သတင်း

တီးတိန်မှာ တိုက်ပွဲပြင်းထန်နေပြီး ဖလမ်းရောက် စစ်အုပ်စု စစ်ကြောင်းကိုပါ စစ်ကူခေါ် အင်အားဖြည့်၊စစ်အုပ်စုက ဗုံးကြဲပြီး လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် သုံးရက်အတွင်း ကလေးငယ်ရှစ်ဦးနဲ့ အမျိုးသားတစ်ဦး သေဆုံး

ရွှေဥ/MFP၊ မေ ၄

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်မှာ စစ်အုပ်စုနဲ့ ချင်းတော်လှန်ရေးတပ်တွေအကြား သုံးရက်တာ တိုက်ပွဲပြင်းထန်နေချိန်မှာ စစ်အုပ်စုက ဖလမ်းမြို့ကို ရောက်နေတဲ့ စစ်ကြောင်းတွေကိုပါ တီးတိန်မြို့ကို စစ်ကူခေါ် ပြီး အင်အားဖြည့်တင်းနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက MFP ကိုပြောပါတယ်။

ပြီးခဲ့တဲ့ မေ (၁)ရက်နေ့က စတင်ကာ ဒီနေ့အထိ စစ်အုပ်စုနဲ့ ချင်းတော်လှန်ရေးတပ်တွေဟာ တီးတိန်မြို့နယ် -ကလေး-သိုင်းငင်း -တီးတိန်လမ်းမကြီးပေါ်မှာရှိတဲ့ ကနေဒီတောင်ကုန်းနဲ့ အားလွယ်ကျေးရွာအနီးမှာ သုံးရက်တာ တိုက်ပွဲပြင်းထန်နေတာ ဖြစ်ပါတယ်။ ဒီလို တိုက်ပွဲပြင်းထန်နေချိန်မှာ စစ်အုပ်စုတပ်တွေက ဖလမ်းမြို့နယ် လုမ်းဘန်ကျေးရွာက အင်အား (၄၀၀)ပါစစ်ကြောင်းကို တီးတိန်မြို့နယ်ကို ပြန်လည်‌ခေါ်ယူပြီး အင်အားဖြည့်တင်းနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

“တီးတိန် -သိုင်းငင်းလမ်းမကြီး တကြောမှာ တိုက်ပွဲဖြစ်နေတယ်။ဖလမ်း ၊လုမ်းဘန်ရွာ ရောက်နေတဲ့ စစ်တပ်ကို ပြန်ခေါ်နေတယ်လို့ သိရတယ်။တီးတိန်တော့ မရောက်လာသေးဘူး ။လမ်းမှာပဲ ရှိသေးတယ်”လို့ သူကဆိုပါတယ်။

စစ်အုပ်စုတပ်တွေဟာ ဖလမ်းမြို့ကို စစ်ကူရောက်နေတဲ့ တပ်သားတွေကို တီးတိန်မြို့ကို ပြန်လည်ခေါ်ယူနေတာ ဖြစ်ပြီး ဖလမ်း-တီးတိန် လမ်းမကြီးအတိုင်း ပြန်လည်စစ်ကြောင်းထိုးလာနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလို မြေပြင်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေချိန်မှာ စစ်အုပ်စုတပ်တွေက လေကြောင်းကနေလည်း အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ဆိုပါတယ်။

တီးတိန်မြို့နယ်အတွင်းမှာ မေ (၂) ရက်နေ့က တီးတိန်မြို့အထွက်မှာရှိတဲ့ ဓါတ်ဆီဆိုင်ကို စစ်အုပ်စုတပ်တွေက မြို့ပေါ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ဓါတ်ဆီဆိုင်အနီးမှာရှိတဲ့ အသက် (၁၃) မော်လျန်မွန်ကင်းမ်Tg Lian Muan KIM သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မေလ (၁)ရက်နေ့ကလည်း ဖလမ်းမြို့နယ် ၊ဟွာငိုရမ်းဒေသ ခေါ်ပွီးချိပ်ရွာ (Khawpuichiip )ဘော်လီဘောကွင်းကို ဂျက်ဖိုက်တာတစ်စီးနဲ့ ပေါင် (၅၀၀) ဗုံးသီးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဘော်လီဘောကွင်းမှာ ဆော့ကစားနေတဲ့ ရင်ခွင်ပိုက်အရွယ် အပါအဝင် ကလေးငယ် (၆) ဦးနဲ့ အသက် (၂၉) နှစ်အရွယ် အမျိုးသားတစ်ဦး စုစုပေါင်းခုနှစ်ဦး သေဆုံးခဲ့ပါသေးတယ်။အဲဒီတိုက်ခိုက်မှုမှာ သေဆုံးသူတွေဟာ တစ်အိမ်တည်းနေထိုင်သူ မိသားစုဝင် လေးဦး ပါဝင်ပြီး ဒဏ်ရာရရှိသူ (၁၂) ဦး ရှိကာ နေအိမ်၂၄လုံးလည်း ပျက်စီးသွားတယ်လို့ အကူအညီပေးသူတွေက ပြောပါတယ်။

အလားတူ ဧပြီ (၃၀) ရက်နေ့ကလည်း ဖလမ်းမြို့နယ်၊ တားလ်ကျေးရွာကို စစ်အုပ်စုတပ်တွေက ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်တာကြောင့် အသက် (၁၇)နှစ် မငွန်နှမ်တီလ် သေဆုံးခဲ့ပါတယ်။

လက်ရှိအချိန်မှာ ချင်းပြည်နယ်အတွင်း ချင်းတော်လှန်ရေးတပ်တွေက မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ တွန်းဇံ၊ ကျီခါး၊ ရိဒ်ခေါ်ဒါရ်၊ လိုင်လင်းပီ၊ ကျင်ဒွေး၊ မကွီးအိမ်နူး၊ နှာရိန်၊ ရေဇွာ၊ ဆူရ်ခွား မြို့တွေကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ပလက်၀မြို့နဲ့ ဆမီးမြို့တွေကိုတော့ အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။ ဟားခါး၊ထန်တလန်၊တီးတိန် ၊ခိုင်ကမ်း ၊ဝေဘူလမြို့ နဲ့ ဖလမ်းမြို့အပါအဝင် မြို့ခြောက်မြို့ကိုတော့ စစ်အုပ်စုက ပြန်လည်ထိန်းချုပ်ထားပါတယ်။

#Mandalay_Free_Press_MFP
#ချင်းပြည်နယ် #တီးတိန် #တိုက်ပွဲ

Related Articles

Back to top button