မန္တလေးသတင်း

မြင်းခြံနယ် ဆင်ချောင်းရွာကို စစ်အုပ်စု စီးနင်းလုယက်မီးရှို့လို့ ရွာလုံးကျွတ်နီးပါး မီးလောင်ပြာကျ၊စစ်အုပ်စုက မင်္ဂလာမဏ္ဍပ်ကို မီးရှို့ဖျက်ဆီးပြီး အစားအသောက်နဲ့ အသံချဲ့စက်တွေ လုယက်ယူဆောင်သွား

MN/MFP ၊ မေ – ၂

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်အနောက်ခြမ်း ဧရာဝတီမြစ်ကမ်းဘေးတလျှောက်က ကျေးရွာတွေကို စစ်ကြောင်းထိုးမီးရှို့နေတဲ့ စစ်အုပ်စုတွေဟာ မနေ့က မေ ၁ ရက် ညနေပိုင်းမှာ ဆင်ချောင်းရွာကို စီးနင်းလုယက် မီးရှို့ခဲ့ရာ ရွာလုံးကျွတ်နီးပါး မီးလောင်ပြာကျခဲ့ပြီး မင်္ဂလာဆောင်ကျင်းပနေတဲ့ မဏ္ဍပ်အပါအဝင် အခမ်းအနား ပြင်ဆင်ထားတာတွေကို မီးရှို့ခဲ့သလို အစားအသောက်တွေနဲ့ အသံချဲ့စက်တွေကိုပါ လုယက်ယူဆောင် သွားခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

မနေ့က မေ ၁ ရက်မှာ မြင်းခြံနယ်အနောက်ခြမ်း ဧရာဝတီမြစ်ကမ်းဘေးက ဆင်ချောင်းရွာကို စစ်အုပ်စုတွေ ဝင်ရောက်စီးနင်းပြီး ဒေသခံတွေရဲ့ နေအိမ်တွေထဲက ပစ္စည်းတွေကို တနေကုန်နီးပါး ကားတွေ၊ ထော်လာဂျီတွေနဲ့ အကြိမ်ကြိမ် သယ်ထုတ်ခဲ့ပါတယ်။ဆင်ချောင်းရွာမှာ မင်္ဂလာဆောင်ပွဲ ကျင်းပနေချိန် စစ်ကြောင်းထိုး လာတာကြောင့် အားလုံးဝရုန်းသုန်းကားနဲ့ ထွက်ပြေးခဲ့ကြရတာပါ။ စစ်အုပ်စုဟာ အဆိုပါ မင်္ဂလာပွဲက အစားအသောက်တွေနဲ့ အသံချဲ့စက်တွေကို ခိုးယူသယ်ဆောင်သွားပြီးနောက် ညနေ ၆ နာရီဝန်းကျင်မှာတော့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်က ဆိုပါတယ်။

“မနေ့တုန်းကတော့ စခ (စစ်အုပ်စု) တွေက တနေကုန် ရွာထဲက ပစ္စည်းတွေကို အကြိမ်ကြိမ် ထော်လာဂျီတွေ ဖောကားတွေနဲ့ သယ်ထုတ်နေတာ လှမ်းမြင်နေရတယ်။ သူတို့ယူချင်တာ ကုန်သွားပြီဆိုမှ ရွာကို မီးရှို့ထားခဲ့တာ။ ဒီကနေ့မနက်ပိုင်း အဲဒီ ဆင်ချောင်း(ရွာ)ကို မီးသွားငြှိမ်းပေးတော့ မင်္ဂလာဆောင်ပွဲက မဏ္ဍပ်တွေလည်း မီးရှို့သွားတာတွေ့ရတယ်။ ဝက်သား အချိန် ၁၀၀ ကျော်နဲ့ အစားအသောက်တွေလည်း အကုန်ယူသွားတယ်။ အသံချဲ့စက်တွေကလည်း တခြားဘေးရွာတွေကနေ ငှားထားရတာဆိုတော့လေ မနေ့က စစ်ကြောင်းလာချိန် အဲဒါတွေလည်း မသယ်နိုင်ဘူး၊ အကုန်ပစ်ထားခဲ့ပြီး ပြေးကြရတာဆိုတော့ အဲဒီဆောင်းဘောက်( အသံချဲ့စက်) တွေလည်း သူတို့(စစ်အုပ်စု) အကုန်မသွားတယ်”လို့ မြေပြင်သတင်းရင်းမြစ်က MFP ကို ပြောပါတယ်။

မနေ့က ဆင်ချောင်းရွာကို စစ်အုပ်စုတွေ စီးနင်းလုယက်မီးရှို့ခဲ့တာကြောင့် အိမ်ခြေ ၅၀ ထက်မနည်း မီးလောင်ပြာကျသွားခဲ့သလို PDF တွေ အလင်းဝင်ကြဖို့စာတွေကိုပါ စစ်အုပ်စုက ရေးထားခဲ့တယ်လို့ ဒီကနေ့ မေ ၂ ရက်မှာ အဲဒီရွာကို သွားရောက်မီးငြှိမ်းသတ်ပေးခဲ့တဲ့ မြေပြင်သတင်းရင်းမြစ်ဖြစ်တဲ့ ဒေသခံအမျိုးသားက ပြောပါတယ်။

ဒီကနေ့ မေ ၂ ရက်မှာတော့ စစ်အုပ်စုတွေဟာ ဧရာဝတီမြစ်ကမ်းဘေးက ရန္တပိုရွာနဲ့ ကိုင်းရွာထဲကို စီးနင်းဝင်ရောက်ပြီး ဒေသခံတွေရဲ့ နေအိမ်တွေထဲက ပစ္စည်းတွေကို လုယက်သယ်ဆောင်တာတွေ ဆက်လုပ်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်က ဆက်ပြောပါတယ်။

“ဒီကနေ့ကတော့ ကိုင်းရွာနဲ့ ရန္တပိုရွာထဲမှာ စစ်ကြောင်းကရှိနေတယ်။ အခုချိန်ထိတော့ မီးရှို့တာ မတွေ့ရသေးဘူး။ မနေ့ကလည်း ဆင်ချောင်းရွာထဲက ပစ္စည်းတွေ တနေကုန် သယ်ထုတ်ပြီးမှ မီးရှို့တာဆိုတော့ မီးမရှို့ဘူးလို့တော့ ပြောလို့မရသေးဘူး။ ပြည်သူတွေကတော့ မြောင်နယ်ထဲ အကုန်လုံးရှောင်နေကြရတယ်။ လူဦးရေများတော့ အစားအသောက် အကူညီတွေလိုတာပေါ့”လို့ သူက ပြောပါတယ်။

မနေ့က မေ ၁ ရက် မနက်ပိုင်းမှာ စစ်အုပ်စု စစ်ကြောင်းထိုးလာခဲ့တာကြောင့် ဆင်ချောင်းရွာက မင်္ဂလာဆောင်ပွဲပျက်ပြီး ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရသလို ဆင်ချောင်းနဲ့ ညောင်တိုရွာကြားမှာ စစ်ဘေးရှောင်နေတဲ့ ဒေသခံတွေကိုပါ စစ်အုပ်စုက ဖမ်းဆီးသွားပြီး ပြန်လွှတ်မလွှတ်ကို မသိရသေးဘူးလို့ ဒေသခံသတင်းရင်းမြစ်က MFP ကို ပြောပါတယ်။

မြင်းခြံနယ်အနောက်ခြမ်း ဧရာဝတီမြစ်ရိုးတလျှောက်က ကျေးရွာတွေကို စစ်အုပ်စု စစ်ကြောင်းထိုးနေတာကြောင့် ဆင်ချောင်း၊ ညောင်တို၊ ရန္တပို၊ ကိုင်း၊ ဂင့်ဂဲ၊ ရွာသစ်၊ သိမ်တိုင်၊ တောပု၊ တလုပ်၊ မရိုးကုန်း၊ ကျားတိုင်း၊ သိမ်၊ ဆင်းဂွတ်၊ ဖက်ပင်အိုင် စတဲ့ ကျေးရွာတွေက ထောင်နဲ့ချီတဲ့ ဒေသခံတွေ ဧရာဝတီမြစ်အနောက်ခြမ်း မြောင်နယ်နဲ့ တခြားဘေးလွတ်ရာနေရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာ အကူညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ဒါ့အပြင် ဧရာဝတီမြစ် အနောက်ဖက်ကမ်း မြောင်နယ်ထဲက ကျေးရွာအချို့ပါ စစ်အုပ်စု လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ ဧပြီ ၂ ရက်ကလည်း မြင်းခြံနယ် ဖက်ပင်အိုင်ရွာကို ဝင်ရောက်စီးနင်းလုယက်မီးရှို့ပြီး ဒေသခံတွေကို သေနတ်နဲ့ ပစ်သတ်ခဲ့သလို ရွာထဲ မီးဝင်ငြှိမ်းတဲ့ ဒေသခံတွေကိုပါ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်အပါဝင် ဒေသခံတွေ ၁၀ ဦးကျော် သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာ ရခဲ့ပါသေးတယ်။‌ ဒါ့အပြင် စစ်အုပ်စု မီးရှို့ခဲ့လို့ ဖက်ပင်အိုင်ကျေးရွာက အိမ်ခြေ ၂၀၀ နီးပါး မီးလောင်ပြာကျခဲ့ပါတယ်။

ဆက်လက်ပြီး ဧပြီ ၁၁ ရက်နဲ့ ၁၂ ရက်တို့မှာ အိုင့်မ၊ ကျောင်းဖြူကန်၊ တူရွင်းဘို့၊ သစ်ရုံ၊ ထိန်ပန်း၊ ရွာသစ်၊ ကျီးပင်ကန်၊ ယုန်ထိုးစွယ်၊ ဆိတ်ကုန်း စတဲ့ ကျေးရွာပေါင်း ကိုးရွာက အိမ်ခြေ ၁၅၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သလို ဧပြီ ၂၂ ရက်နေ ၂၅ ရက်အထိမှာလည်း ယုန်ထိုး၊ ပျား၊ ပျိုးကန် စတဲ့ ကျေးရွာတွေကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

မြင်းခြံမြို့နယ်ထဲမှာ စစ်အုပ်စုနဲ့ပျူတွေက ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့တာတွေကို မကြာခဏဆိုသလို ထင်တိုင်းကြဲ ကျူးလွန်လုပ်ဆောင်နေတာဖြစ်ပြီး ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကနေ အခုနှစ် ဧပြီလအထိ ငါးလအတွင်းမှာ ကျေးရွာပေါင်း ၃၀ နီးပါးက အိမ်ခြေပေါင်း ၅၀၀၀ ကျော်ကို စစ်အုပ်စုက မီးရှို့ဖျက်ဆီးထားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောဆိုထားပါတယ်။

မေလ (၁) ရက်နေ့က ဆင်ချောင်းရွာကို စစ်အုပ်စု ဝင်ရောက်မွှေနှောက်ပြီး တန်ဘိုးရှိပစ္စည်းတွေခိုးယူကာ မင်္ဂလာဆောင် အခမ်းအနားအပါအဝင် ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခဲ့စဉ်/ ဓာတ်ပုံ -ကိုနွေဦး(မြောင်)

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
#အညာ #မန္တလေး #မြင်းခြံ #ဆင်ချောင်းရွာမီးရှို့

Related Articles

Back to top button