မကွေးသတင်း

ပေါက်နယ်မှာ စစ်အုပ်စုက အင်အား ၅၀၀ ခန့်နဲ့ စစ်ကြောင်းထိုးနေပြီး တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေ၊စစ်အုပ်စုစစ်ကြောင်းကြောင့် ဒေသခံ ၇၀၀၀ခန့် ထွက်ပြေးတိမ်းရှောင်နေကြရ

‌အီသာရမ်/MFP၊ မေ-၇

မကွေးတိုင်း ပေါက်မြို့နယ်မှာ စစ်အုပ်စုက အင်အားရာချီသုံးကာ စစ်ကြောင်းထိုးနေပြီး တော်လှန်ရေးတပ်တွေနဲ့ နေ့စဉ် ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေသလို၊ စစ်ကြောင်းကြောင့် ဒေသခံပြည်သူ‌ ၇၀၀၀ ခန့်ဟာလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

မေလ ၁ ရက်နေ့ကစပြီး ပေါက်မြို့နယ်နဲ့‌ ဆိပ်ဖြူမြို့နယ် အစပ်မှာရှိတဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ-ကပစ ၂၂ ကနေ ခန့်မှန်းအင်အား ၅၀၀ ခန့်ပါတဲ့ စစ်ကြောင်းဟာ ပေါက်နယ်တောင်ပိုင်းကနေ ကပစ-၂၄ ကို ဦးတည်စစ်ကြောင်းထိုးနေတာပါ။ အဲဒီစစ်ကြောင်းဟာ လက်ရှိအချိန်မှာ ပေါက်နယ် အလယ်ပိုင်းကို ရောက်ရှိနေပြီး တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ပေါက်မြို့နယ် မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့ မှ နတ်ဆိုးနဂါးက ပြောပါတယ်။

“ခုလက်ရှိ ပေါက်နယ်အလယ်ပိုင်း တယ်ပင်ကန်ရွာအနီး ရောက်နေပြီ။ လက်ရှိအချိန်မှာလည်း တိုက်ပွဲဖြစ်နေပါတယ်” လို့ သူကပြောပါတယ်။

အဲဒီစစ်ကြောင်းကနေ ထွက်ပြေးလာကာ တော်လှန်ရေးတပ်တွေနဲ့ လာရောက်ပူးပေါင်းတာမျိုးတွေလည်းရှိနေပြီး အရေအတွက်အတိအကျကိုတော့ ပြောလို့မရသေးဘူးလို့ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

လက်ရှိအချိန်မှာ စစ်အုပ်စု စစ်ကြောင်းကြောင့် ပေါက်မြို့နယ်တောင်ပိုင်းက ကျေးရွာ ၁၀ ရွာခန့်က ဒေသခံပြည်သူ ၇၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ ဆိုပါတယ်။

အဲဒီစစ်ကြောင်းဟာ ကပစ ၂၂ကနေ ပေါက်နယ်ကို စစ်ကြောင်းထိုးဖို့ ဧပြီလ ၂၉ ရက်နေ့က မန္တလေးနဲ့ ပြင်ဦးလွင်မြို့တို့‌ကနေ အင်အားထပ်ဖြည့်ထားတဲ့ စစ်ကြောင်းလည်းဖြစ်ပါတယ်။

ဧပြီလ ၃၀ ရက်နေ့ကလည်း အဲဒီစစ်ကြောင်းက ရှေးပြေးကင်းထွက်လာချိန်မှာ တော်လှန်ရေးတပ်တွေက အသင့်စောင့်ဆိုင်းပြီး မိုက်ခွဲတိုက်ခိုက်နိုင်ခဲ့တာကြောင့် စစ်အုပ်စု ၈ ယောက်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

အင်အား ၅၀၀ ကျော်ပါတဲ့ စစ်အုပ်စု စစ်ကြောင်းကြောင့် ပုသိမ်-မုံရွာကားလမ်းဘေးက ကျေးရွာတွေက ဒေသခံ ၇၀၀၀ နီးပါး စစ်ဘေးရှောင်နေရစဉ်/ ဓာတ်ပုံ -ပေါက်မြို့နယ် လူသားစာနာ

Related Articles

Back to top button