စစ်ကိုင်းသတင်း

ချင်းတွင်းအထက်ပိုင်း ဖောင်းပြင်ရှိ ရွှေမှော်၊ရွာတွေကို စစ်အုပ်စု ဗုံးပတ်ကြဲပြန်၊

ပြည်သူ အမျိုးသမီးတစ်ဦး သေဆုံးပြီး အမျိုးသမီးတွေ အပါအဝင် ရှစ်ဦး ဒဏ်ရာရ၊

​ဝင်းသိန်း/MFP၊ ဇူလိုင် – ၇

​စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်အထက်ပိုင်း၊ ဖောင်းပြင်မြို့နယ်ရှိ ကျေးရွာတွေနဲ့ ရွှေမှော်တွေကို အာဏာသိမ်း စစ်အုပ်စုက မနေ့က နေ့လယ်ပိုင်းအချိန် အကြောင်းမဲ့ တိုက်လေယာဉ်တွေနဲ့ ဗုံးပတ်ကြဲ ဖြတ်ပြန်ရာ အရပ်သားပြည်သူ အမျိုးသမီးတစ်ဦး သေဆုံးပြီး အမျိုးသမီးတွေ အပါအဝင် ရှစ်ဦး ဒဏ်ရာရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဇူလိုင် ၆ရက် မွန်းလွဲပိုင်းအချိန် ဖောင်းပြင်မြို့နယ် တောင်ပိုင်ရှိ ဒေသခံ အရပ်သားပြည်သူတွေ ရွှေတူးဖော် လုပ်ကိုင်စားစောက်နေတဲ့ သငါရွာ၊ ကယာရွာ၊ ဖရုံချောင်းရွာတွေနဲ့ အဲ့ဒီရွာတွေရှိ ရွှေမှော်၊ ရွှေတူးဖော်ရေး လုပ်ငန်းတွေကို တိုက်လေယာဉ်နှစ်စီးနဲ့ ရည်ရွယ်ချက်ရှိရှိ ဗုံးပတ်ကြဲ တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး သငါရွှေမော်ကို ရှော့ကဒ် (Rocket) ၁၅ လုံး၊ ကယာရွှေမော်ကို ဗုံး နှစ်လုံးနဲ့ ဖရုံချောင်းရွှေမော်ကို ဗုံး နှစ်လုံး ကြဲချပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“စစ်လေယာဉ်တွေနဲ့ ဗုံးတွေ ချပါတယ်ဗျ။ စက်သေနတ်တွေနဲ့လည်း ပစ်ပါတယ်။ စက်သေနတ်တွေနဲ့ ဘောက်ကုန်ဆွဲ ရမ်းပစ်သွားပါတယ်” လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

ဗုံးထိမှန်လို့ သငါရွာ ရွှေမှော်မှာ ရွှေတူးဖော်ရေး လုပ်ကိုင်နေတဲ့ အသက် ၂၀ကျော်အရွယ် အမျိုးသမီးတစ်ဦး ဆေးရုံ​အရောက်မှာ သွေးထွက်လွန်ကာ သေဆုံးပြီး ကယာရွာရွှေမှော်နဲ့ ဖရုံချောင်းရွာ ရွှေမှော်လုပ်ကွက်မှာ ရွှေတူးဖော်ရေး လုပ်ကိုင်နေတဲ့ အသက် ၁၉နှစ်ကနေ ၅၀နှစ်ကြားရှိ အမျိုးသားနဲ့ အမျိုးသမီး ရှစ်ဦးလည်း ထိခိုက်ဒဏ်ရာတွေ ရရှိကာ ဆေးကုသနိုင်ဖို့ ကြိုးစားနေကြတယ်လို့ ဆိုပါတယ်။

အာဏာသိမ်း စစ်အုပ်စုဟာ အရပ်သားပြည်သူတွေ လုပ်ကိုင်စားသောက်နေတဲ့ ရွှေမှော် လုပ်ကွက်တွေကို အကြောင်းမဲ့ ဗုံးကြဲသတ်တာလို့ ဖောင်းပြင်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

​”အခုလို ဖောင်းပြင်မြို့နယ်ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်တာက ပြည်သူလူထုကို အကြောင်းမဲ့ သက်သက်နဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်တာပါ။ ဒီရွှေမှော်တွေမှာ တိုက်ပွဲဖြစ်တာလည်း မရှိဘူး။ (PDF) တပ်ရင်း၊ တပ်ဖွဲ့တွေ စုဖွဲ့တာလည်း မရှိဘူး။ ကယာရွာရွှေမော်နဲ့ သငါရွာရွှေမော်တို့က ၁၁ မိုင်တောင် ကွာဝေးတာပါ”

​ဇူလိုင် ၃ရက်ကလည်း မော်လိုက်မြို့နယ်ရှိ တိန်းသာရွာ ဘုန်းတော်ကြီးကျောင်း၊ ယောစုရွာ ရွှေမှော်၊ ရိုးလာရွှေမှော်၊ ရွှေကျင်ပုံရွှေမှော်နဲ့ ဖောင်းပြင်မြို့နယ် နန်းစက်ရွာတွေကို အာဏာသိမ်း စစ်အုပ်စုက ဟုမ္မလင်းမြို့ကနေ ပျံတက်လာတဲ့ တိုက်လေယာဉ်တွေ၊ Gyro စက်ရုပ်လေယာဉ် (Gyrocopter) တွေနဲ့ ဗုံးပတ်ကြဲ သတ်ဖြတ်ခဲ့ရာ ယောစုရွှေမှော်ရှိ ရွှေတွင်းအလုပ်သမား တစ်ဦး၊ ရိုးလာရွာရွှေမှော်ရှိ အမျိုးသားတစ်ဦးနဲ့ တိန်းသာရွာရှိ လူငါးဦးတို့ သေဆုံးပြီး ဒဏ်ရာရသူတွေ အများအပြား ရှိသလို နေအိမ်နဲ့ စျေးဆိုင်တွေလည်း ပျက်စီးခဲ့ပါတယ်။

“ပြည်သူနေအိမ်၊ ပြည်သူတွေရဲ့ စစ်ဘေးရှောင်နေရာတွေပါ” လို့ စစ်အုပ်စုက အကြောင်းမဲ့ ဗုံးကြဲသတ်လို့ ရိုးလာရွာရွှေမှော်ရှိ သေဆုံးသူ အမျိုးသားတစ်ဦးရဲ့ မိသားစုဝင်က MFP ကို ပြောပါတယ်။

စစ်အုပ်စုက ပြည်သူတွေ လုပ်ကိုင်စားသောက်နေတဲ့ ရွှေမှော်တွေနဲ့ ကျေးရွာတွေကို အကြာင်းမဲ့ ဗုံးပတ်ကြဲနေလို့ ဒေသခံတွေအကြား စိုးရိမ်ထိတ်လန့်မှုတွေ မြင့်တက်နေတယ်လို့ ဆိုပါတယ်။

တချိန်တည်းမှာပဲ ချင်းတွင်းမြစ်အတိုင်း အာဏာသိမ်း စစ်အုပ်စုရဲ့ ထောက်ပို့နဲ့ ခိုးရာပါပစ္စည်းသယ် သင်္ဘောတွေ မုံရွာမြို့ကနေ ဆန်တက်လာနေတာကြောင့် မြစ်ကမ်းဘေး မြို့၊ရွာတွေမှာ နေထိုင်ကြတဲ့ ဒေသခံ ပြည်သူတွေ ဘေးလွတ်ရာကို ကြိုတင်ရှောင်တိမ်းကြဖို့နဲ့ လုံခြုံရေး အထူးဂရုစိုက်ကြဖို့လည်း ဒေသခံ ပြည်သူအချင်းချင်းကြား သတိပေး တိုက်တွန်းနေကြပါတယ်။

ဖောင်းပြင်နဲ့ မော်လိုက်နယ် ချင်းတွင်းမြစ်ရိုးရှိ ကျေးရွာနဲ့ ရွှေမှော်တွေကို ယခုရက်ပိုင်း စစ်အုပ်စုက ဗုံးပတ်ကြဲနေတာဟာ အဲ့ဒီ မြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ သင်္ဘောတွေအတွက် ကြိုတင် လမ်းကြောင်း ရှင်းတဲ့အနေနဲ့ ဗုံးကြဲတာလို့ ယူဆကြောင်း ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

“မုံရွာဆိပ်ကမ်းကနေ တက်လာတဲ့ စစ်သင်္ဘောတွေ ရောက်လာရင် ကျနော်တို့ (NUG) စိုးမိုးနယ်မြေမှာ ရှိတဲ့ ပြည်သူ လူထုတွေကို အကြောင်းမဲ့ ပစ်ခတ်အုံးမှာ ဖြစ်ပါတယ်။ အဲဒီတော့ ပြည်သူတွေအနေနဲ့ လုံခြုံစွာ ရှောင်တိမ်းနိုင်ဖို့ ကြိုတင်ပြီး မှာကြားချင်ပါတယ်။ စစ်သင်္ဘောတွေ မရောက်ရှိခင်မှာလည်း အခုလို လမ်းကြောင်းရှင်းတာနဲ့ လေကြောင်းပစ်ကူတို့ ပြုလုပ်လာနိုင်တဲ့အတွက် ချင်းတွင်းမြစ်ဘေးမှာ နေထိုင်တဲ့ ဒေသခံပြည်သူများ အနေနဲ့ လုံခြုံစွာ အထူးဂရုစိုက်ကြဖို့ မှာကြားချင်ပါတယ်”လို့ ဖောင်းပြင်နယ်ခံ အမျိုးသားတစ်ဦးက ဆိုပါတယ်။

စစ်အုပ်စုဟာ နိုင်ငံတဝန်း အရပ်သားပြည်သူကို ပစ်မှတ်ထားတဲ့ ဗုံးကြဲသတ်ဖြတ်မှုတွေ နေ့စဉ် ကျူးလွန်နေပြီး မင်းအောင်လှိုင် စစ်ယူနီဖောင်းချွတ်ပြီး ပုဆိုးပြောင်းဝတ်တဲ့ကာလ ဧပြီ ၂၀ရက်ကနေ ဇွန် ၃၀ရက်အတွင်း နိုင်ငံတဝန်း လေကြောင်းဗုံးကြဲ တိုက်ခိုက်မှု အကြိမ် ၁၁၄၀ ကျော် ကျူးလွန်ခဲ့ရာ ကလေးသူငယ်တွေ အပါအဝင် အရပ်သားပြည်သူ ၂၇၇ ဦး သေဆုံးတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ – NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၆ရက်မှာ ဖောင်းပြင်မြို့နယ်ရှိ အများပြည်သူ လုပ်ကိုင်စားသောက်နေတဲ့ ရွှေမှော်နဲ့ ကျေးရွာတွေကို စစ်အုပ်စုက ဗုံးကြဲလို့ ထိခိုက်ပျက်စီးမှုတွေ တွေ့ရစဉ်/Photo – ဒေသခံ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#စစ်ကိုင်း #အညာ #မော်လိုက် #ဖောင်းပြင်

Related Articles

Back to top button