သတင်း

ဖလမ်းနဲ့ တီးတိန်မြို့နယ်တွေမှာ တိုက်ပွဲပြင်းထန်နေ၊ကလေးမြို့က ကားအစီး (၆၀) ကျော် ချင်းပြည်ကို လက်နက်နဲ့ ရိက္ခာပို့ဖို့ ပေါ်တာဆွဲ ဖမ်းဆီးခံရ

ရွှေဥ/MFP၊ မေ-၅

ချင်းပြည်မြောက်ပိုင်း ၊တီးတိန်မြို့နယ်နဲ့ ဖလမ်းမြို့နယ်မှာ စစ်အုပ်စုနဲ့ ချင်းတော်လှန်‌ရေးတပ်တွေအကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

တီးတိန်မြို့နယ် ကလေး-သိုင်းငင်း -တီးတိန်လမ်းမကြီးနဲ့ အားလွယ်ကျေးရွာအနီးမှာ မေလ (၁)ရက်ကနေစပြီး ဒီနေ့အထိ ငါးရက်တာ တိုက်ပွဲတွေ ပြင်းထန်နေပြီး၊ဖလမ်းမြို့နယ်မှာတော့ ဖလမ်း-ဟားခါးလမ်းမကြီးနဲ့ ဖလမ်း-တီးတိန် လမ်းမကြီးတလျှောက်မှာ တိုက်ပွဲပြင်းထန်နေတာ ဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

“တီးတိန်မှာက အားလွယ်ရွာနားမှာ ဖြစ်တာလည်းရှိတယ်။ဖလမ်းကနေ ဟားခါးဘက် ထိုးတဲ့ စစ်ကြောင်းနဲ့ တိုက်ပွဲ ဖြစ်တာ ရှိတယ်။ဖလမ်းကနေ တီးတိန်ပြန်ကူတဲ့ စစ်ကြောင်းနဲ့တိုက်ပွဲ ဖြစ်တာလည်းရှိတယ်”လို့ သူကဆိုပါတယ်။

အဆိုပါ စစ်ကြောင်းတွေကို ကလေးမြို့ကို ရောက်ရှိနေတဲ့ နမခ ဒု-တိုင်းမှူး အပါအဝင် စစ်လေ့ကျင့်ရေးက ဗိုလ်မှူးချုပ်အဆင့် ဘုန်းမြတ်ကျော်၊ ဒကစ (ကလေး)က ဒကစမှူး ဗိုလ်မှုးချုပ်အဆင့် အောင်ကျော်ဆိုင်၊ တပ်မ – ၇၇ တပ်မမှူးဘမောင်၊ တတက -၁၀ ဒုကျောင်းအုပ် ဝင်းဇော်လတ်၊ ဟားခါးမြို့က ပြောင်းရွှေ့လာတဲ့ တပ်မ -၉၉က ဗျူဟာမှုးနဲ့၊ ဂန့်‌ဂေါ ခလရ – ၅၀ ဗျူဟာမှုး၊တပ်မ – ၇၇ လက်အောက်ခံ ခမရ (၃၁၃) ဗိုလ်ကြီးမျိုးမင်းထက် တို့က ဦးဆောင်ကွပ်ကဲပြီးတော့ ကလေးမြို့ကနေတဆင့် ဖလမ်းနဲ့ တီးတိန်မြို့နယ်ကို စစ်ကြောင်းထိုးနေတာ ဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

“ဖလမ်းထိုးတဲ့ စစ်ကြောင်းမှာ တပ်မ (၇၇) ပါတယ်။တီးတိန်မှာက ခလရ (၂၆၉) ရှိတယ်၊အဲ့ဒီတပ်တွေကို ကူဖို့ကလေးကနေ လွှတ်တာက တပ်မ (၇၇) လက်အောက် ခမရ (၃၁၃) က ဗိုလ်ကြီး မျိုးမင်းထက်ပါတယ်။ ကနေဒီတောင်ကြားမှာ အဲ့ဒီကောင်ဦးဆောင်တာ ၊အဲ့ဒီကောင်ကတော့ သေသလားမသိဘူး ၊သူ့ အထောက်အထားတချို့တော့ ရထားတယ်”လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

အဆိုပါ တိုက်ပွဲတွေအတွင်းမှာ နှစ်ဘက်ထိခိုက်သေဆုံးမှုတွေ ရှိပြီးတော့ စစ်အုပ်စုက လေကြောင်းနဲ့ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သူကဆက်ပြောပါတယ်။

“လေကြောင်းကတော့ တော်တော်ပစ်တယ်။ရာသီဥတုကလည်း တော်တော်ဆိုးတယ်။မိုးတွေက ရွာနေတာ ၊ပစ်ကွင်းမှာ ဘာမမြင်ရဘူး ။တိုက်ပွဲကတော့ ပြင်းထန်ဆဲပါပဲ “လို့ ဆိုပါတယ်။

ဒီလို တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာ စစ်အုပ်စုတပ်တွေက ကလေးမြို့ပေါ်မှာရှိတဲ့ ကားကြီးဝန်းနဲ့ ကားလေးဝန်းကနေ ကုန်တင်ကားနဲ့ ခရီးသည်တင်ကားတွေ အပါအဝင် စုစုပေါင်း ကားအစီး (၆၀) ကျော်ကို ပေါ်တာဆွဲထားပြီး ဖလမ်းနဲ့ တီးတိန်မြို့ကို လူနဲ့လက်နက် ပို့ဆောင်ဖို့ ချောဆွဲခံရထားတယ်လို့ ကားပိုင်ရှင်တွေနဲ့ ယာဉ်မောင်းတွေက ပြောပါတယ်။

ဒီလို ကားတွေကို ချောဆွဲရာမှာ စစ်အုပ်စုတပ်တွေက ကားကြီးဝန်းနဲ့ ကားလေးဝန်းတို့မှာ ဝင်ရောက်ဖမ်းဆီး ပေါ်တာဆွဲသွားတာဖြစ်ပြီးတော့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေလည်း ဖမ်းဆီးခံထားရတယ်လို့ ကားသမားတစ်ဦးက ပြောပါတယ်။

“ကားကြီးဝန်းထဲလာပြီး ပြောတာ စစ်တပ်က ကားတွေ အကုန်ထွက်ခွင့်မပေးတော့ဘူး။တမူး နဲ့ ကလေးဘက်သွားတဲ့ ကားလေးဝန်းထဲလည်း အဲ့လိုပဲ အကုန် ဖမ်းခံထားရတယ်” လို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ (၁၉) ရက်နေ့ကလည်း ကလေးမြို့နယ်ကနေ ကားအစီးရေ (၁၅)စီးကျော်နဲ့ လူဦးရေ (၂၀)ကျော်ကို ဖလမ်းမြို့နယ်ကို စစ်အုပ်စု လက်နက်နဲ့ရိက္ခာပို့ဖို့ဆိုပြီး ဖမ်းဆီးခဲ့ကာ ဒီနေ့တိုင် ပြန်လည်လွတ်မြောက်လာတာ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်တာအတွင်း တီးတိန်နဲ့ ဖလမ်းမြို့နယ်ကို စစ်အုပ်စုက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေသလို ပေါင်(၅၀၀)ဗုံးတွေနဲ့ ကြဲချတိုက်ခိုက်နေတာကြောင့် အပြစ်မဲ့ ပြည်သူ (၉)ဦး သေဆုံးထားပါတယ်။

မေ (၂) ရက်နေ့က တီးတိန်မြို့အထွက်မှာရှိတဲ့ ဓါတ်ဆီဆိုင်ကို စစ်အုပ်စုတပ်တွေက မြို့ပေါ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ဓါတ်ဆီဆိုင်အနီးမှာရှိတဲ့ အသက် (၁၃) ကလေးတစ်ဦး သေဆုံးခဲ့ပါတယ်။

မေလ (၁)ရက်နေ့မှာလည်း ဖလမ်းမြို့နယ်၊ဟွာငိုရမ်းဒေသ ခေါ်ပွီးချိပ်ရွာ (Khawpuichiip )ဘော်လီဘောကွင်းကို ဂျက်ဖိုက်တာတစ်စီးနဲ့ ပေါင် (၅၀၀) ဗုံးသီးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဘော်လီဘောကွင်းမှာ ဆော့ကစားနေတဲ့ ရင်ခွင်ပိုက်အရွယ်အပါအဝင် ကလေးငယ် (၆) ဦးနဲ့ အသက် (၂၉) နှစ် အမျိုးသားတစ်ဦး စုစုပေါင်း ခုနှစ်ဦး သေဆုံးခဲ့ပါတယ်။

အလားတူ ဧပြီ (၃၀) ရက်နေ့ကလည်း ဖလမ်းမြို့နယ် တားလ်ကျေးရွာကို စစ်အုပ်စုတပ်တွေက ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်တာကြောင့် အသက် (၁၇)နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး သေဆုံးခဲ့ပါတယ်။

ချင်းပြည်နယ်မှာ ချင်းတော်လှန်ရေးတပ်တွေက မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ တွန်းဇံ၊ ကျီခါး၊ ရိဒ်ခေါ်ဒါရ်၊ လိုင်လင်းပီ၊ ကျင်ဒွေး၊ မကွီးအိမ်နူး၊ နှာရိန်၊ ရေဇွာ၊ ဆူရ်ခွား မြို့တွေကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ပလက်၀မြို့နဲ့ ဆမီးမြို့တွေကိုတော့ အာရက္ခတပ်တော် (AA) က သိမ်းပိုက် ထိန်းချုပ်ထားပါတယ်။ဟားခါး၊ထန်တလန်၊တီးတိန် ၊ခိုင်ကမ်း ၊ဝေဘူလမြို့ နဲ့ ဖလမ်းမြို့အပါအဝင် မြို့ခြောက်မြို့ကိုတော့ စစ်အုပ်စုက ပြန်လည်ထိန်းချုပ် ထားပါတယ်။

ချင်းပြည်နယ်အတွင်း တိုက်ပွဲတွေကြားက သိမ်းဆည်းရမိခဲ့တဲ့ စစ်အုပ်စု ဗိုလ်ကြီးတစ်ဦး အသုံးပြုတဲ့ စစ်ဘက်သုံးကိရိယာနဲ့ ချင်းတော်လှန်ရေးတပ်တွေကို မြင်တွေ့ရစဉ်/ ဓာတ်ပုံ-ပေးပို့
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

Mandalay_Free_Press_MFP

ချင်း#တီးတိန် #ဖလမ်း #တိုက်ပွဲပြင်းထန်

Related Articles

Back to top button