မကွေးသတင်းအညာမြေ တော်လှန်ရေး

မကွေး စလင်းမြို့ပေါ် မစ်ရှင်လုပ်ဖို့ သွားတဲ့ UG ခေါင်းဆောင်တစ်ဦး မိုင်းမတော်တဆဖြစ်ကာ စစ်အုပ်စု လက်ထဲ ဖမ်းဆီးခံရပြီး သတ်ဖြတ်ခံရ၊

‌အီသာရမ်/MFP၊ မေ- ၂

မကွေးတိုင်း၊ စလင်းမြို့ရှိ စစ်အုပ်စု ငွေညှစ်ဂိတ်ကို အနီးကပ် ဖောက်ခွဲ တိုက်ခိုက်ဖို့ သွားရောက်တဲ့ စလင်းမြို့ပြ(UG) အဖွဲ့ တာဝန်ခံတစ်ဦး စစ်အုပ်စုလက်ထဲ ဖမ်းဆီးခံခဲ့ရကာ သတ်ဖြတ်ခံရတယ်လို့ နီးစပ်သူ တော်လှန်ရေး ရဲဘော်တွေက MFP ကို ပြောပါတယ်။

ဧပြီ ၃၀ ရက် ညက စလင်းမြို့ပေါ်ရှိ စစ်အုပ်စု ရဲစခန်းကို အနီးကပ် ဖောက်ခွဲ တိုက်ခိုက်ဖို့အတွက် ရဲစခန်းအနီး မိုင်းတပ်ဆင်နေချိန် မိုင်းချို့ယွင်း ပေါက်ကွဲမှုဖြစ်တာကြောင့် ရဲစခန်းထဲနေ စစ်အုပ်စုက သိရှိသွားပြီး စလင်းမြို့ပြ(UG) အဖွဲ့ ခေါင်းဆောင်တစ်ဦး ဖမ်းဆီးခံလိုက်ရတာလို့ ဆိုပါတယ်။

“ဖမ်းဆီးခံရပြီးမှ သတ်ဖြတ်ခံလိုက်ရတာဗျ၊ ရဲဘော်တစ်ဦးလည်း ဒဏ်ရာရတယ်၊ ဒဏ်ရာရရဲဘော်က မိုင်း error (မှားယွင်းပေါက်ကွဲ) ဖြစ်ပြီး မိုင်းစထိမှန်တာ” လို့ စလင်းမြို့ပြ(UG)ရဲ့ မဟာမိတ် ပြည်သူ့ညီနောင်-စလင်းရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုပြည်သူက MFP ကို ပြောပါတယ်။

စစ်အုပ်စု လက်ထဲ ဖမ်းဆီးခံရပြီး သတ်ဖြတ် ခံလိုက်ရတဲ့ တော်လှန်ရေးရဲဘော်ဟာ စလင်းမြို့ပြ(UG) အဖွဲ့ တာဝန်ခံ ရဲဘော်ဂျိုကာ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်အုပ်စု ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရတဲ့ ရဲဘော်ဂျိုကာနဲ့အတူ သွားရောက်မိုင်းဆင်ခဲ့တဲ့ ရဲဘော် နှစ်ဦးထဲက တစ်ဦးမှာလည်း ထိခိုက်ဒဏ်ရာတွေနဲ့ ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ မိုင်းဆင်ထားတဲ့နေရာကို စစ်အုပ်စု ထပ်မံ ရောက်ရှိလာချိန်မှာတော့ အသင့်ဆင်ပြီးသား မိုင်းနှစ်လုံးနဲ့ ဖောက်ဆွဲတိုက်ခိုက်နိုင်ခဲ့ပြီး စစ်အုပ်စု အထိအခိုက် ရှိနိုင်တယ်လို့ ဆိုပါတယ်။

အဲဒီ တိုက်ခိုက်မှုတွေကို PDF မင်းဘူးခရိုင် အမှတ် ၅တပ်ရင်း၊ စလင်းမြို့ပြ(UG) ကျားပေါက်အဖွဲ့ နဲ့ ပြည်သူ့ညီနောင် – စလင်းအဖွဲ့တို့ ပူးပေါင်း မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

စလင်းမြို့ အပါအဝင် ပွင့်ဖြူ၊ ဆိပ်ဖြူ၊ ဆင်ဖြူကျွန်း၊ စလေနဲ့ ချောက်မြို့၊ စုစုပေါင်း မြို့ခြောက်မြို့ကို သိမ်းပိုက်နိုင်ရေး ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF ၊ မကွေးတိုင်းစစ်ဌာရဲ့ ဦးစီးကွပ်ကဲမှုနဲ့ တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်ပါတယ်။ ဒါပေမယ့် မြို့သိမ်းတိုက်ပွဲတွေ မအောင်မြင်ဘဲ လက်ရှိမှာ စလင်းမြို့ကို စစ်အုပ်စုက ကြီးစိုးထားကာ ဂိတ်ဖွင့်ငွေညှစ် ပေါ်တာဆွဲတာ၊ လူသတ်၊ လုယက်၊ ရွာမီးရှို့တာတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။

စလင်းမြို့ပေါ် စစ်အုပ်စုကို တိုက်ခိုက်ဖို့ သွားရောက်ချိန် မိုင်းမတော်တဆဖြစ်ကာ စစ်အုပ်စု လက်ထဲ ဖမ်းဆီးခံရပြီး သတ်ဖြတ်ခံရတဲ့ စလင်မြို့ပြ (UG) အဖွဲ့ ခေါင်းဆောင် ရဲဘော် ဂျိုကာ/Photo – ပေးပို့

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button