်းမှာ မင်းတပ်နဲ့ ကန်ပက်လက်မြို့တွေကို ဇွန်လအတွင်း ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်ကျူးလွန်နေတဲ့ စစ်အုပ်စုဟာ ပြီးခဲ့တဲ့ မေလအတွင်းကလည်း ပလက်ဝနဲ့ မတူပီမြို့တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။

မေ (၂၈) ရက်နေ့က ပလက်ဝမြို့နယ်ကို ဗုံးကြဲလို့ ခရီးသွားပြည်သူ အမျိုးသားတစ်ဦး သေဆုံးခဲ့သလို၊ မေ (၁၃) ရက်နေ့ကလည်း မတူပီမြို့နယ်ကို ဗုံးကြဲလို့ မွေးကင်းစ ကလေးငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စုဟာ ကန်ပက်လက်မြို့နယ်ကို အင်အား ၂၅၀ ဝန်းကျင်နဲ့ စစ်‌ကြောင်းထိုးနေတာဖြစ်ပြီး ချင်းတော်လှန်ရေးတပ်တွေနဲ့ တစ်လခွဲကျော်ကြာ တိုက်ပွဲတွေ ဖြစ်ပွားနေသလို၊ မင်းတပ်မြို့နယ်မှာတော့ အင်အား (၈၀၀)ကျော်နဲ့ စစ်ကြောင်းထိုးနေကာ တစ်လနီးပါး တိုက်ပွဲတွေ ပြင်းထန်နေတာပါ။

ဒီလို မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာ စစ်အုပ်စုက လေကြောင်းက‌နေလည်း နေ့စဉ်နီးပါး ဗုံးကြဲပစ်ကူတာတွေ လုပ်နေပြီး ချင်းတောင်ပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။

မင်းတပ်မြို့နယ်ထဲမှာတော့ ဧပြီလ ၁၁ ရက်ကနေ ဇွန်လ ၂၂ ရက်အထိ နှစ်လတာအတွင်း စစ်အုပ်စုရဲ့ လေကြောင်း တိုက်ခိုက်မှုအကြိမ် ၄၄၀ ရှိခဲ့ပြီး တစ်ရက်တည်းမှာပဲ ဗုံးကြဲမှု ၉၁ ကြိမ်ရှိခဲ့တဲ့နေ့တွေတောင် ရှိတယ်လို့ချင်းလူ့အခွင့်အရေးအဖွဲ့ – CHRO က ဇွန်လ ၂၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဒီလိုတိုက်ခိုက်ရာမှာ တိုက်ပွဲဖြစ်ပွားရာနေရာမဟုတ်တဲ့ အရပ်သားနေအိမ်တွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်နေတာဖြစ်ပြီး Y – 12 လေယာဉ်ကိုအများစုအသုံးပြုထားတယ်လို့ CHRO ကဆိုပါတယ်။

ချင်းပြည်နယ်အတွင်းမှာ စစ်အုပ်စုတပ်တွေက ပြည်နယ်မြောက်ပိုင်းဖြစ်တဲ့ ဖလမ်းနဲ့ တွန်းဇံမြို့တွေကို ပြန်လည်ထိန်းချုပ်ပြီးနောက် နယ်စပ်ကုန်သွယ်ရေးစခန်းတည်ရှိရာ ရိဒ်မြို့ကို စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေသလို ၊ချင်းပြည်တောင်ပိုင်းမှာလည်း (ရခိုင်-မကွေး-ချင်း ) ဆက်သွယ်ထားတဲ့ ကုန်သွယ်ရေး လမ်းမကြီး တည်ရှိရာ ကန်ပက်လက်နဲ့ မင်းတပ်မြို့ကို ဦးတည် စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။

ချင်းပြည်နယ်မှာ ချင်းတော်လှန်ရေးတပ်တွေက မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ ကျီခါး၊ ရိဒ်ခေါ်ဒါရ်၊ လိုင်လင်းပီ၊ ကျင်ဒွေး၊ မကွီးအိမ်နူး၊ နှာရိန်၊ ရေဇွာ၊ ဆူရ်ခွား မြို့တွေကို သိမ်းပိုက်ထိန်းချုပ်ထားပြီး၊ ပလက်၀မြို့နဲ့ ဆမီးမြို့တွေကိုတော့ အာရက္ခတပ်တော် (AA) က သိမ်းပိုက် ထိန်းချုပ်ထားပါတယ်။ ကျန်ရှိတဲ့ ဟားခါး ၊ဖလမ်း ၊ထန်တလန်၊တီးတိန် ၊ခိုင်ကမ်း ၊ဝေဘူလ၊တွန်းဇံမြို့ တွေကိုတော့ စစ်အုပ်စုက ထိန်းချုပ်ထားပါတယ်။

ဇွန်လအတွင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့တွေကို စစ်အုပ်စု ဗုံးကြဲတိုက်ခိုက်သွားစဉ်/ဓာတ်ပုံ-ဒေသခံ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Mandalay_Free_Press_MFP

မင်းတပ် #ကန်ပက်လက် #ဗုံးကြဲ #အရပ်သား‌သေဆုံး

Related Articles

Back to top button