ရေစကြိုနယ် စစ်ဆေးရေးဂိတ် တိုက်ခိုက်မှု စစ်အုပ်စုဘက်က ဗိုလ်အဆင့်အပါ ခုနှစ်ယောက်သေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိ

အီသာရမ်/MFP၊ မေ- ၂
မကွေးတိုင်း၊ရေစကြိုနယ်၊ တောင်အိုရွာအနီးက စစ်အုပ်စုရဲ့ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တွေက အနီးကပ် ပစ်ခတ် တိုက်ခိုက်နိုင်ခဲ့လို့ ဗိုလ်အဆင့်အပါအဝင် ခုနှစ်ယောက်သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ Southern YSO PDF အဖွဲ့ က သတင်းထုတ်ပြန်ပါတယ်။
ဧပြီလ ၃၀ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်က ရေစကြိုနယ် တောင်အိုကျေးရွာအနီးက စစ်ဆေးရေးဂိတ်ကနေ အပြင်ထွက်လာတဲ့ စစ်အုပ်စု ခုနှစ်ယောက်ကို တော်လှန်ရေးတပ်တွေက အနီးကပ် ပစ်ခတ်တိုက်ခိုက် နိုင်ခဲ့တာဖြစ်ပြီး စစ်အုပ်စု ခုနှစ်ယောက် ပွဲချင်းပြီး သေဆုံးသွားတယ်လို့ Southern YSO PDF အဖွဲ့ တာဝန်ခံ ကိုအောင်မောင်းက ပြောပါတယ်။
“လာတာကတော့ ခုနှစ်ယောက်လာတာ ခုနှစ်ယောက်လုံး ပြုတ်တယ်၊ တစ်ယောက်မှတော့ လွတ်သွားတာမျိုးတော့ မရှိပါဘူး” လို့ ကိုအောင်မောင်းက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ စစ်အုပ်စုဘက်က ဗိုလ်တစ်ဦးအပါအဝင် ခုနှစ်ယောက် သေဆုံးခဲ့တဲ့အပြင် လက်နက်ခဲယမ်းတွေအဖြစ် G3 အမျိုးအစား သေနတ်၂ လက်၊MA3 သေနတ် ၁ လက်၊ MA13 အမျိုးအစား ၁ လက်၊ခြောက်လုံးပြူး တစ်လက်၊G3 ဘောက် လေးဘောက် နဲ့ MA13 ဘောက် နှစ်ဘောက်အပြင် တခြားဆက်စပ်ပစ္စည်းတွေကိုပါ သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။
တော်လှန်ရေးပူးပေါင်းတပ်တွေဟာ စစ်ဆေးရေးဂိတ်က စစ်အုပ်စုတွေ ကျေးရွာဘုန်းကြီးကျောင်းက ပြန်လာချိန်မှာ အနီးကပ် ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တာဖြစ်ပြီး စစ်အုပ်စုနဲ့လိုက်ပါလာတဲ့ ပြည်သူတစ်ဦးလည်း တိုက်ပွဲအတွင်းမှာ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

အခုလို ပြည်သူတစ်ဦး သေဆုံးမှုနဲ့ပတ်သတ်ပြီး Southern YSO PDF အဖွဲ့အပါအဝင် ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့ အဖွဲ့တွေအားလုံးက အနူးညွတ်တောင်းပန်ထားပြီး တိုက်ပွဲအတွင်း အပြန်အလှန်ခုခံစဉ်မှာ မလွှဲမရှောင်သာ ပစ်ခတ်ခဲ့ရတာကြောင့် သေဆုံးသွားရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကို Southern Yesagyo တပ်ပေါင်းစုတွေဖြစ်တဲ့ Southern YSO PDF၊ဒေါင်းညီနောင်(PKU PDF)၊Yesagyo Revolution Group (YRG)၊ဒေါင်းစစ်သည်၊King Cobra၊ပြည်သူ့အားမာန် PDF၊Govern Eagle PDF အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဧပြီလ ၃၀ရက်နေ့က ရေစကြိုနယ် တောင်အိုရွာအနီး တော်လှန်ရေးတပ်တွေအနီးကပ်တိုက်ခိုက်မှုကြောင့် စစ်အုပ်စုဘက်က ဗိုလ်အဆင့်အပါ ခုနှစ်ယောက်သေပြီး လက်နက်ခဲယမ်းတွေသိမ်းဆည်းရမိစဉ်/ ဓာတ်ပုံ- Southern YSO PDF




