မကွေးသတင်းအညာမြေ တော်လှန်ရေး

နတ်မောက်မြို့အဝင်ရှိ စစ်အုပ်စု ငွေညှစ်ဂိတ်ကို တိုက်ခိုက်၊ လေးယောက် သေဟုဆို၊

ဝင်းသိန်း/MFP၊​ ဧပြီ – ၂၆

မကွေးတိုင်း၊ နတ်မောက်မြို့အဝင်မှာ အခိုင်အမာ တပ်စွဲနေရာယူပြီး ခရီးသွားပြည်သူကို လက်နက်ပြ မိုက်ကြေးခွဲ နေတဲ့ အာဏာသိမ်း စစ်အုပ်စုရဲ့ ငွေညှစ်ဂိတ်ကို တော်လှန်ရေးပူး ပေါင်းတပ်တွေက စီးနင်း ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု လေးယောက် သေတယ်လို့ PDF သရက်ခရိုင် အမှတ် ၃ တပ်ရင်းက သတင်း ထုတ်ပြန်ပါတယ်။

ဧပြီ ၂၄ ရက် ညနေပိုင်းက နတ်မောက်မြို့နဲ့ တစ်မိုင်ခန့်အကွာ၊ နတ်မောက် – မြို့သစ် လမ်းပိုင်းပေါ်ရှိ မြို့တောင်ဘက် စစ်အုပ်စုရဲ့ ငွေညှစ်ဂိတ်ကို တော်လှန်ရေးတပ်တွေက ပြောက်ကျားစစ်ဆင်ရေး မဟုတ်ဘဲ ဂိတ်အခြေထိ ကပ်ကာ ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ဂိတ်ရှိ အဓိက ဘန်ကာ သုံးခုကို ချေမှုန်းနိုင်ခဲ့ကာ စစ်အုပ်စု လေးယောက် သေတယ်လို့ သရက်ခရိုင်အမှတ် ၃ တပ်ရင်း ပြန်ကြားရေး တာဝန်ခံ ဗိုလ်ငါးခူက ပြောပါတယ်။

“ကျနော်တို့က ဂိတ်အခြေထိ ကပ်ပြီးမှ တိုက်ခိုက်တာဗျ။ သူတို့(စစ်အုပ်စု)ဘက်ကလည်း ထွက်မပြေးဘဲ ပြန် ခံပစ်တာ ရှိတယ်။ မျက်မြင်အတည်ပြုချက်အရ လေးဦး သေပြီး သုံးဦးကတော့ စိုးရိမ်ရ ဒဏ်ရာတွေ ရသွားတယ်။ လက်ရှိတော့ အဲ့ဒီဂိတ်မှာ အင်အား ထပ်တိုးပြီး ထိုင်နေတုန်းပဲ” လို့ ဗိုလ်ငါးခူက MFP ကို ပြောပါတယ်။

မိနစ် ၄၅ခန့် ကြာမြင့်တဲ့ အဆိုပါ တိုက်ပွဲအတွင်း စစ်အုပ်စုရဲ့ အဓိကဘန်ကာ တစ်ခု၊ ကင်းမျှော်စင်ဘန်ကာ တစ်ခုနဲ့ ဘန်ကာအသေး တစ်ခုတို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက အပြီးသတ် ချေမှုန်းနိုင်ခဲ့ပြီး လက်ကျန်ဘန်ကာ တစ်ခုကို ဆက်လက်တိုက်ခိုက်နေချိန်မှာတော့ နတ်မောက်မြို့ပေါ်ကနေ စစ်အုပ်စုက ၁၂၀ မမ၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ တရစပ် ပစ်ကူပေးပြီး ဒရုန်း နှစ်စီးနဲ့ပါ ပြန်လည် ခုခံခဲ့တာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေ အောင်မြင်စွာ ခွာစစ်ဆင်ခဲ့ရတယ်လို့ ဗိုလ်ငါးခူက ပြောပါတယ်။

 “ကျနော်တို့ဘက်က နှစ်ယောက် ဒရုန်းဗုံးသီးအစ ထိမှန်ခဲ့ပေမယ့် မစိုးရိမ်ရပါဘူး။ အခုတော့ ဘေးကင်းရာကို ရောက်ရှိနေပါပြီ” လို့ ဗိုလ်ငါးခူက MFP ကို ဆက်ပြောပါတယ်။

အဆိုပါ စစ်ဆင်ရေးကို သရက်ခရိုင်အမှတ် ၃ ငါးပြေမ တပ်ရင်း၊ Aung San’s Land – NatMauk နဲ့ နတ်မောက်မြို့နယ် ပကဖ တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။

လက်ရှိမှာတော့ စစ်အုပ်စုက အဆိုပါဂိတ်မှာ အင်အားတိုးချ ပြန်လည်တပ်စွဲထားတယ်လို့ ဆိုပါတယ်။

​တော်လှန်ရေးရဲ့ အန္တိမပန်းတိုင်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်နိုင်ရေး ဆက်လက် တိုက်ပွဲဝင်မှာမို့ မိဘပြည်သူတွေအနေနဲ့ တော်လှန်ရေးတပ်တွေကို ယခင်ထက်ပိုမိုပြီး ဝန်းရံ ထောက်ပံ့ပေးကြဖို့နဲ့ စစ်အုပ်စုနဲ့ အနီးကပ်မနေထိုင်ကြဖို့ တိုက်တွန်း နှိုးဆော်ထားပါတယ်။

တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့တဲ့ နတ်မောက်မြို့တောင်ဘက် တစ်မိုင်ခန့်အကွာ၊ နတ်မောက် – မြို့သစ် လမ်းပေါ်ရှိ စစ်အုပ်စုရဲ့ မြို့အဝင် ငွေညှစ်ဂိတ်/Photo – သရက်ခရိုင် တပ်ရင်း ၃

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #မကွေး #နတ်မောက် #ငါးပြေမတပ်

Related Articles

Back to top button