
အီသာရမ်/MFP၊အောက်တိုဘာ-၂၃
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ စစ်အုပ်စုက ပါရာမော်တာနဲ့ လေကြောင်းကနေ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူတစ်ဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ သရက်ခရိုင်အမှတ်-၄ တပ်ရင်းက ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
အောက်တိုဘာလ ၂၂ ရက်နေ့ မနေ့ညနေ ၅ နာရီခန့်က မင်းတုန်းမြို့နယ် ရွာသစ်ကျေးရွာနဲ့ ငှက်ပျင်းကျေးရွာအကြားကို သရက်ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၁၂)က တတ်လာတဲ့ ပါရာမော်တာ သုံးစီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဗုံးကြဲတိုက်ခိုက်ချိန်မှာ အလုပ်လုပ်ကိုင်းရင်း နားနေကြတဲ့ ပြည်သူတွေကို ထိမှန်ပြီး ပြည်သူတစ်ဦး ဦးခေါင်းကို ထိမှန်ကာ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့ကာ နောက်ထပ်တစ်ဦးကလည်း ထိခိုက်ဒဏ်ရာပြင်းထန်တယ်လို့ သရက်ခရိုင်အမှတ်-၄ တပ်ရင်း ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောပါတယ်။



“သေဆုံးတဲ့ မောင်ဖိုးလမင်းက ခေါင်းကိုထိမှန်ပြီး သေဆုံးသွားတာပါ နေရာမှာတင်ပါ၊ထိခိုက်ဒဏ်ရာရတဲ့သူတွေမှာ တစ်ယောက်ကတော့ ဒဏ်ရာနည်းနည်းများပါတယ် ဒီညာဘက် နံအောက်ကို ထိတာပါ”
အဲဒီလို စစ်အုပ်စုဗုံးကြဲတိုက်ခိုက်တာကြောင့် ကြို့ဝကျေးရွာက မောင်ဖိုးလမင်း(အသက်-၂၅)နှစ်က နေရာမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့ပြီး ဦးကြည်ဝင်း(အသက်၆၂)နဲ့ဦးအောင်မြိုင်(အသက်-၄၇) တို့က ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တာလို့ ဆိုပါတယ်။
အခုစစ်အုပ်စုဗုံးကြဲတိုက်ခိုက်သွားတဲ့ ကျေးရွာတွေကတော့ စစ်အုပ်စုစစ်ကြောင်းတွေနဲ့ စစ်ရေးတင်းမာနေတဲ့ နေရာတွေနဲ့ မနီးစပ်ဘူးလို့လည်း ကိုမြတ်က ပြောပါတယ်။
မင်းတုန်းမြို့နယ်ဟာ ရခိုင်ပြည် အမ်းမြို့နယ်နဲ့ ထိစပ်နေပြီး မင်းတုန်းနယ် အနောက်ခြမ်း ရိုးမကို ဖြတ်ကာ ရခိုင်ပြည်ဘက် ထိုးဖောက်နိုင်ဖို့ စစ်အုပ်စုက မေလကသတက်ပြီး အင်အားထောင်နဲ့ချီကာ အသုံးပြုကာ စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။
ပေါ်တာဆွဲ စစ်သားသစ်တွေ အပါအဝင် စစ်အုပ်စု တပ်မ ၅၅ ခေါ် အမှတ် ၅၅ ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ တပ်ရင်းတွေကနေ အင်အား ၃၀၀၀ လောက်အထိ စုဖွဲ့ကာ စစ်အုပ်စုက မင်းတုန်းနယ်ထဲ စစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက် မင်းတုန်းနယ် အနောက်ခြမ်း ရိုးမအခြေ ကျေးရွာတွေမှာ ဖြန့်ခွဲ နေရာယူထားတယ်လို့ ဆိုပါတယ်။
အောက်တိုဘာလ ၈ ရက်နေ့ကလည်း မင်းတုန်းမြို့နယ်ကို ပါရာမော်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူနှစ်ဦးပွဲချင်းပြီး သေဆုံးကာ ထိခိုက်ဒဏ်ရာရတာတွေလည်း ရှိခဲ့ပါတယ်။
စက်တင်ဘာလ ၁၃ ရက်နေ့ကလည်း မင်းတုန်းမြို့နယ် ဇွန်းကျကျေးရွာကို စစ်အုပ်စု ကပစ-၁၂ က ပါရာမော်တာနဲ့ အကြောင်းမဲ့ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးငယ်တွေအပါအဝင် ပြည်သူ ခြောက်ဦးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ရက်ကနေ ယခု အောက်တိုဘာ ၂၃ ရက်အထိ တစ်လကျော်အတွင်း မင်းတုန်းနယ် ကျေးရွာတွေပေါ် စစ်အုပ်စုက ဗုံးပတ်ကြဲလို့ ကလေးသူငယ်နဲ့ အမျိုးသမီးတွေ အပါအဝင် ဒေသခံ ၁၀ဦးထက်မနည်း သေဆုံးကာ ဒဏ်ရာရသူ ဒါဇင်ချီရှိပြီး အိုးအိမ်အဆောက်အအုံတွေလည်း ပျက်စီးခဲ့ပါတယ်။
စစ်အုပ်စုက လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ ရခိုင်ပြည်နယ်က မြို့တွေကို ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ဖို့အတွက် မင်းတုန်းမြို့နယ်ကို အခြေပြုကာ ရခိုင်ရိုးမကနေ စစ်ကြောင်းထိုးနေတာဖြစ်ပြီး အာရက္ခတပ်တော် AA နဲ့ မဟာမိတ်တွေကပူးပေါင်းတိုက်ခိုက်နေတာကြောင့် စစ်ကြောင်းက နောက်ပြန်ဆုတ်နေခဲ့ရတာဖြစ်ပါတယ်။
လက်ရှိမှာတော့ မင်းတုန်းမြို့နယ်ထဲမှာ စစ်ရှုံးနေတဲ့ စစ်အုပ်စုက အခုလိုလေကြောင်းကနေ အကြောင်းမဲ့ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်ရှိနေတာကြောင့် မင်းတုန်းမြို့နယ်က ပြည်သူတွေအနေနဲ့ လေကြောင်း၊လက်နက်ကြီးအန္တရာယ်တွေကို သတိထားနေထိုင်ကြဖို့ သရက်ခရိုင် အမှတ်-၄ တပ်ရင်းက သတိပေးထုတ်ပြန်ထားပါတယ်။
မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ နိုင်ငံတဝန်းမှာ ဘုန်းကြီးကျောင်းတွေ၊ ဘုရားကျောင်းတွေအပါအဝင် အရပ်သားပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်ကျူးလွန်နေပြီး အာဏာသိမ်းကာစကနေ ဒီနှစ် ဩဂုတ်လကုန်အထိ ငါးနှစ်ကျော်အတွင်း လေကြောင်းဗုံးကြဲမှုပေါင်း ၁၄၀၅၅ ကြိမ် ကျူးလွန်ခဲ့ပြီး အရပ်သားပြည်သူ ၆၀၆၂ ဦးသေဆုံးခဲ့ကာ စာသင်ကျောင်း၊ဆေးရုံဆေးခန်း၊ ဘာသာရေးအဆောက်အအုံနဲ့ အရပ်သားပိုင်အဆောက်အအုံ ၁၅၁၇ခု ပျက်စီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာလအတွင်း မင်းတုန်းနယ် ကျေးရွာပေါ် စစ်အုပ်စုက ဗုံးကြဲလို့ ထိခိုက်ပျက်စီးမှုတွေ တွေ့ရစဉ်/Photo – သရက်ခရိုင် PDF တပ်ရင်း ၄



