
(သို့)
စစ်အာဏာသိမ်းမှု လက်စသတ်ခြင်း
ရေးသူ – Phoenixနဲ့ ကျောက်စိမ်း၊ MFP ဆောင်းပါး
အုန်းအုန်းကြွက်ကြွက်ဖြစ်နေတဲ့ လူအုပ်ထဲ ငွေစက္ကူတချို့ လွင့်ပျံလာပါတယ်။ ပြုံးပျော်နေတဲ့ အမျိုးသမီးတွေက ငွေစက္ကူတွေ ဖြန့်ကြဲပေးတာပါ။ အပြာယူနီဖောင်းနဲ့ ပြောက်ကျား ယူနီဖောင်းတွေ ဝတ်ထားသူ တချို့ကလည်း ပန်းကုံးတွေ လည်ပင်းညွှတ်နေတဲ့ လူတစ်ဦးကို ဝိုင်းဝန်း အလေးပြုကြ၊ လမ်းရှင်းပေးနေကြပါတယ်။
ဒါက ပြီးခဲ့တဲ့ ဇွန်လအတွင်း မန္တလေးမြို့မှာ လုပ်ခဲ့တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲတစ်ခုရဲ့ မြင်ကွင်း ဖြစ်ပြီး ရွေးချယ်ပွဲ အနိုင်ရသူကို ထောက်ခံသူနဲ့ စစ်အုပ်စု လက်နက်ကိုင်တွေက ဂုဏ်ပြု နေကြတာပါ။
“ခေတ်ပျက်မှာ သူဌေးဖြစ်ချင်ရင် အုပ်ကြီးလုပ်”
မန္တလေးမြို့ အပါအဝင် နိုင်ငံတဝန်းရှိ စစ်အုပ်စု ကြီးစိုးထိန်းချုပ်ထားတဲ့ မြို့၊ရွာတွေမှာ ပြီးခဲ့တဲ့ မေလက စတင်ပြီး ရပ်ကွက်နဲ့ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲတွေ ပြုလုပ်နေပါတယ်။ ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲလို့ နာမည်တပ်ထားပေမယ့် တကယ်အပြိုင်လုကြရတာက အုပ်ချုပ်ရေးမှူး ရာထူးရဲ့ နောက်ကွယ်ရှိ အာဏာသိမ်း စစ်အုပ်စုက ပေးအပ်မယ့် အာဏာ၊ ငွေနဲ့ အကျိုးအမြတ်တွေ ဖြစ်ပါတယ်။
စစ်အုပ်စု လက်ဝေခံ ရပ်/ကျေးအုပ်ချုပ်ရေးမှူး နေရာကိုရဖို့ မန္တလေးမြို့ပေါ် ရပ်ကွက်အသီးသီးမှာ သူ့ထက်ငါ အလုအယက် ယှဉ်ပြိုင်ကြတာ တွေ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
“ခေတ်ပျက်မှာ သူဌေးဖြစ်ချင်ရင် အုပ်ကြီးလုပ်ဗျ။ အသေချာဆုံးပဲလေ။ အရင်ကတော့ ဒလန်ဆိုပြီး ရှင်းတာရှိတော့ မြို့ပေါ်မှာ အုပ်ကြီးလုပ်မယ့်သူ မရှိခဲ့ဘူး။ အခုက မြို့ပေါ်မှာလည်း အရင်လို ဒလန်ရှင်းတာ မရှိတော့ ဒီကာလမှာ သူ့ထက်ငါ အပြိုင်အဆိုင် အုပ်ကြီး လုပ်ချင်နေကြတာ။ အရင်တုန်းက ဘာမှမရှိတဲ့ ကောင်တွေက စစ်အုပ်ချုပ်ရေးကာလမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ လုပ်ပြီး သူတပါးမျက်ရည်ကျမှ မတရားသဖြင့် ရတဲ့ငွေတွေနဲ့ ထောသွားတာကို သိတော့ အပြိုင်အဆိုင် ဝင်ပြိုင်ကြတာ။ ဝင်ပြိုင်တဲ့ကောင်တွေကလည်း စစ်အုပ်စု ထောက်ခံတဲ့ကောင်တွေ အများစုပဲ ဝင်ပြိုင်ကြတာ။ သာမန်သူလို ငါလိုလူက ဝင်မပြိုင်ကြဘူး” လို့ မန္တလေးမြို့ခံ ကိုနေစိုး (အမည်လွှဲ) က ပြောပါတယ်။

၂၀၁၂ ခုနှစ်မှာ ပြဋ္ဌာန်းထားတဲ့ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေအရ ရပ်/ကျေး အုပ်ချုပ်ရေးမှူးရဲ့ လုပ်ပိုင်ခွင့်နဲ့ တာဝန်တွေကို တိတိကျကျ သတ်မှတ်ထားပြီး လစဉ်ချီးမြှင့်ငွေ ကျပ် ခုနှစ်သောင်းနဲ့ ရုံးအသုံးစရိတ် ကျပ် ငါးသောင်း ခံစားခွင့်ပြုထားပါတယ်။
လက်ရှိ မန္တလေးမြို့မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး နေရာရဖို့ အလုအယက် ပြိုင်နေကြတဲ့ သူတွေကတော့ ဥပဒေအရ ပေးထားတဲ့ လစာခံစားခွင့်ကို မက်မောတာကြောင့် မဟုတ်ဘဲ စစ်အာဏာသိမ်းကာလ အုပ်ချုပ်ရေးမှူးဖြစ်ရင် ပုံစံအမျိုးမျိုးနဲ့ ငွေရှာနိုင်ပြီး ဝင်ငွေကောင်း ချမ်းသာနိုင်ကြတာမို့ အဲဒီ ရာထူးနေရာကို လိုချင်ကြတာလို့ ကိုနေစိုးက သုံးသပ်ပါတယ်။
ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ယောက်အတွက် ဧည့်စာရင်း၊ ထောက်ခံစာ၊ အိမ်ငှားစာချုပ်၊ မြေကွက် အရောင်းအဝယ်စာချုပ်တွေက ရတဲ့ငွေလမ်းကြောင်းအပြင် ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းပေးတာ၊ စစ်မှုထမ်း မဲပေါက်သူနဲ့ မဲမပေါက်သူတွေထံကနေ လစဉ် ငွေညှစ်တာ၊ ရပ်ကွက်ထဲ အိမ်တိုင်းစေ့ လစဉ် စစ်မှုထမ်းကြေး ကောက်ခံတာ၊ ငလျင်လို သဘာဝဘေး ထောက်ပံ့မှုတွေကို ဖြတ်စားတာ၊ နှစ်လုံး၊ သုံးလုံးနဲ့ လောင်းကစားဒိုင်တွေဆီက လစဉ်ကြေး ရယူတာလိုမျိုး ဝင်ငွေရလမ်း အများအပြား ရှိနေတယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။

အဲဒီလို အုပ်ချုပ်ရေးမှူးရာထူးနဲ့ လုပ်ပိုင်ခွင့်ကြောင့် ရရှိလာတဲ့ ဝင်ငွေဟာ လစာငွေ ကျပ် ခုနှစ်သောင်းထက် များစွာကျော်လွန်ပြီး ကျိန်းသေ ချမ်းသာနိုင်တာကြောင့် နေရာရဖို့ အလုအယက် ပြိုင်နေကြတာလို့ ဆိုပါတယ်။
ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေဟာ အုပ်ချုပ်ရေးယန္တရားရဲ့ အခြေခံအကျဆုံး ထောက်တိုင်တွေ ဖြစ်ပါတယ်။
မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုဟာ အာဏာသိမ်းပြီး ရက်ပိုင်းအကြာ ၂၀၂၁ ဖေဖေါ်ဝါရီ ၁၃ရက်မှာ ကတည်းက ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေကို ပြင်ဆင်ခဲ့ပါတယ်။ အဓိကအားဖြင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေအပေါ် ပေးအပ်ထားတဲ့ လုပ်ပိုင်ခွင့်တချို့ကို လျော့ချပြီး စစ်အုပ်စု အလိုကျ လိုက်လုပ်ဖို့၊ သူတို့ စစ်အုပ်စုကို သစ္စာမခံ၊ သူတို့ခိုင်းတဲ့အတိုင်း မလုပ်တဲ့ အုပ်ချုပ်ရေးမှူးတွေကို အရေးယူနိုင်မယ့် အချက်တွေ ထည့်သွင်း ပြင်ဆင်ခဲ့တာပါ။
ပြီးခဲ့တဲ့ ဒီဇင်ဘာမှာတော့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုက အတုအယောင် ရွေးကောက်ပွဲ ပြုလုပ်ကာ စစ်ယူနီဖောင်းချွတ်၊ တိုက်ပုံပြောင်းဝတ်ပြီးနောက် သူတို့ကို သစ္စာခံမယ့် ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲတွေကို ဆက်လက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

မင်းအောင်လှိုင်ဟာ သူ့ကို သစ္စာခံမယ့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေ ရွေးချယ်ခန့်အပ်လိုက်ခြင်း အားဖြင့် သူ့ရဲ့ အာဏာကို ရပ်ရွာလူထု၊ အောက်ခြေ ပြည်သူလူထုအပေါ် စိတ်ထင်တိုင်း အသုံးချ နိုင်တော့မှာ ဖြစ်ပြီး တနည်းအားဖြင့် ဆိုရရင် ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲဟာ စစ်အာဏာသိမ်းမှုကို အချောကိုင် အပြီးသတ်တဲ့ လုပ်ငန်းစဉ်တစ်ခုလည်း ဖြစ်ပါတယ်။
“ဒါက သူတို့အတွက် အရမ်းအရေးကြီးတဲ့ ခြေကုပ်ယန္တရားလည်း ဖြစ်တယ် ပြောလို့ရတယ်” လို့ စစ်အုပ်စုရဲ့ ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲတွေနဲ့ ပတ်သက်ပြီး မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ကိုထင်ကျော်အေးက သူရဲ့ အမြင်ကို ပြောပါတယ်။
“ရပ်ကျေးအုပ်ချုပ်ရေး စနစ်က စစ်အုပ်စု အတွက်ဆိုရင် အရေးပါတဲ့ အုပ်ချုပ်ရေးယန္တရားထဲမှာ ပါတယ်လို့ ပြောလို့ရတယ်။ အခု သူတို့အနေနဲ့ အတုအယောင် ရွေးကောက်ပွဲ ပြီးတဲ့နောက်မှာ အုပ်ချုပ်ရေးကို ခိုင်ခိုင်မာမာ ပြန်ထူထောင်နိုင်ဖို့ ကြိုးစားတဲ့နေရာမှာ အထူးသဖြင့် မြို့ပေါ် ဒေသတွေရဲ့ ရပ်/ကျေး အုပ်ချုပ်ရေးတွေကို ခိုင်ခိုင်မာမာ ပြန်ထူထောင်ပြီးတော့ ခြေကုပ်ယူဖို့ ကြိုးစားတာ ဖြစ်တယ်။ အဲ့ဒါကြောင့် ဒီနေရာမှာ လုံခြုံရေးကော၊ ကျန်တဲ့ အရင်းအမြစ်တွေကော အားစိုက်ပြီး လုပ်တာ ဖြစ်နိုင်တယ်လို့ သုံးသပ်လို့ရပါတယ်။ အရင်က စိန်ခေါ်ခံထားရတဲ့၊ ထူထောင်ဖို့ခက်တဲ့ ရပ်ကွက်အုပ်ချုပ်ရေး စနစ်ကို ပြန်လည်ပြီးတော့မှ အခု ရွေးကောက်ပွဲစနစ်ကနေ ပြန်ထူထောင်ဖို့ ကြိုးစားတာ။ အဲ့ဒီကနေ အထူးသဖြင့် ရွေးကောက်ပွဲ လုပ်ပြလိုက်တာလည်း နောက်ထပ် အကာကွယ် တစ်ခုလည်း ဖြစ်စေတယ်ပေါ့နော။ ရွေးကောက်တင်မြှောက်ခံထားရတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးဆိုတဲ့ ပုံစံမျိုးလည်း တရားဝင်မှုကိုလည်း ဒီအနုနည်းနဲ့ ပြန်တည်ဆောက်နေတဲ့ သဘောမျိုးလည်း ဖြစ်တယ်ပေါ့”
ကိုထင်ကျော်အေးဟာ Spring Sprouts သုတေသနအဖွဲ့ရဲ့ ဒါရိုက်တာ ဖြစ်ပြီး မြန်မာ့နိုင်ငံရေး ဖြစ်စဉ်တွေကို အခြေအလက် အခြေပြု လေ့လာသုံးသပ်သူတစ်ဦး ဖြစ်ပါတယ်။

အာဏာသိမ်း စစ်အုပ်စုဟာ မြို့ပြမှာရော ကျေးလက်မှာပါ သူတို့ကို ဆန့်ကျင်သူတွေကို ခေါင်း မဖော်နိုင်အောင် နည်းမျိုးစုံသုံး ဖိနှိပ်ပြီးနောက် သူတို့ကို သစ္စာခံမယ့် လူတွေကို ရွေးချယ်ကာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေအဖြစ် နေရာပေး ခန့်အပ်လိုက်ခြင်းက သူတို့ရဲ့ အာဏာသိမ်းမှု ပိုမိုခိုင်မာ အားကောင်းဖို့ ခြေကုပ်ယူ တည်ဆောက်တာလို့ ကိုထင်ကျော်အေးက ဆိုပါတယ်။
“ဒီလိုရပ်ကျေး အုပ်ချုပ်ရေးယန္တရားကို တည်ဆောက်နိုင်တဲ့ ကိစ္စက ရပ်ရွာအတွင်းထဲမှာ အနီးကပ် ဒီ ဖိနှိပ်ရေး ယန္တရားကို အသက်သွင်းတာ ဖြစ်တယ်၊ အသက်သွင်းတာ ဖြစ်တဲ့အတွက် စစ်မှုထမ်းကိစ္စ အပါအဝင် ကိစ္စပေါင်းစုံ အတွက်ကို စိုးရိမ်စရာ ကောင်းတယ်၊ ကျွန်တော်တို့ အရင်တုန်းက ကြုံခဲ့ရတဲ့ အခြေအနေ မျိုးတွေလိုပဲ၊ ဒီရပ်ကွက် အုပ်ချုပ်ရေး ယန္တရားတွေသည် ဒါ စစ်အုပ်စုရဲ့ ဖိနှိပ်ရေး ယန္တရားထဲမှာ အခြေခံအကျဆုံး၊ ရပ်ကွက်ထဲမှာ စောင့်ကြည့်တဲ့ အခြေအနေကနေ စလို့ တခြား တခြားသော ဖိနှိပ်ရေး ယန္တရားတွေအထိကိုမှ ဖြန့်ကျက်ပြီး သုံးနိုင်တဲ့ အခြေအနေမျိုး ရှိတယ်ပေါ့နော်။ ဒါ အထူးသဖြင့် စစ်မှုထမ်းကိစ္စတွေ ကြပ်ကြပ်မတ်မတ် လုပ်နိုင်လာတာမျိုးတွေ ကြုံရလိမ့်မယ်ပေါ့နော်။ ဒီ ရပ်ကျေး အုပ်ချုပ်ရေး ယန္တရားက သူတို့မြေပြင်မှာ သူတို့ သြဇာကို ပိုပြီးတော့ ရှည်ရှည် ဖြန့်ကျက်ဖို့ ရည်ရွယ်တာလို့လည်း ပြောလို့ရပါတယ်” လို့ ကိုထင်ကျော်အေးက ပြောပါတယ်။
၂၀၁၄ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း ၁၆,၀၀၀ ကျော် ရှိပါတယ်။
လူဦးရေ ၁၅ သိန်းခန့် နေထိုင်ကာ မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ ဖြစ်တဲ့ မန္တလေးမြို့မှာ မြို့နယ် ခြောက်မြို့နယ်၊ ရပ်ကွက် ၁၀၀ ဝန်းကျင် ရှိပြီးတော့ အောင်မြေသာစံမြို့နယ်မှာ ရပ်ကွက် ၁၉ ခု၊ ချမ်းအေးသာစံမြို့နယ်မှာ ၂၀ ခု၊ မဟာအောင်မြေမြို့နယ်မှာ ၁၈ ခုနဲ့ ပြည်ကြီးတံခွန် မြို့နယ်မှာ ၁၈ ခု ရှိပါတယ်။
စစ်အာဏာသိမ်းစက မန္တလေးမြို့ပေါ်ရှိ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ အပါအဝင် ရာချီတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြပါတယ်။

စစ်အုပ်စုကို သစ္စာခံပြီး အုပ်ချုပ်ရေးမှူး ဆက်လုပ်သူတွေကလည်း CDM တွေနဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေကို ထင်တိုင်းကျဲ ဖမ်းဆီး၊ သတ်ဖြတ်၊ နေအိမ်ချိတ်ပိတ်၊ ပိုင်ဆိုင်မှု သိမ်းယူတာတွေ လုပ်ခဲ့ပါတယ်။ စစ်အုပ်စုကလည်း သူတို့ကို သစ္စာခံတဲ့ အုပ်ချုပ်ရေးမှူးတွေကို သေနတ်ထုတ်ပေးပြီး ပျူခေါင်းဆောင်အဖြစ် ခန့်အပ်တာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး လက်အောက်ထားရှိတဲ့ ရပ်ရွာ လုံခြုံရေးအဖွဲ့ အမည်ခံ အပြာယူနီဖောင်းဝတ် လက်နက်ကိုင်အဖွဲ့သစ်တွေ ဖွဲ့စည်းပေးတာ၊ ရပ်ကွက်ရုံးတိုင်းမှာ လက်နက်ကိုင် ပျူစောထီးနဲ့ စစ်သားတွေကို အစောင့်ချပေးတာတွေ လုပ်ခဲ့ပါတယ်။
စစ်အုပ်စုနဲ့ ပေါင်းပြီး ရပ်ကွက်ထဲရှိ အာဏာသိမ်းမှု ဆန့်ကျင်သူတွေကို ဖိနှိပ်သတ်ဖြတ်တာကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို ဒလန်လို့ သတ်မှတ်ကာ မြို့ပြပြောက်ကျား (UG)တွေက သုတ်သင်ရှင်းလင်းတာတွေလည်း ရှိခဲ့ပါတယ်။
စစ်ဗိုလ်ဟောင်းတွေ စုပေါင်း ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ (Thayninga Institute) နဲ့ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီကနေ ၂၀၂၄ စက်တင်ဘာလ အထိ နိုင်ငံတစ်ဝန်းမှာ သုတ်သင်ရှင်းလင်းခံရတဲ့ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး စုစုပေါင်း ၈၃၃ ဦး အထိ ရှိတယ်လို့ ဆိုပါတယ်။ အဲ့ဒီအထဲမှာ မန္တလေးတိုင်းက ရပ်/ကျေး အုပ်ချုပ်ရေးမှူး သုတ်သင်ခံရမှု အများဆုံး ဖြစ်ပြီး စုစုပေါင်း ၂၇၂ ဦး အထိ ရှိခဲ့တယ်လို့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့က ဆိုပါတယ်။
လက်ရှိမှာတော့ မန္တလေးမြို့ပေါ်မှာ မြို့ပြပြောက်ကျား (UG) တွေ ဝင်ရောက်လှုပ်ရှားနိုင်မှု မရှိသလောက် လျော့နည်းသလို မန္တလေးတိုင်းအတွင်းရှိ မြို့၊ရွာတွေကိုလည်း တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထိန်းချုပ်နိုင်တာ မရှိတော့ဘဲ လက်လွှတ်လိုက်ရချိန် အခုလို စစ်အုပ်စု သစ္စာခံ အုပ်ချုပ်ရေးမှူးဖြစ်ဖို့ အလုအယက် ပြိုင်ဆိုင်နေကြတာ ဖြစ်ပါတယ်။

ရပ်/ကျေးအုပ်ချုပ်ရေးမှူး ဘယ်လိုရွေးချယ်ကြသလဲ
ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေ ရွေးချယ်ခန့်ထားတဲ့ ကိစ္စကို မြို့နယ် အုပ်ချုပ်ရေးမှူးက အဓိက တာဝန်ယူ လုပ်ဆောင်ပါတယ်။ ရပ်/ကျေး အုပ်ချုပ်ရေး ဥပဒေအရ ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်ဖို့ အဖွဲ့ဝင် ငါးဦးပါ ကြီးကြပ်ရေးအဖွဲ့(ဒိုင်)ကို မြို့နယ် အုပ်ချုပ်ရေးမှူးက ဖွဲ့ပေးရပါတယ်။ အဲ့ဒီ ကြီးကြပ်ရေးအဖွဲ့က ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေကို မဲရလဒ်အလိုက် အဆင့်ဆင့်ရွေးချယ်ပြီးနောက် ရွေးချယ်ခံ ရာအိမ်မှူးတွေ ထဲကနေ ရပ်/ကျေး အုပ်ချုပ်ရေးမှူးကို ရွေးချယ်ဖို့ ကြီးကြပ်ပေးရတာ ဖြစ်ပါတယ်။ နောက်ဆုံး အတည်ပြုတာက မြို့နယ် အုပ်ချုပ်ရေးမှူးပါ။
အဲ့ဒီလို ရပ်/ကျေး အုပ်ချုပ်ရေးမှူးနေရာအတွက် အဆင့်ဆင့် ရွေးချယ်ရာမှာ ကြီးကြပ်ရေးအဖွဲ့က ဘယ်သူကတော့ အရည်အချင်းပြည့်မီတယ်၊ မမှီဘူးဆိုတာနဲ့ ဘယ်လိုလူတွေ မဲပေးခွင့်ရှိတယ်၊ မရှိဘူးဆိုတာကို ဆုံးဖြတ်ခွင့်ရတာကြောင့် ဘက်လိုက်မှုတွေ ရှိတတ်ပါတယ်။ ဒါ့အပြင် ရပ်/ကျေးက မဲပေးရွေးချယ်ပြီး တက်လာသူကို နောက်ဆုံးအဆင့် အတည်ပြုရတာ မြို့နယ် အုပ်ချုပ်ရေးမှူးဖြစ်ပြီး အဲ့ဒီမှာလည်း ဘက်လိုက်မှုတွေ ပေါ်ပေါက်လေ့ရှိပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မန္တလေးမြို့မှာ ပြုလုပ်ခဲ့တဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲတွေထဲ စစ်အုပ်စုရဲ့ မသမာမှု၊ ဘက်လိုက်မှုနဲ့ အငြင်းပွားမှုတွေ အများအပြား ပေါ်ပေါက်ခဲ့ပါတယ်။
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်မှာ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးဖို့ ကြီးကြပ်ဒိုင်ဖွဲ့ကတည်းက မသမာမှုတွေ ရှိခဲ့တယ်လို့ဆိုကာ ရပ်ကွက်ခံတွေက အထက်မြို့နယ်အဆင့်ကို တိုင်စာတွေ ပို့ခဲ့ပါတယ်။
မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်မှာတော့ ဇွန် ၂၈ ရက်လုပ်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲအတွင်း ရပ်ကွက်က ရွေးချယ်လိုက်သူတွေကို စစ်အုပ်စုက ပယ်ချခဲ့ပါတယ်။
စိန်ပန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲမှာ လက်ရှိ အုပ်ချုပ်ရေးမှူး၊ ယခင် ဦးသန်းရွှေလက်ထက်က အုပ်ချုပ်ရေးမှူးဟောင်းနဲ့ လူငယ်လူသစ်တို့ သုံးယောက် ယှဉ်ပြိုင်ခဲ့ကြပြီး ယခင် ဦးသန်းရွှေလက်ထက်က အုပ်ချုပ်ရေးမှူးဟောင်းက မဲအများဆုံး၊ လူငယ်လူသစ်က ဒုတိယမဲအများဆုံးနဲ့ လက်ရှိ အုပ်ချုပ်ရေးမှူးက မဲအနည်းဆုံး ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဦး– ကို အသက်ကြီးတယ်ဆိုပြီး ပယ်လိုက်တယ်။ အဲဒီနောက် ဒုတိယမဲအများဆုံးရတဲ့ ကို– (— ကွမ်းယာ) ကို ပေးမယ်လုပ်တော့လည်း ဆန္ဒပြဖူးတယ်ဆိုတဲ့ အချက်နဲ့ ဆက် ပယ်ကြပြန်တယ်။ အရင် အုပ်ကြီး –ကိုလည်း မပေးဘူး။ အခု လူသစ်ထပ်ရွေးဖို့ လုပ်နေကြတယ်” လို့ ရပ်ကွက်ခံတစ်ဦးက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် အုပ်ချုပ်ရေးမှူးဖြစ်လာတဲ့ လောင်းကစားဒိုင်ကို စစ်အုပ်စုက အုပ်ချုပ်ရေးမှူး ဆက်ခန့်လိုပြီး အဲ့ဒီလူ မဲအရနည်းတာကြောင့် ကျန်တဲ့သူတွေကိုလည်း မခန့်ဘဲ ပယ်ချကာ နောက်ထပ် ရွေးချယ်ပွဲ ထပ်လုပ်ခိုင်းနေတာလို့ ဆိုပါတယ်။
“အခုလက်ရှိ ဒီနေ့အထိ အုပ်ကြီး မရွေးရသေးဘူး။ ကြားရသလောက်တော့ ဝင်ပြိုင်တဲ့ သုံးယောက် စလုံးက ကန့်ကွက်ခံထားရတဲ့သဘော ဖြစ်နေတော့ နောက်ထပ် ဆွဲခန့်တစ်ယောက် ခန့်မယ်။ ဘယ်သူ ဖြစ်လာမလဲတော့ မသိသေးဘူး” လို့ ရပ်ကွက်ခံက ပြောပါတယ်။
မဟာအောင်မြေမြို့နယ်၊ ဒေးဝန်းအရှေ့ရပ်ကွက်မှာ လုပ်ခဲ့တဲ့ အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲမှာလည်း ရပ်ကွက်က မဲအများဆုံးပေးတဲ့သူကို မခန့်ဘဲ ဒုတိယမဲအများဆုံးရသူကို စစ်အုပ်စုက အုပ်ချုပ်ရေးမှူးခန့်တာကြောင့် အထက်အဆင့်ကို တိုင်စာပို့ထားတယ်လို့ မဲအများဆုံးရသူက လူမူကွန်ယက်မှာ တိုင်စာတွေ ဖြန့်ဝေထားပါတယ်။
ဒါ့အပြင် မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ) ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲမှာတော့ စစ်အုပ်စုက သူတို့နဲ့ အပေးအယူတည့်နေတဲ့ လက်ရှိ အုပ်ချုပ်ရေးမှူးကို ဆက်လက် ခန့်ထားနိုင်ရေးအတွက် ဝင်ပြိုင်မယ့်သူတွေထဲက အနိုင်ရနိုင်ချေရှိသူတွေကို ရွေးချယ်ပွဲ မတိုင်ခင်ကတည်းက ဖယ်ရှားခဲ့တယ်လို့ ရပ်ကွက်ခံတွေက ပြောပါတယ်။
ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးပွဲ ဝင်ပြိုင်ခွင့်မရဘဲ ဖယ်ရှားခံရတာနဲ့ ပတ်သက်ပြီး အကျိုးအကြောင်း သိချင်ရင် မြို့နယ်ရုံးကို သွားမေးဖို့ ငါးဦးပါ ကြီးကြပ်ရေးကော်မတီက ပြောဆိုတာကြောင့် ပြည်ကြီးတံခွန်မြို့နယ် အုပ်ချုပ်ရေးမှူး၊ ထွေအုပ် ဒု-ဦးစီးမှူးအဆင့်ကို သွားရောက်မေးမြန်းခဲ့ရာ
“ခိုင်လုံတဲ့ အကြောင်းအရာတစ်စုံတစ်ရာ ကျွန်တော်လည်း မသိဘူး။ အထက်က ပယ်ဖျက်ခိုင်းလို့ ပယ်ဖျက်ခဲ့တာပါ” လို့ ပြန်လည်ဖြေကြားခဲ့တယ်လို့ အုပ်ချုပ်ရေးမှူးလောင်း စာရင်းကနေ ပယ်ချ ခံရသူက MFP ကို ပြောပါတယ်။
ပြည်ကြီးတံခွန်မြို့နယ် (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးဟာ လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးကာ စစ်သားသစ် စုဆောင်းနေသူဖြစ်ပြီး ရပ်ကွက်ထဲ ငွေကြေးတောင်းခံတာတွေ ရှိတယ်လို့ သတင်းဆိုးထွက်သူ ဖြစ်ပေမယ့် သူပဲ ရပ်ကွက်အုပ်ချုပ်ရေးမှူး ပြန်ခန့်ခံရတယ်လို့ ရပ်ကွက်ခံတစ်ဦးက ပြောပါတယ်။
“ကျွန်တော်တို့ (ဆ) ရပ်ကွက်မှာ ပြည်သူတွေ ရွေးချယ်တင်သွင်းထားတဲ့သူတွေကို ထွေအုပ်က ပယ်ချပြီး လက်ရှိအုပ်ချုပ်ရေးမှူး စည်ဖြိုးလင်းကိုပဲ ပြန်ခန့်အပ်သွားတယ်”
မန္တလေးမြို့ပေါ် ရပ်ကွက်အများစုမှာတော့ အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲတွေ ပြီးဆုံးသွားပြီ ဖြစ်ပြီး ရပ်ကွက်ခံပြည်သူက ထောက်ခံနှစ်သစ် ကြိုက်သူတွေထက် စစ်အုပ်စုနဲ့ နီးစပ်သူတွေ၊ အာဏာသိမ်းကတည်းက စစ်အုပ်စု သစ္စာခံ အုပ်ချုပ်ရေးမှူးအဖြစ် လုပ်ကိုင်ခဲ့သူတွေသာ အများစု နေရာရကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။
“ခုကာလ နှစ်ဦးနှစ်ဖက် တည့်အောင်၊ကောင်းအောင် အဆင်ပြေအောင် နေကြရတာပါပဲ။ ကောင်းတဲ့ အုပ်ကြီးတွေ ရှိသလို မကောင်းတဲ့ အုပ်ကြီးတွေလည်း ရှိပါတယ်။ ထွေအုပ်က သူတို့ လက်သင့်ရာပဲ ပြန်ခန့်မှာပဲလေ” လို့ ချမ်းအေးသာစံမြို့နယ်မှာ နေထိုင်သူ အမျိုးသားတစ်ဦးက ပြောပါတယ်။

ရပ်၊ကျေး အုပ်ချုပ်ရေးမှူးတွေက သယ်ယူလာမယ့် အရာတွေ
၂၀၁၂ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေအရ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေရဲ့ သက်တမ်းဟာ နိုင်ငံတော်သမ္မတရဲ့ ရာထူးသက်တမ်းအတိုင်း ဖြစ်ပြီး တစ်ဆက်တည်း နှစ်ကြိမ်ထက် မပိုစေရလို့ ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်ယူနီးဖောင်းချွတ်ပြီး တိုက်ပုံပြောင်းဝတ်ကာ အရပ်သားအုပ်ချုပ်ရေးအသွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေ ခန့်အပ်တာ ဖြစ်ပါတယ်။
စစ်အုပ်စုက လုပ်တဲ့ ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲ အလုအယက် ဝင်ပြိုင်ကြတာဟာ အာဏာ၊ လုပ်ပိုင်ခွင့်နဲ့ ငွေကြေးအတွက်ပဲ မဟုတ်ဘဲ ကိုယ့်ရပ်ကွက်ကိုယ် ပိုမို ကာကွယ်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဝင်ပြိုင်ကြသူတွေလည်း ရှိတယ်လို့ မန္တလေးမြို့ခံတချို့ကတော့ ပြောပါတယ်။
လောင်ကစားဒိုင်က အုပ်ချုပ်ရေးမှူး လုပ်နေပြီး သူခိုင်းတဲ့အတိုင်း လိုက်လုပ်နေမယ့်အစား ကိုယ့်ရပ်ကွက်ထဲက ပိုမို သမာသမတ်ရှိသူ အုပ်ချုပ်ရေးဖြစ်လာရင် အထောင်းခံရတာချင်း အတူတူ အနာ သက်သာနိုင်တယ်ဆိုတဲ့ ယူဆချက်နဲ့ ဝင်ပြိုင်ကြ၊ ဝင်လုကြတာလို့ မြို့ခံတချို့က ဆိုပါတယ်။
မင်းအောင်လှိုင် လက်အောက်မှာ နိုင်ငံအခြေအနေ ကောင်းလာဖို့ မမျှော်လင့်ပေမယ့် အုပ်ချုပ်ရေးမှူးတစ်ယောက် အပြောင်းအလဲ ဖြစ်လာရင်တော့ ထောက်ခံစာယူရတာ အဆင်ပြေနိုင်သလို ရပ်ကွက်အတွင်း ပေါ်တာဆွဲ ခံရတာတွေလည်း သက်သာလာနိုင်မယ်လို့ မျှော်လင့်တဲ့အတွက် မဲသွားပေးခဲ့တာလို့ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်မှာ နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“မိသားစုဝင်ထဲက နိုင်ငံရေးပုဒ်မနဲ့ ထောင်ကျလို့ ထောင်ဝင်စာသွားတွေ့ဖို့ ထောက်ခံစာသွားယူရင်ကို ဘာမှမဟုတ်ဘဲ အုပ်ကြီး မေးကွဲက ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုပြီးမှ ထုတ်ပေးတာ။ သခင်အားရ ကျွန်ပါးဝ နှိပ်ကွပ်တာပေါ့။ အခု အခြားတစ်ယောက် ဖြစ်လာရင် နည်းနည်းကောင်းသွားမလား၊ ကိုယ့်ရပ်ကွက်က အုပ်ကြီးဖြစ်လာရင် ပေါ်တာဆွဲတာလည်း နည်းနည်းသက်သာသွားမလားလို့ပါ”
မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုအတွက်တော့ သူတို့ရဲ့ မအောင်မြင်သေးတဲ့ အာဏာသိမ်းမှုကို အောင်မြင်စွာ လက်စသတ်ဖို့ ယခု ၂၀၂၆ ခုနှစ်အတွင်း လုပ်ခဲ့တဲ့ ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲတွေက အထောက်အကူ ပြုမှာ ဖြစ်ပါတယ်။
လူအများ ပါဝင်တဲ့ အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲတွေနဲ့အတူ သူတို့ စိတ်ကြိုက် အုပ်ချုပ်ရေးမှူးတွေကို နေရာပေးပြီးနောက် စစ်အုပ်စုက မန္တလေးမြို့ပေါ်မှာ ပေးတာဆွဲ စစ်သားသစ် စုဆောင်းတာတွေ ပိုမို အရှိန်မြှင့်ကာ ဖိဖိစီးစီး လုပ်လာတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ကိုယ့်လူအနိုင်ရရင် ကိုယ့်ရပ်ကွက်ကို ပိုမိုကာကွယ်နိုင်မယ်ဆိုတဲ့ အယူအဆနဲ့ အုန်းအုန်းကြွက်ကြွက် နေရာလုခဲ့ခြင်းဟာ မှားယွင်းပြီး စစ်အုပ်စုကို ထောက်ခံတဲ့သဘော သက်ရောက်ကာ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူးတွေ ဆီကနေတော့ ဘယ်လို ကောင်းကျိုးမှ ရလာဖို့ မရှိဘူးလို့ ပြည်တွင်းက နိုင်ငံရေး လေ့လာစောင့်ကြည့်သူတစ်ဦးက သုံးသပ်ပါတယ်။
“ရှေ့ဘုန်းကြီး တစ်ချက်ခေါက်ရင် နောက်ဘုန်းကြီးကျ နှစ်ချက်ခေါက်မှာပဲ။ အခု ဖြစ်လာတဲ့သူ အများစုက စစ်အုပ်စု စိတ်ကြိုက် ရွေးချယ်ထားတဲ့သူတွေပါပဲ။ ဒီလိုလူတွေဆီကနေ ဘာများ မျှော်လင့်လို့ ရမှာလဲ”

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#စစ်ကိုင်း #အညာ #မန္တလေး #အုပ်ချုပ်ရေးမှူး



