မင်းတပ်၊ ကန်ပက်လက်တိုက်ပွဲ စစ်အုပ်စုရာချီသေဆုံးပြီး စစ်ရေးအသာစီးရတယ်လို့ CPA ထုတ်ပြန်

ဒံယေလ/MFP၊ဇူလိုင်-၂
ချင်းပြည် တောင်ပိုင်း၊ မင်းတပ်၊ကန်ပက်လက်မြို့နယ်တွေမှာ စစ်အုပ်စုနဲ့ဖြစ်ပွားခဲ့တဲ့ တစ်လကျော်ကြာ တိုက်ပွဲအတွင်း စစ်အုပ်စုရာချီသေဆုံးကာ စစ်ရေးအရ အသာစီးရနေတယ်လို့ ချင်းပြည်သူ့တပ်မတော် (CPA) ကဇူလိုင် (၂) ရက် ဒီနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
စစ်အုပ်စုတပ်တွေက ပြီးခဲ့တဲ့ မေ (၁၆) ရက်နေ့က စတင်ကာ မကွေးတိုင်း ၊ယော-ဆောမြို့နယ်တွေကနေ ချင်းပြည် မင်းတပ် ၊ကန်ပက်လက် မြို့နယ်တွေကို အင်အားထောင်ချီနဲ့ ဝင်ရောက်လာတာဖြစ်ပါတယ်။ ဒီလိုဝင်ရောက်လာတဲ့ စစ်အုပ်စုတပ်တွေကို တော်လှန်ရေးအင်အားစုတွေက ချေမှုန်းတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး စစ်အုပ်စုရာချီသေဆုံးကာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ဆိုပါတယ်။



“ဟန့်တားတိုက်ခိုက်ခြင်း၊ တန်ပြန်ထိုးစစ်ဆင်ခြင်းများဖြင့် တိုက်ခိုက်ချေမှုန်းခဲ့ကြရာ ရန်သူ့စစ်ကြောင်းမှာ ရာချီကျဆုံးပြီး ဖွဲ့စည်းပုံပျက်ကာ တပ်လန်ကျခဲ့ရသည်။ အင်အား ရာနှင့်ချီ၍လည်း ထိခိုက်မှုများခဲ့သည်။ တစ်လကျော်ကြာလာပြီဖြစ်သော ပြင်းထန်သည့် တိုက်ပွဲများအတွင်း ရန်သူ့အလောင်းများနှင့် သုံ့ပန်းများအပါအဝင် လက်နက်ခဲယမ်း အမြောက်အများနှင့် စစ်အသုံးအဆောင်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့ပါသည်’လို့ ချင်းပြည်သူ့တပ်မတော် (CPA)က ထုတ်ပြန်ပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကိုတော့ ချင်းပြည်သူ့တပ်မတော် (CPA)၊ ယောဒေသမှ တော်လှန်ရေးတပ်များဖြစ်သော (YDF)၊ (YA) အပါအဝင် မဟာမိတ်တပ်ဝင်တွေက ချေမှုန်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ အထိနာတဲ့ စစ်အုပ်စုက လေကြောင်းက အဆက်မပြတ်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
“မြေပြင်တိုက်ပွဲများတွင် အထိနာနေသော အာဏာသိမ်း ဖက်ဆစ်အကြမ်းဖက် စစ်ရာဇဝတ်တပ်သည် စစ်ရေးပစ်မှတ်၊ အရပ်ဖက်ပစ်မှတ် မခွဲခြားဘဲ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းများဖြင့် ရမ်းသန်းပစ်ခတ်မှုများ နေ့စဉ်ရက်ဆက် ကျူးလွန်နေသဖြင့် အများပြည်သူတို့၏ အသက်၊ အိုးအိမ်စည်းစိမ်များ နေ့စဉ်ထိခိုက်လျက်ရှိနေခြင်း၊ ဘာသာရေးအဆောက်ဦးများ၊ ပြည်သူ့နေအိမ်များ ထိခိုက်ပျက်စီးနေရခြင်း၊ အမျိုးသမီးနှင့် ကလေးသူငယ်အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိခြင်းနှင့် သေဆုံးခြင်းများ ရှိခဲ့သည်”လို့လည်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲ့ဒီတိုက်ပွဲအတွင်းမှာတော့ တော်လှန်ရေးအင်အားစုဘက်လည်း ထိခိုက်သေဆုံးမှုတွေ ရှိပြီးတော့ တိုက်ပွဲအတွင်းကျဆုံးတဲ့ သူရဲကောင်းတွေကို ဦးညွှတ်ဂုဏ်ပြုပြီးတော့ အာဏာရှင် အမြစ်ပြတ်အောင် ဆောင်ရ္ပက်သွားမယ်လို့ ချင်းပြည်သူ့တပ်မတော် (CPU/CPA)က ထုတ်ပြန်ပါတယ်။
“နယ်မြေကျူးကျော် လာသော ဖက်ဆစ်အကြမ်းဖက်စစ်တပ်ကို အရှိန်အဟုန်မြှင့်၍ နည်းလမ်းပေါင်းစုံဖြင့် အဆုံးထိ ခုခံတွန်းလှန်သွားရန် သန္နိဋ္ဌာန်ချကာ တော်လှန်လျက်ရှိပါသည်။ ကျရာတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နေကြသော မိဘပြည်သူများနှင့် တိုက်ပွဲအတွင်း မြင့်မြတ်စွာ အသက်ပေးလှူ သွားခဲ့ကြသော အာဇာနည်သူရဲကောင်း ရဲဘော်အပေါင်းကို ဦးညွှတ်ဂုဏ်ပြု မှတ်တမ်းတင် အပ်ပါသည်”လို့ ချင်းပြည်သူ့တပ်မတော် (CPU/CPA)က ဆိုပါတယ်။
ချင်းပြည်နယ်မှာမှာတော့ ချင်း တော်လှန်ရေးတပ်တွေကမင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ ရိဒ်ခေါ်ဒါရ်၊ လိုင်လင်းပီ၊ ကျင်ဒွေး၊ မကွီးအိမ်နူး၊ နှာရိန်၊ ရေဇွာ၊ ဆူရ်ခွား မြို့တွေကို သိမ်းပိုက် ထိန်းချုပ်ထားပြီး ပလက်၀မြို့နဲ့ ဆမီးမြို့တွေကိုတော့ အာရက္ခတပ်တော် (AA) က သိမ်းပိုက် ထိန်းချုပ်ထားပါတယ်။ ကျန်ရှိတဲ့ ဟားခါး ၊ဖလမ်း ၊ထန်တလန်၊တီးတိန် ၊ခိုင်ကမ်း ၊ဝေဘူလ၊ကျီခါး၊တွန်းဇံမြို့ ရှစ်မြို့ကို တော့ စစ်အုပ်စုက ထိန်းချုပ်ထားပါတယ်။
မင်းတပ်နဲ့ ကန်ပက်လက် တိုက်ပွဲတွေအတွင်း သိမ်းဆည်းရမိတဲ့ လက်နက်တွေ/ ဓာတ်ပုံ- ချင်းပြည်သူ့တပ်မတော်(CPA)
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



