
ဓာတ်ဆီတိုးနေတဲ့ ပြည်သူတွေကို ဓားစာခံ ဖမ်းဆီး၊
ဘုန်းစိုး/MFP၊ ဧပြီ – ၂၈
စစ်ကိုင်းတိုင်းရဲ့မြို့တော် မုံရွာမြို့ရဲ့ အရှေ့ဘက်ခြမ်းရှိ ကျောက္ကာနဲ့ ရွာတုံရွာတွေဘက် အာဏာသိမ်း စစ်အုပ်စုက လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေပြီး စက်သုံးဆီဝယ်ခွင့်ရဖို့ တန်းစီနေသူ လေးဦး ထက်မနည်းကို ဓားစာခံ လူသားဒိုင်းကာအဖြစ် ဖမ်းခေါ်သွားသလို နေအိမ်တွေကို ဖောက်ထွင်းကာ တန်ဘိုးရှိပစ္စည်းတွေ ခိုးယူလုယက်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ဧပြီ ၂၇ ရက် မနက်ပိုင်းမှာ မုံရွာမြို့ စီးပွားရေးတက္ကသိုလ်ထဲ အထိုင်စခန်းပြုလုပ်ထားတဲ့ စစ်အုပ်စု အင်အား ၂၀၀ ကျော်၊ ကားခြောက်စီးနဲ့ ထွက်လာကာ မြို့ရဲ့အရှေ့ဘက်ရှိ ကျောက္ကာကျေးရွာဘက် ဦးတည် စစ်ကြောင်းထိုးပြီး လမ်းတလျှောက် တွေ့သမျှပြည်သူကို ဖမ်းဆီးကာ နေအိမ်တွေ ဖောက်ထွင်းလုယက် ခိုးယူတာလို့ ဆိုပါတယ်။
“ကျောက္ကာလမ်းပေါ်က ဆီ(စက်သုံးဆီ) တန်းစီတိုးနေတဲ့ လူတွေလည်း ဖမ်းခံရတယ်၊ ပြီးတော့ ရွာတုံ(ရွာ)က သုံးယောက်နဲ့ ထနောင်း၀င်း (ရွာ)က တစ်ယောက် ဓားစာခံဖမ်းခံရတာ၊ ပြီးတော့ ဖုန်းတွေလည်း ယူသွားတယ်” လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ နှစ်လယ်ပိုင်းက စတင်ကာ မုံရွာ – အရာတော် – ရွှေဘို ကားလမ်းပေါ်ရှိ လမ်းပန်းဆက်သွယ်ရေး အချက်အခြာကျတဲ့ ကျောက္ကာရွာကို စစ်အုပ်စုက စီးနင်းအထိုင်ချ တပ်စွဲကာ ဂိတ်ဖွင့် ငွေညှစ်နေတာ ဖြစ်ပြီး လက်ရှိ စီးပွားရေး တက္ကသိုလ်ထဲက ထွက်လာတဲ့ စစ်ကြောင်းဟာ အဲ့ဒီ ကျောက္ကာရွာ စစ်အုပ်စု ငွေညှစ်ဂိတ်ဆီကို ဦးတည်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်အုပ်စုဟာ လမ်းတလျှောက် တွေ့သမျှပြည်သူကို ဓားစာခံ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသလို ထနောင်း၀န်းကျေးရွာရှိ နေအိမ်တွေကို ဖောက်ထွင်းပြီးနောက် တန်ဘိုးရှိ အိမ်းသုံးပစ္စည်တွေ လုယက်သယ်ယူသွားတယ်လို့ ဆိုပါတယ်။
“ထနောင်း၀န်း(ရွာ)က ကျောက္ကာလမ်းဘေးက ရွာလေ၊ ဒီအရှေ့နယ် စစ်ကြောင်းထိုးတိုင်း ပြေးရတာ၊ အခုတခေါက်လည်း ပြေးရတော့ သူတို့လိုချင်တဲ့ မီးစက်တို့၊ ဒယ်နီအိုးတို့ ယူသွားကြတာ၊ တစ်အိမ်ကတော့ ငွေက ရှစ်သောင်းတဲ့၊ ရွှေလည်း ပါသွားတယ် ကြားတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဲ့ဒီ စစ်အုပ်စုဟာ မနေ့က ညနေပိုင်းမှာပဲ တချို့တဝက်က ကျောက္ကာရွာဂိတ်ကနေ ခိုးရာပါ ပစ္စည်းတွေနဲ့အတူ မုံရွာမြို့ထဲကို ပြန်လည် ၀င်ရောက်သွားတယ်လို့ ဆိုပါတယ်။


စစ်အုပ်စုက ကျောက္ကာရွာကို စီးနင်းအထိုင်ချ တပ်စွဲကာ ဂိတ်ဖွင့်ငွေညှစ်တာ၊ ပြည်သူကို ရန်ပြုဖမ်းဆီး၊ သတ်ဖြတ်တာနဲ့ နေအိမ် မီးရှို့တာတွေကြောင့် ကျောက္ကာတောင်ရွာနဲ့ မြောက်ရွာ အပါအဝင် အနီးဝန်းကျင် ကျေးရွာတွေက ပြည်သူတွေက ၂၀၂၅ ဩဂုတ်လကတည်းက စစ်ဘေးရှောင် ထွက်ပြေးနေရပြီး လက်ရှိအချိန်ထိ ကျေးရွာတွေထဲ ပြန်လည် နေထိုင်နိုင်တာ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄နဲ့ ၂၀၂၅ ခုနှစ်တွေအတွင်း မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ ထဲနေ စစ်အုပ်စုဟာ မုံရွာမြို့အနီး နယ်မြေစိုးမိုးနိုင်ရေးအတွက် ကျောက္ကာရွာ အပါအဝင် မုံရွာမြို့နဲ့ ငါးမိုင် ပတ်လည်အတွင်းရှိ ရွာတွေကို စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့တာတွေ ထင်တိုင်းကျဲ ကျူးလွန်ခဲ့ပါတယ်။

၂၀၂၅ နှစ်လယ်ပိုင်းက မုံရွာမြို့အနီး ကျောက္ကာရွာကို အာဏာသိမ်း စစ်အုပ်စုက စီးနင်းလုယက် မီးရှို့ ဖျက်ဆီးစဉ်/Photo – ဒေသခံ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #မုံရွာ #စစ်ကိုင်း #ကျောက္ကာရွာ



