မန္တလေးသတင်း

မြင်းခြံမှာ စစ်အုပ်စု ဆက်လက် ရွာစဉ်ပတ်မွှေ လုယက် မီးရှို့နေ၊ ဒေသခံ ထောင်ချီ ထွက်ပြေးနေရ ၊

ဝင်းသိန်း/MFP၊ ဧပြီ – ၂၂ ​

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ထဲ အာဏာသိမ်း စစ်အုပ်စုနဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့ဟာ လက်နက် အားကိုးနဲ့ ကျေးရွာတွေကို ဆက်လက် ရွာစဉ်ပတ်မွှေ လုယက်၊ မီးရှို့နေပြီး တွေ့သမျှလူကို ရန်ပြုနေလို့ ထောင်ချီတဲ့ ပြည်သူတွေ ထွက်ပြေးနေကြရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဧပြီ ၁၉ရက်မှာ မြင်းခြံမြို့နယ် သစ်ရုံနဲ့ တူရွင်းဘို့ရွာဘက်က ထွက်လာတဲ့ အင်အား ၁၀၀ခန့်ပါ စစ်အုပ်စုနဲ့ ပျူတွေဟာ တလုပ် မြို့ကြီးကုန်းရွာကို ဒရုန်း ငါးစီးနဲ့ ဗုံးကြဲကာ ရွာကို စီးနင်းပြီးနောက် တန်ဘိုးရှိပစ္စည်းတွေ ဖောက်ထွင်းခိုးယူကာ မြို့ကြီးကုန်းနဲ့ ရဲတိုင်ရွာရှိ နေအိမ်တွေကို မီးရှို့ဖျက်ဆီး တယ်လို့ ဆိုပါတယ်။

“သူတို့ (စစ်အုပ်စု)က ရွာထဲကို အတင်းဝင်လာတာဗျ။ လူတွေကတော့ သတင်းကြိုရလို့ အကုန် ပြေးနိုင်ကြတယ်။ ဒါပေမဲ့ အိမ်တွေကိုတော့ မီးရှို့တာပဲ။ မြို့ကြီးကုန်းနဲ့ ရဲတိုင်မှာတင် အိမ်ခြေ ၂၀၀ လောက် ပြာဖြစ်သွားပြီ။ အခုက လူတင်မကဘူး၊ အိမ်ပါမကျန်အောင် လုပ်နေတာ”လို့ မြင်းခြံဒေသခံ တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက MFP ကို ပြောပါတယ်။

မြင်းခြံနယ်ထဲ ရွာစဉ်ပတ်မွှေ မီးရှို့နေတဲ့ စစ်ကြောင်းဟာ မြင်းခြံမြို့ အခြေစိုက် စစ်အုပ်စု ခြေမြန် တပ်ရင်း (ခမရ) ၁၅ နဲ့ သီတာယုမွန် ဦးဆောင်တဲ့ ပျူစောထီးတွေ ပူးပေါင်းထားတာတယ်လို့ ဆိုပါတယ်။

အဲ့ဒီ စစ်အုပ်စုနဲ့ ပျူတွေဟာ ဧပြီ၂၀ ရက်မှာလည်း မြို့ကြီးကုန်း (ကုန်းပေါ်) နဲ့ မြောက်ရွာလေးရွာက အိမ်တွေကို ထပ်မံ မီးရှို့ခဲ့သလို ထိန်ပန်းနဲ့ ရွာသစ်ရွာတွေမှာလည်း ယခင် အကြိမ်ကြိမ် မီးရှို့ချိန် မလောင်ဘဲ ကျန်နေသေးတဲ့ အိမ်တွေကို လိုက်လံမီးရှို့နေတယ်လို့ အထက်ပါ တော်လှန်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။

“တူရွင်းဘို့မှာဆို ပိုဆိုးတယ်၊ မီးရှို့တာတင် မဟုတ်ဘူး၊ ဘတ်ဟိုးနဲ့ပါ အိမ်တွေကို ထိုးဖျက်ပြစ်နေတာ။ အခု အဲ့ဒီ စစ်ခွေးတွေက တလုပ်မြို့ထဲမှာ စုနေကြတယ်။ ကျနော်တို့ဘက်မှာက မြောက်ရွာလေး၊ မြို့ကြီးကုန်း၊ ရဲတိုင် အပါအဝင် ရွာပေါင်း ၁၀ ရွာကျော်က လူတွေ အကုန်ပြေးနေရတာ။ အခုထိတော့ ရွာ မပြန်ရဲကြသေးဘူး”

စစ်အုပ်စုဟာ တလုပ်မြို့ကျေးရွာကို စီးနင်းထားပြီး အနီးဝန်းကျင် ကျေးရွာတွေရှိ မီးမလောင်သေးတဲ့ နေအိမ်တွေကို လိုက်လံ မီးရှို့နေရုံသာမက တူရွင်းဘို့ကျေးရွာမှာတော့ နေအိမ်တွေကို ဘတ်ဟိုး မြေကော်စက်တွေနဲ့ပါ ထိုးကော်ဖျက်ဆီးနေတယ်လို့ ဆိုပါတယ်။

စစ်အုပ်စု ရန်ကြောင့် တလုပ်မြို့ကျေးရွာ အပါအဝင် မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာ ၁၀ ရွာကျော်က ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေးနေကြရပြီး တောတောင်တွေနဲ့ နီးစပ်ရာ နေရာတွေမှာ စစ်ဘေးရှောင် ခိုလှုံနေကြရကာ စားသောက်နေထိုင်ရေး အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြင်းခြံနယ်ထဲ ရွာစဉ်ပတ်မွှေတဲ့ စစ်အုပ်စုနဲ့ ပျူတွေဟာ ဧပြီ ၁၉ရက်မှာ ထိန်ပန်းနဲ့ ရွာသစ်ရွာရှိ ယခင် အကြိမ်ကြိမ် မီးရှို့စဉ် မီးမလောင်ဘဲ ကျန်နေသေးတဲ့ နေအိမ်တွေကို လိုက်လံ မီးရှို့ဖျက်ဆီးခဲ့သလို ဧပြီ ၂၀ရက်မှာလည်း မြို့ကြီးကုန်းရွာ (တလုတ်မြို့အုပ်စု)၊ ရဲတိုင်ရွာရှိ နေအိမ်တွေကို လိုက်လံ မီးရှို့ဖျက်ဆီးတယ်လို့ ဒေသခံ တော်လှန်ရေး အင်အားစုတစ်ဖွဲ့ဖြစ်တဲ့ မြင်းခြံ လူထုလှုပ်ရှားမူ ကော်မတီက ဖော်ပြပါတယ်။

စစ်အုပ်စုနဲ့ ပျူတွေဟာ သင်္ကြန်မတိုင်မီ ဧပြီ ၁၁ရက်နဲ့ ၁၂ရက်‌တွေမှာလည်း မြင်းခြံမြို့နယ် ကျေးရွာ ရှစ်ရွာရှိ အိမ်ခြေ ၁၀၀၀ ခန့်ကို စီးနင်းလုယက် မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

သင်္ကြန်မတိုင်မီ စစ်အုပ်စု မီးရှို့ဖျက်ဆီးခဲ့တဲ့ ကျေးရွာတွေဟာ ဧပြီ ၁၁ရက်မှာ အိုင်းမ၊ ကျောင်းဖြူကန်၊ တူရွင်းဘို့ရွာ (အိုင်းမရွာ ပထမအကြိမ်မီးရှို့ပြီးကျန်တဲ့ နေအိမ်တွေ ထပ်ရှို့၊  ကျောင်းဖြူကန်ရွာ အိမ်ခြေ၄၀၀ခန့်ရှိ၊ တဝက်ခန့် ရှို့၊ တူရွင်းဘို့ရွာ ရွာတောင်ပိုင်းရှိ နေအိမ်တွေ မီးရှို့)၊ ဧပြီ ၁၂ရက်မှာ  ထိန်ပန်း၊ ရွာသစ်၊ ကျီးပင်ကန်၊ ယုံထိုးစွယ်၊ ဆိတ်ကုန်းရွာ၊ (ထိန်ပန်းရွာ အိမ်ခြေ၅၀၀ကျော် ရှိရာ ရွာလုံးကျွတ် နီးပါး ရှို့ခံရပြီး နှစ်အိမ်သုံးအိမ်ခန့်သာ ကျန်၊ ရွာသစ်ရွာ အိမ်ခြေ၄၀၀ကျော် ရှိရာ ရွာလုံးကျွတ်နီးပါးရှို့ခံရပြီး ၁၀အိမ်ခန့်သာ ကျန်၊ ကျီးပင်ကန်ရွာ ရွာတောင်ပိုင်းနဲ့ ဆိတ်ကုန်းရွာ အိမ်ခြေ ၁၅၀ ခန့်ရှိရာမှာ အိမ်ခြေ ၄၀ ခန့် ရွာလယ်ပိုင်း မီးရှို့ခံရ)တို့ ဖြစ်ပါတယ်။

စစ်အုပ်စုဟာ ဧပြီ ၂ရက်ကလည်း မြင်းခြံနယ်မြောက်ခြမ်း၊ မြင်းခြံ – ဆီီမးခုံ – နဘူးအိုင် – မြို့သာ – တံတားဦး ကားလမ်းပေါ်ရှိ အိမ်ခြေ ၃၅၀ ကျော် ရှိတဲ့ ဖက်ပင်အိုင်ကျေးရွာကို စီးနင်းလုယက်ပြီး ရွာလုံးကျွတ်နီးပါး ပြာကျအောင် မီးရှို့ဖျက်ဆီးခဲ့သလို ကလေးသူငယ်၊ သက်ကြီးရွယ်အိုနဲ့ တော်လှန်ရေး ရဲဘော်တွေ အပါအဝင် ရွာခံ ၁၀ ကျော် ကိုလည်း သတ်ဖြတ်ခဲ့ပါတယ်။

စစ်အုပ်စုဟာ အတုအယောင် ရွေးကောက်ပွဲကာလ ၂၀၂၅ ဒီဇင်ဘာက စတင်ကာ မြင်းခြံနယ်ထဲ ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့နေတာ ဖြစ်ပါတယ်။

စစ်အုပ်စုဟာ ၂၀၂၅ ဒီဇင်ဘာကနေ ၂၀၂၆ မတ်လကုန်အထိ လေးလတာအတွင်း မြင်းခြံနယ် မြောက်ခြမ်းရှိ နဘူးအိုင်၊ ‌ညောင်ဝန်း၊ သက္ကယ်ကျင်း စတဲ့ ကျေးရွာတွေနဲ့ မြင်းခြံနယ် အနောက်မြောက်ခြမ်း၊ မြစ်ရိုးတလျှောက်ရှိ သင်္ဘောတင်၊ ပတ္တာ၊ တောင်ကျွန်း စတဲ့ ကျေးရွာတွေ၊ စုစုပေါင်း ကျးရွာ ၁၅ ရွာကျော်က အိမ်ခြေ ၄၀၀၀ ကျော်ကို မီးရှို့ ဖျက်ဆီးခဲ့ပြီး ဖြစ်ပါတယ်။

မြင်းခြံနယ်ထဲ ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့နေတဲ့ စစ်အုပ်စုနဲ့ စစ်ဘေးရှောင် ထွက်ပြေးနေရတဲ့ ပြည်သူတွေ/Photo – စစ်အုပ်စု၊ ဒေသခံ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #မန္တလေး #မြင်းခြံ #တလုပ်မြို့

Related Articles

Back to top button