မန္တလေးသတင်း

ငလျင်ကြောင့် မန္တလေး Sky Villa ကွန်ဒို ပြိုကျပြီး အနည်းဆုံး လူ ၂၀၀ ကျော် သေဆုံးမှု ဆောက်လုပ်ရေး ကုမ္မဏီ ပိုင်ရှင်ကို စစ်အုပ်စုက ထောင် ငါးနှစ်ချ၊

ဝန်ကြီးချုပ်ဖြစ်နေတဲ့ တာဝန်ခံ အင်ဂျင်နီယာကို အရေးမယူ၊

Phoenix/MFP၊ ဇူလိုင် – ၅

မန္တလေးမြို့မှာ မနှစ်က လှုပ်ခဲ့တဲ့ ငလျင်ကြောင့် Sky Villa ကွန်ဒို ပြိုကျကာ အနည်းဆုံး လူ ၂၀၀ ကျော် သေဆုံးမှုနဲ့ ပတ်သက်ပြီး ကွန်ဒိုကို တည်ဆောက်ခဲ့တဲ့ NTL ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် ဦးနိုင်ထွန်းလင်း ကို အာဏာသိမ်း စစ်အုပ်စုက ထောင် ငါးနှစ်ချလိုက်တယ်လို့ စစ်လော်ဘီတွေက ဖော်ပြပါတယ်။

ငလျင်ကြောင့် Sky Villa ကွန်ဒိုပြိုကျကာ လူရာနဲ့ချီ သေဆုံးမှုနဲ့ ပတ်သက်ပြီး NTL ဆောက်လုပ်ရေး ကုမ္ပဏီ ပိုင်ရှင် ဦးနိုင်ထွန်းလင်းကို စစ်အုပ်စုက ယခုနှစ် ဖေဖေါ်ဝါရီလအတွင်း မန္တလေးမြို့ အောင်မြေသာစံ မြို့နယ်ရှိ အမှတ် ၁ ရဲစခန်းမှာ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၄(က)၊ ပေါ့ဆမှုကြောင့် လူသေဆုံးစေမှုနဲ့ အမှုဖွင့် တရားစွဲဆိုခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပြီး ယခု ဇွန် ၂၃ရက်မှာ ထောင် ငါးနှစ် ချလိုက်တာလို့ ဆိုပါတယ်။

Sky Villa ကွန်ဒို ပြိုကျမှုနဲ့ ပတ်သက်ပြီး NTL ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် ဦးနိုင်ထွန်းလင်းကို စစ်အုပ်စုရဲ့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) က တရားလိုလုပ်ကာ တရားစွဲဆိုခဲ့တာ ဖြစ်ပြီး စစ်အုပ်စု တရားရုံးက ချမှတ်လိုက်တဲ့ ထောင်ဒဏ် ငါးနှစ် အပေါ် ပြစ်ဒဏ်တိုးချနိုင်ဖို့ အယူခံတက်မယ်လို့ သတင်းထွက်နေကြောင်းလည်း စစ်လော်ဘီတွေက ဖော်ပြပါတယ်။

Sky Villa ကွန်ဒိုဟာ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ နန်းရှေ့ ရေစစ်ကန်အနီး တည်ဆောက် ထားတာ ဖြစ်ပြီး ၂၄ နာရီ လျှပ်စစ်မီး ရရှိသလို တခြားသော ဝန်ဆောင်မှုတွေကြောင့် ငွေကြေး ချမ်းသာသူတွေ စုဝေးနေထိုင်ရာ အဆင်မြင့်ကွန်ဒို ဖြစ်ခဲ့ပါတယ်။

၂၀၂၅ မတ် ၂၈ ရက်က စစ်ကိုင်းနဲ့ မန္တလေးအနီး ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇ ဒသမ ၇ ရစ်ချ်တာစကေးရှိ ငလျင်ဒဏ်ကြောင့် ၁၁ထပ်အမြင့်ရှိ Sky Villa ကွန်ဒို ပြိုကျကာ လူရာနဲ့ချီ သေဆုံးခဲ့ပါတယ်။

Sky Villa ကွန်ဒိုပြိုကျမှု ကယ်ဆယ်ရေးလုပ်ငန်းတွေ ပြီးဆုံးချိန်မှာ ရုပ်အလောင်း ၂၀၆ လောင်း ရှာဖွေ တွေ့ရှိပြီး ၅၂ ဦးကို အသက်ရှင်လျှက် ကယ်တင်နိုင်ခဲ့တယ်လို့ စစ်အုပ်စုက သတင်း ထုတ်ပြန်ခဲ့ပါတယ်။

Sky Villa ကွန်ဒို ပြိုကျမှုအတွင်း ရုပ်အလောင်းရှာမတွေ့သေးတဲ့ သေဆုံးသူတွေလည်း ရာနဲ့ချီ ကျန်ရှိနေနိုင်တယ်လို့ ကွန်ဒိုခန်းပိုင်ရှင်နဲ့ ကျန်ရစ်သူ မိသားစုဝင်တွေက MFP ကို ပြောပါတယ်။

“သူ့ကိုစွဲတဲ့ ပုဒ်မ ၃၀၄(က) ဆိုတာ လူသေစေမှု။ အဲ့လောက်ကြီး ပြင်းထန်တဲ့ ပုဒ်မတော့ မဟုတ်ဘူး။ သေတာက ၂၀၆ ယောက်ထက် ပိုတယ်။ ကျွန်တော်တို့လို မိသားစုဝင် အလောင်းတောင် ပြန်မရတဲ့ သူတွေ ရှိတယ်” လို့ ကွန်ဒိုပြိုကျမှုကြောင့် မိသားစုဝင်တွေ ဆုံးရှုံးခဲ့တဲ့ တိုက်ခန်းပိုင်ရှင်တစ်ဦးက MFP ကို ပြောခဲ့ဖူးပါတယ်။

Sky Villa ကွန်ဒိုတိုက်ခန်းပိုင်ရှင်တွေနဲ့ ကွန်ဒိုပြိုကျမှုအတွင်း မိသားစုဝင်တွေ ဆုံးပါးခဲ့ရတဲ့ ကျန်ရစ်သူတွေက NTL ကုမ္ပဏီကို တရားစွဲဆိုဖို့ စီစဉ်ခဲ့ပေမဲ့ စစ်အုပ်စုက လက်မခံဘဲ သဘာဝ ဘေးအန္တရာယ်ကြောင့် ဖြစ်တဲ့အတွက် ပုဂ္ဂလိကအနေနဲ့ တရားစွဲဆိုလို့ မရကြောင်း ငြင်းပယ်ခဲ့တယ်လို့ ကွန်ဒိုပိုင်ရှင်တွေက MFP ကို ပြောပါတယ်။

NTL ကုမ္ပဏီပိုင်ရှင် ဦးနိုင်ထွန်းလင်းဟာ ငလျင်ကြောင့် Sky Villa ကွန်ဒိုပြိုကျပြီးကတည်းက လူမြင်ကွင်းမှာ မတွေ့ရတော့ဘဲ ကွယ်ပျောက်နေတယ်လို့ ကွန်ဒိုပိုင်ရှင်တွေက ပြောပါတယ်။

 ၂၀၂၅ ခုနှစ် စက်တင်ဘာလအတွင်း NTL ကုမ္ပဏီက Sky Villa ကွန်ဒိုပြိုကျမှုအတွင်း သေဆုံးသူ ၁၄၈ ဦး အတွက် တဦးကို ကျပ်သိန်း ၁၀၀ နှုန်း ကရုဏာ ထောက်ပံ့ကြေး ပေးအပ်ခဲ့ပါတယ်။

ကွန်ဒိုခန်းပိုင်ရှင်တွေနဲ့ ကျန်ရစ်သူ မိသားစုတွေက ကွန်ဒိုပြိုကျမှုမှာ ဆုံးပါးသွားသူတွေအတွက် တောင်းပန်နှစ်သိမ့်ဖို့၊ ကွန်ဒိုပြိုကျမှုအပေါ် တာဝန်ယူဖြေရှင်းပေးဖို့နဲ့ လျှော်ကြေးပေးဖို့ Sky Villa တည်ဆောက်သူ NTL ကုမ္ပဏီဘက်ကို တောင်းဆိုထားပါတယ်။

Sky Villa ကွန်ဒိုကို NTL ကုမ္မဏီနဲ့အတူ လက်ရှိ စစ်အုပ်စုခန့် မန္တလေးတိုင်းဝန်ကြီးချုပ်၊ ယခင် စည်ပင် ဝန်ထမ်းဟောင်း ဦးမျိုးအောင်က တာဝန်ခံအင်ဂျင်နီယာ (PE) အဖြစ် တာဝန်ယူ ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။

ကွန်ဒိုပြိုကျမှုနဲ့ပတ်သက်ပြီး ဆောက်လုပ်ရေး ကုမ္မဏီပိုင်ရှင်ကို စစ်အုပ်စုက ထောင်ချလိုက်ပေမဲ့ ဝန်ကြီးချုပ်ဖြစ်နေသူ တာဝန်ခံ အင်ဂျင်နီယာကိုတော့ အရေးယူတာ မရှိသေးပါဘူး။

၂၀၂၅ ငလျင်မှာ လူအသေအပျောက် အများဆုံးဖြစ်ခဲ့တဲ့ Sky Villa ကွန်ဒိုပြိုကျမှုနဲ့ ပတ်သက်ပြီး အာဏာသိမ်း စစ်အုပ်စုက အရေးယူဆောင်ရွက်ထားမှု အခြေအနေကို တရားဝင် သတင်း ထုတ်ပြန်တာမျိုးလည်း မရှိသေးပါဘူး။

NTL ဆောက်လုပ်ရေး ကုမ္မဏီပိုင်ရှင် ဦးနိုင်ထွန်းလင်း၊ စစ်အုပ်စုခန့် ဝန်ကြီးချုပ် စည်ပင်ဝန်ထမ်းဟောင်း ဦးမျိုးအောင်နဲ့ ပြိုကျနေတဲ့ Sky Villa ကွန်ဒို/Photo – NLT ကုမ္မဏီ၊ MCDC၊ MFSD

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#မန္တလေး #အညာ #SkyVilla #NTL

Related Articles

Back to top button