တီးတိန်မှာ စစ်အုပ်စု ဒရုန်းဗုံးကြဲလို့ တော်လှန်ရေးရဲမေလေးဦး အပါအဝင် ၁၀ ဦးသေဆုံး

ရွှေဥ/MFP ၊မေ-၇
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရွာတွေအနီးက ဘုရားကျောင်းကို စစ်အုပ်စုက ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တာကြောင့် တော်လှန်ရေးရဲမေ လေးဦး အပါအဝင် ရဲဘော်သုံးဦး နဲ့ အရပ်သားပြည်သူသုံးဦး သေဆုံးခဲ့ပြီး၊ ဘုရားကျောင်းလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတစ်ဦးက MFP ကိုပြောပါတယ်။
မေ (၆) ရက်နေ့၊ မနေ့ညနေပိုင်းက သိုင်းငင်း -တီးတိန်လမ်းမကြီး ဘေးမှာရှိတဲ့ ဖူနွမ် (Phunon) ကျေးရွာ ဘုရားကျောင်းကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့ရာမှာ အခုလို ကျဆုံးသွားတာလို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
“ကနေဒီတောင်ကြောမှာရှိတာ ၊အဲ့ဒီရွာက တိုက်ပွဲဖြစ်နေတဲ့ အာလွယ်ရွာ ကျော်ရင်ရောက်တယ်။ဆိုဇန်ရွာကို အရင်ရောက်တာ ၊အဲ့ဒီကနေ သုံးမိုင်ရောက်သွားရင် အဲ့ဒီရွာရောက်တယ်။တီးတိန်လမ်းမကြားမှာ ရှိတဲ့ရွာ ၊အမျိုးသမီးလေးယောက်ပါတယ်။ဇိုးလန်း တပ်ဖွဲ့ဝင်တွေ ဟောက်နူး (Haunu) ၊နဲယူးနဲရိုး (Neuneu)၊လီဒီယာဆုန် (Lydia Sung)၊ရှမ်နူး (Siamnu)တို့ ကျသွားတာ “လို့ သူက ပြောပါတယ်။


အဲဒီတိုက်ခိုက်မှု နဲ့ပတ်သက်ပြီး ဘုရားကျောင်းတစ်ကျောင်းလုံး ဗုံးသီးမှန်ပြီး မီးလောင်ပျက်စီးခဲ့တဲ့ ရုပ်သံကို စစ်အုပ်စုဘက်က လူမှုစာမျက်နှာကတဆင့် ထုတ်ပြန်လာခဲ့တာပါ။
စစ်အုပ်စုနဲ့ ချင်းတော်လှန်ရေးတပ်တွေဟာ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်းမှာ မေလ ၁ရက်နေ့က စတင်ကာ တိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်ပြီး နှစ်ဖက် ထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။
တပတ်ကြာ တိုက်ပွဲတွေအတွင်း စစ်အုပ်စုဘက်က ဗိုလ်ကြီးတစ်ဦးနဲ့ ဗိုလ်တစ်ဦးအပါအဝင် ရှစ်ဦးသေဆုံးခဲ့ပြီး ချင်းတော်လှန်ရေးတပ်တွေဘက်ကလည်း ရဲဘော်လေးဦး ကျဆုံးထားတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
အခုလိုနှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာ ဖလမ်းမြို့နယ်နဲ့ တီးတိန်မြို့နယ်အတွင်းမှာ စစ်အုပ်စုက ဒေသခံပြည်သူတွေနေထိုင်ရာ ကျေးရွာတွေကို ပေါင် ၅၀၀ ဗုံးတွေနဲ့ ဗုံးကြဲတိုက်ခိုက်နေသလို လက်နက်ကြီး တွေနဲ့လည်း ရမ်းသမ်းပစ်ခတ်တာတွေလုပ်နေလို့ တပတ်အတွင်း ဒေသခံပြည်သူ ကိုးဦးထက်မနည်းလည်း သေဆုံးထားပါတယ်။
လက်ရှိအချိန်မှာ စစ်အုပ်စုနဲ့ ချင်းတော်လှန်ရေးတပ်တွေအကြား တီးတိန်မြို့နယ်အတွင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေသလို ဖလမ်းမြို့နယ်မှာလည်း ဖလမ်း-ဟားခါးနဲ့ ဖလမ်း-တီးတိန်လမ်းမကြီးတလျှောက် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။
တချိန်တည်းမှာပဲ စစ်အုပ်စုတပ်တွေက ကလေးမြို့ပေါ်က ကုန်တင်ကား၊ခရီးသည်တင်ကားတွေအပါအဝင် ကားအစီး(၆၀)ကျော်ကိုလည်း ဖမ်းဆီးထားပြီး ဖလမ်းနဲ့ တီးတိန်မြို့တွေကို လူ၊လက်နက်နဲ့ ရိက္ခာတွေပို့ဆောင်ဖို့ လုပ်ဆောင်နေတယ်လို့ ကားပိုင်ရှင်တွေနဲ့ ယာဉ်မောင်းတွေက ပြောပါတယ်။
ချင်းပြည်နယ်မှာ ချင်းတော်လှန်ရေးတပ်တွေက မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ တွန်းဇံ၊ ကျီခါး၊ ရိဒ်ခေါ်ဒါရ်၊ လိုင်လင်းပီ၊ ကျင်ဒွေး၊ မကွီးအိမ်နူး၊ နှာရိန်၊ ရေဇွာ၊ ဆူရ်ခွား မြို့တွေကို သိမ်းပိုက် ထိန်းချုပ်ထားပြီး၊ပလက်၀မြို့နဲ့ ဆမီးမြို့တွေကိုတော့ အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားပါတယ်။ ဟားခါး၊ထန်တလန်၊တီးတိန် ၊ခိုင်ကမ်း ၊ဝေဘူလမြို့ နဲ့ ဖလမ်းမြို့တွေကိုတော့ စစ်အုပ်စုက ပြန်လည်ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
တီးတိန်မြို့နယ်၊ ဖူနွမ် (Phunon) ကျေးရွာ ဘုရားကျောင်းကို မေလ ၆ရက်နေ့ညနေပိုင်းက စစ်အုပ်စုက ဒရုန်းနဲ့ ဗုံးကြဲစဉ် ကျဆုံးသွားတဲ့ ရဲမေတွေကို တွေ့ရစဉ်/ဓာတ်ပုံ-ပေးပို့



