စစ်ကိုင်းသတင်း

ယင်းမာပင် – ကနီအစပ်နဲ့ ယင်းမာပင် – ပုလဲနယ်အစပ်ကို စစ်အုပ်စု အင်အားသုံး စစ်ကြောင်းထိုး၊

လူသတ်၊ လုယက်၊ ဗုံးကြဲကာ တချို့ရွာတွေကို မီးရှို့ပြာချ၊ စစ်ရှောင်နေရသူ သောင်းနဲ့ချီရှိ၊

လူသတ်၊ လုယက်၊ ဗုံးကြဲကာ တချို့ရွာတွေကို မီးရှို့ပြာချ၊ စစ်ရှောင်နေရသူ သောင်းနဲ့ချီရှိ၊

သုထက်/MFP၊ မေ – ၃

စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ကနီမြို့နယ်အစပ်၊ ယင်းမာပင်နဲ့ ပုလဲမြို့နယ်အစပ်ရှိ ကျေးရွာတွေကို အာဏာသိမ်း စစ်အုပ်စုက အင်အား အများအပြားနဲ့ အဖွဲ့တွေခွဲကာ ရွာစဉ်ပတ်မွှေပြီး လူသတ်၊ လုယက်၊ ဗုံးကြဲကာ တချို့ရွာတွေကို မီးရှို့ပြာချနေတယ်လို့ ဒေသခံသတင်းရင်းမြစ်က MFP ကိုပြောပါတယ်။

ဧပြီ ၈ရက်က စတင်ကာ ယင်းမာပင်နဲ့ ပုလဲမြို့နယ် အစပ်ရှိ ကျေးရွာတွေကို စစ်အုပ်စု အင်အား ၆၀၀ လောက်နဲ့ ရွာစဉ်ပတ်မွှေ နေတာ ဖြစ်ပြီး အဲ့ဒီ ဒေသရှိ ကျေးရွာ ၂၀ ကျော်က ပြည်သူ ၃၀,၀၀၀ ကျော် စစ်ဘေးရှောင် ထွက်ပြေးနေရတာ တစ်လနီးပါး ကြာမြင့်လာပြီ ဖြစ်ပါတယ်။

ယင်းမာပင်နဲ့ ကနီမြို့နယ်အစပ်ရှိ ကျေးရွာတွေကိုလည်း အာဏာသိမ်း စစ်အုပ်စုက သံပြားကာ ကားတွေ အပါအဝင် အင်အား ၃၀၀ လောက်နဲ့ ဧပြီ ၂၅ ရက်က စတင်ကာ ရွာစဉ်ပတ်မွှေနေပြီး ကနီနယ်၊ မုံရွာ – ယာကြီး – ကလေးဝ ကားလမ်းတလျှောက်ရှိ ကျေးရွာ ၁၀ရွာကျော်က ပြည်သူ ၁၀,၀၀၀ ကျော် စစ်ဘေးရှောင် ထွက်ပြေးနေကြရပါတယ်။

စစ်အုပ်စု အနေနဲ့ ယင်းမာပင်နယ်ထဲ နယ်မြေစိုးမိုးနိုင်ဖို့ အင်အား အများအပြား သုံးကာ ရွာစဉ်ပတ်မွှေ နေတာ ဖြစ်ပြီး တချို့ရွာတွေကို မီးရှို့ပြာချ၊ တချို့ရွာတွေကို စီးနင်းအထိုင်ချ တပ်စွဲကာ အဖွဲ့တွေခွဲပြီး နေ့စဉ် ကျေးရွာတွေကို စီးနင်းဝင်မွှေ လုယက်နေတာလို့ ကိုယ်တိုင် စစ်ဘေးရှောင် ထွက်ပြေးနေရတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ယင်းမာပင်ခရိုင်ထဲကို စစ်ကြောင်းထိုးတာက ကျမတို့အမြင် သုံးသပ်ရရင် ဒီနယ်မြေတွေကို သူတို့ စိုးမိူးမူ ပြန်ရချင်တာ၊ သူတို့ ခြေကုပ်ပြန်ယူချင်တဲ့ ပုံစံလို့ မြင်တယ်၊ ဘာလို့လဲဆိုတော့ စစ်ကောင်စီဘက်က ပုလဲ၊ ယင်းမာပင်၊ အခု ကနီနယ် ပေါ့၊ အဲ့ဒီနယ်တွေကို တောက်လျှောက် စစ်ကြောင်းထိုးတယ်ဆိုတော့ သူတို့ နယ်မြေပြန်စိုးမိုးချင်တာလို့ ထင်ပါတယ်”

လွန်ခဲ့တဲ့ တစ်လဝန်းကျင်ကတည်းက ယင်းမာပင်နဲ့ ပုလဲနယ်အစပ် ရွာစဉ်ပတ်မွှေတဲ့ စစ်အုပ်စုဟာ ယင်းမာပင်နယ်ရှိ လည်ငေါက်ရွာကို အကြိမ်ကြိမ် စီးနင်းလုယက် မီးရှို့ ဖျက်ဆီးသလို တမာပင်ခွရွာ၊ အေးကုန်းရွာနဲ့ ပုလဲမြို့နယ် သရက်ကန်ရွာတို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

အဲ့ဒီ စစ်အုပ်စုဟာ လက်ရှိမှာ ဒေသခံ ပြည်သူ ၁၅ဦးထက်မနည်းကို ဓားစာခံ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားကာ ဆက်လက် ရွာစဉ်ပတ်မွှေနေသလို ဖောက်ထွင်းခိုးယူရရှိလာတဲ့ ပြည်သူပိုင် တန်ဘိုးရှိ ပစ္စည်းတွေကိုလည်း ကားနဲ့ တင်ကာ ယင်းမာပင်မြို့ဆီ အကြိမ်ကြိမ် သယ်ပို့နေတယ်လို့ ဆိုပါတယ်။

ဧပြီ ၁၀ရက်က ပုလဲနယ် သရက်ကန်ရွာအနီးမှာ အဲ့ဒီ စစ်အုပ်စုက သတ်ဖြတ်စွန့်ပစ်ခဲ့တဲ့ ဒေသခံပြည်သူ သုံးဦးရဲ့ ရုပ်အလောင်းတွေ တွေ့ခဲ့ရပါတယ်။

“ရွာတွေထဲ ဝင်လိုက်၊ ထွက်လိုက်၊ ရိက္ခာစုလိုက်၊ သယ်ထုတ်လိုက် လုပ်နေတယ်၊ အဖမ်းခံရသူတွေလည်း ရှိတယ်၊ ရွာတွေက စစ်ရှောင်နေရတော့ ဘယ်ရွာတွေ ဘယ်နှယောက် အဖမ်းခံရတယ်ဆိုတာတော့ မသိရသေးဘူး” လို့ အထက်ပါ စစ်ဘေးရှောင် အမျိုးသမီးက ဆက်ပြောပါတယ်။

ယင်းမာပင်နဲ့ ကနီမြို့နယ်အစပ် ရွာစဉ်ပတ်မွှေတဲ့ စစ်အုပ်စုဟာ ကနီမြို့နယ် ချောင်းမရွာထဲ အထိုင်ချတပ်စွဲကာ ယာကြီး – ကလေးဝ လမ်းကြောင်းတလျောက် ရွာစဉ်ပတ်မွှေ လုယက်၊ မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ယင်းမာပင်နယ်ထဲကို စစ်အုပ်စု အင်အား ၁၀၀၀ လောက်အထိ သုံးကာ စစ်ကြောင်းတွေခွဲ၊ အဖွဲ့တွေ ခွဲကာ ရွာစဉ်ပတ်မွှေနေတာ ဖြစ်ပြီး စစ်အုပ်စု ရန်ကြောင့် ယင်းမာပင်၊ ပုလဲနဲ့ ကနီမြို့နယ်အတွင်းရှိ ကျေးရွာတွေက ဒေသခံ ပြည်သူ ၄၀,၀၀၀ ခန့် စစ်ဘေးရှောင် ထွက်ပြေးနေကြရပြီး စားသောက်နေထိုင်ရေး အခက်အခဲ ကြုံနေရတယ်လို့ ဆိုပါတယ်။

“ရာသီဥတုက ပူလိုက်၊ မိုးရွာလိုက်ဆိုတော့ တော်တော်လေးကို အဆင်မပြေဘူး၊ ကျန်းမာရေးအရ အဆင်မပြေမူတွေ များတယ်။ ဖျားကြတယ်၊ အပူ အအေး မညီမျှတော့ နှာစေးကြတယ်၊ ချောင်းဆိုကြတယ်၊ ကျန်းမာရေပြဿနာတွေ အများကြီး ရှိပါတယ်။ အဲ့ဒီအထဲမှာ ထိခိုက်လွယ်တဲ့ အုပ်စုပေါ့၊ မွေးကင်းစကလေးသူငယ်တွေ ပါတယ်၊ နို့တိုက်မိခင်တွေ၊ ကိုယ်ဝန်သည်တွေ၊ သက်ကြီးရွယ်အိုတွေက တော်တော်လေး ဒုက္ခရောက်နေပါတယ်။ ကျန်းမာရေး စောင့်ရှောက်မူတွေ လိုအပ်တယ်၊ ဆေးဝါးတွေ လိုအပ်တယ်၊ စားနပ်ရိက္ခာတွေ လိုအပ်တယ်ပေါ့။ နောက်ပြီးတော့ ရာသီဥတု အနေအထားအရ အမိုးအကာတွေလည်း လိုအပ်နေပါတယ်ရှင်” လို့ ကိုယ်တိုင်စစ်ဘေးရှောင်နေရသူ အမျိုးသမီးက MFP ကို ပြောပါတယ်။

ယင်းမာပင်ခရိုင်ထဲ ရွာစဉ်ပတ်မွှေတဲ့ စစ်အုပ်စုဟာ လေကြောင်းကနေလည်း နေ့စဉ်နီးပါး ရွာတွေကို ဗုံးပတ်ကြဲနေပြီး ဧပြီ ၁၂ရက်က ယင်းမာပင်နယ် လည်ငေါက်ရွာနဲ့ အနီးဝန်းကျင် ကျေးရွာတွေကို ဂျိုင်အိုကော်ပတာ သုံးစီး၊ ဂျက်ဖိုက်တာ တိုက်လေယာဉ် နှစ်စီးနဲ့ ဗုံးကြဲရာ ငါးမောင်ရွာရှိ မြေးအဖိုး သုံးဦး ထိမှန်ပြီး အသက် ၁၄နှစ်အရွယ် မိန်းကလေး သေဆုံးကာ ကျန်တဲ့ အသက် ၇၀အရွယ် အဖိုးနဲ့ အသက် ၁၁နှစ်အရွယ် မြေးမိန်းကလေးတို့ ဒဏ်ရာရခဲ့ပါတယ်။

ပုလဲနယ်ရှိ ဗိုလ်နဂါး ဦးဆောင်တဲ့ ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် – BNRA အခြေပြု လှုပ်ရှားခဲ့ရာ ကျေးရွာတွေ အပါအဝင် ပုလဲ၊ ယင်းမာပင်နဲ့ ကနီနယ်ရှိ ကျေးရွာတွေကို စစ်အုပ်စုက နယ်မြေစိုးမိုး ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေပြီး ဖေဖေါ်ဝါရီလက စတင်က လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေတာ ဖြစ်ပါတယ်။

ယင်းမာပင်နယ်ထဲ စစ်အုပ်စု ရွာစဉ်ပတ်မွှေ ရန်ပြုလို့ ထွက်ပြေးနေရတဲ့ ပြည်သူတွေ/Photo – ဒေသခံ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #ယင်းမာပင် #စစ်ကိုင်း #ပုလဲ

Related Articles

Back to top button