ဖလမ်းမြို့ ပြန်ရရေး အသေခံ ထိုးစစ်ဆင်နေတဲ့ စစ်အုပ်စု မြို့အနီး ချဉ်းကပ်လာနိုင်၊

တန်ပြန်ထိုးစစ် ခြောက်လအတွင်း စစ်သား အနည်းဆုံး ၄၀၀ ကျော် သေပေမဲ့ စစ်အုပ်စုက မြို့ပြန်ရရေး ဆက်လက် ထိုးစစ်ဆင်နေတာဖြစ်၊
ကိုသူ/MFP၊ ဧပြီ – ၂၂
ချင်းတော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ ချင်းပြည် ဒုတိယမြို့တော် ဖလမ်းမြို့ ပြန်ရရေးအတွက် အသေခံကာ ထိုးစစ်ဆင်နေတဲ့ အာဏာသိမ်း စစ်အုပ်စု အင်အား ၁၀၀၀ ခန့်ကာ လက်ရှိမှာ မြို့အနီး ချဉ်းကပ်လာနိုင်ပြီး အရှိန်မြှင့်ထိုးစစ်ဆင်နေတယ်လို့ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
၂၀၂၅ စက်တင်ဘာက စတင်ကာ အင်အား ထောင်နဲ့ချီ အသုံးပြုပြီး ဖလမ်းမြို့ပြန်ရရေး နှစ်ဖက်ညှပ် ထိုးစစ်ဆင်တဲ့ စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဖလမ်းမြို့အရှေ့ဘက်ခြမ်းမှာ စစ်ကြောင်းနှစ်ကြောင်း ပေါင်းဆုံပြီးနောက် ရှေ့ဆက်တိုးလာကာ မြို့အနီး ချဉ်းကပ်လာတာလို့ ဆိုပါတယ်။
ဖလမ်းမြို့ပြန်ရရေး တန်ပြန်ထိုးစစ်ဆင်တဲ့ စစ်အုပ်စုကို ချင်းတော်လှန်ရေးတပ်တွေက ခြောက်လကျော်ကြာ ခုခံတိုက်ခိုက်ခဲ့ပြီး စစ်အုပ်စု အနည်းဆုံး ၄၀၀ ကျော်အထိ သုတ်သင်နိုင်ခဲ့ပေမဲ့ စစ်အုပ်စုက အသေခံကာ ရှေ့ဆက်တိုးနေတာ ဖြစ်ပြီး လက်ရှိမှာတော့ ဖလမ်းမြို့နဲ့ လေးမိုင်ခန့် အကွာအထိ ရောက်လာတာလို့ စစ်ရေးသတင်းရင်းမြစ်က MFP ကို ပြောပါတယ်။
“ဖလမ်းနား ကပ်နေပြီ၊ ကြောင်ဟဲရွာ ရောက်နေပြီ၊ လေးမိုင်လောက် ဝေးတော့တာ၊ တိုက်ပွဲကတော့ ဆက် ဖြစ်နေတယ်၊ အင်းအားက တစ်ထောင်ကျော်လောက် ပါတယ်”
ပြီးခဲ့တဲ့ ရက်ပိုင်းက ဗာရ်းတံတားအနီး ရောက်လာတဲ့ စစ်အုပ်စုဟာ ဖလမ်းမြို့အောက်ဘက် လေးမိုင်ခန့်အကွာရှိ ကြောင်ဟဲရွာအထိ ရှေ့ဆက်တိုးလာနိုင်ပြီး အဲ့ဒီရွာအနီး တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေကာ စစ်အုပ်စုက လေကြောင်းကနေလည်း အဆက်မပြတ် ဗုံးကြဲပစ်ကူနေတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ ဖလမ်းမြို့ ပြန်ရရေးနဲ့ ကလေး-ဖလမ်း လမ်းကြောင်းကို စိုးမိုးနိုင်ရေးအတွက် တပ်မ ၇၇ ခေါ် အမှတ် ၇၇ ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ တပ်ရင်းတွေက ထုတ်နုတ်စုဖွဲ့ထားတဲ့ တပ်ရင်း ကိုးရင်း၊ အင်အား ထောင်နဲ့ချီ အသုံးပြုကာ ၂၀၂၅ စက်တင်ဘာက စတင်ပြီး ကလေးမြို့ကနေတဆင့် ကလေး – သိုင်းငင်း – တီးတိန် – ဖလမ်း ကားလမ်းနဲ့ ကလေး – နတ်ချောင်း – ဝေဘူလ – ဖလမ်း ကားလမ်းအတိုင်း နှစ်ဖွဲ့ခွဲကာ တန်ပြန် ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။
အဲ့ဒီ စစ်အုပ်စု စစ်ကြောင်းတွေကို ချင်းတော်လှန်ရေးတပ်တွေက လမ်းတလျှောက် စောင့်ကြို တိုက်ခိုက်ရာ အရာရှိအဆင့်တွေ အပါအဝင် စစ်အုပ်စု အနည်းဆုံး ၄၀၀ ကျော် သေဆုံးပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်း ရရှိထားတယ်လို့ ချင်းတော်လှန်ရေးတက်တွေက ထုတ်ပြန်ထားပါတယ်။
စစ်အုပ်စုဟာ အဲ့ဒီ စစ်ကြောင်းတွေအတွက် စစ်ကူ ၁၀ကြိမ်ထက်မနည်း ပို့လွှတ်ခဲ့သလို လေကြောင်းကနေလည်း ဗုံးကြဲပစ်ကူတာ၊ အင်အားဖြည့်တာတွေ ဆက်တိုက် ပြုလုပ်ခဲ့ပါတယ်။
အဲ့ဒီ စစ်အုပ်စု စစ်ကြောင်းနှစ်ကြောင်းအနက် ဝေဘူလမြို့ဘက်က လာတဲ့ စစ်ကြောင်းကို ဖလမ်းမြို့နဲ့ ခုနှစ်မိုင်ခန့်အကွာ မြို့ရဲ့အနောက်မြောက်ဘက်ရှိ ခွန်လီရွာအနီး ရောက်ရှိချိန် ချင်းတော်လှန်ရေး တပ်တွေက ဧပြီ ၁၄ရက်မှာ တိုက်ခိုက်ရာ စစ်အုပ်စုရဲ့ ရှေ့တန်းစခန်းကုန်းကို သိမ်းပိုက်နိုင်ပြီး လက်နက်၂၄ လက်၊ ခဲယမ်းတွေ သိမ်းပိုက် ရရှိတယ်လို့ ချင်းအမျိုးသား ကာကွယ်ရေးတပ် – CNDF က ဧပြီ ၁၅ရက်မှာ သတင်း ထုတ်ပြန်ပါတယ်။

အဲ့ဒီ ရှေ့တန်းစခန်းကုန်း သိမ်းပိုက်ခံရတဲ့ စစ်အုပ်စု စစ်ကြောင်းဟာ ဖလမ်းမြို့ရဲ့ အရှေ့ဘက် မိုင် ၂၀ ခန့်အကွာရှိ ပါရ်သဲရွာအနီး ရောက်ရှိနေတဲ့ သိုင်းငင်းဘက်က လာတဲ့ စစ်ကြောင်းနဲ့ သွားရောက် ပူးပေါင်း ပြီးနောက် ရှေ့ဆက်တိုးကာ အခုလို ခလမ်းမြို့အနီး ချဉ်းကပ်လာတာလို့ စစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။
ဖလမ်းမြို့ ပြန်လက်လွှတ်လိုက်ရပါက စစ်အုပ်စု အနေနဲ့ ချင်ပြည် တခြားမြို့တွေကိုပါ စိုးမိုးနိုင်ရေး ဆက်လက် ထိုးစစ်ဆင်လာနိုင်တာကြောင့် ချင်းတပ်တွေ အားလုံး စုပေါင်းကာ ခုခံတိုက်ခိုက်နေတာ ဖြစ်တယ်လို့ ချင်းလဲန်အစိုးရတပ်ဖွဲ့ (Chinland Ministry of Defense)၊ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ Nai John Kim က ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလအတွင်း MFP ကို ပြောပါတယ်။
ဖလမ်းတိုက်ပွဲမှာ ချင်းတော်လှန်ရေးတပ်တွေ ပူးပေါင်းစုဖွဲ့ကာ ခုခံ တိုက်ခိုက်နေတာ ဖြစ်ပြီး ချင်းအမျိုးသား တပ်မတော်/ချင်းအမျိုးသားတပ်ဦး- CNA/CNF ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေနဲ့ ချင်းညီနောင် – Chin Brotherhood ဦးဆောင်တဲ့ တပ်တွေလည်း ပူးပေါင်း ပါဝင်ပါတယ်။

ချင်းတော်လှန်ရေးတပ်တွေက ၂၀၂၅ ဧပြီလမှာ ဖလမ်းမြို့ကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ချင်းပြည်မှာ မြို့နယ် ရှစ်မြို့နယ် ရှိတဲ့အနက် ဖလမ်းမြို့ အပါအဝင် မြို့နယ် ငါးမြို့နယ်ကို တော်လှန်ရေး တပ်တွေက သိမ်းပိုက်ထားပြီး စစ်အုပ်စုက ဟားခါး၊ ထန်တလန်နဲ့ တီးတိန်မြို့နယ်တွေကို ဆက်လက် ကြီးစိုး ထိန်းချုပ်ထားပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



