
စစ်အုပ်စုက ရွာစဉ်ပတ်မွှေ လူသတ်၊ မီးရှို့နေပြီး သာသနာပိုင်ပစ္စည်းပါ မကျန် ခိုးယူလုယက်နေ၊
သုထက်/MFP၊ မေ – ၁၆
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အနောက်ခြမ်းရှိ ကျေးရွာတွေကို အာဏာသိမ်း စစ်အုပ်စုက လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ မီးရှို့နေတာကြောင့် ကျေးရွာ ၂၀ ကျော်က သောင်းနဲ့ချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေး နေကြရတာ နှစ်လကျော်ကြာ ရှိလာပြီး စားသောက် နေထိုင်ရေး ခက်ခဲနေတယ်လို့ ဒေသခံ သတင်း ရင်းမြစ်တွေက MFP ကို ပြောပါတယ်။
သင်္ကြန်မတိုင်မီ လွန်ခဲ့တဲ့ နှစ်လကျော်က စတင်ကာ စစ်အုပ်စုက ယင်းမာပင်အနောက်ခြမ်း၊ ပုလဲနဲ့ ယင်းမာပင်နယ်အစပ်ရှီ ကျေးရွာတွေကို ရွာစဉ်ပတ်မွှေနေတာ ဖြစ်ပြီး တွွှေသမျှလူကို ဖမ်းဆီးသတ်ဖြတ်၊ ရွာတွေကို မီးရှို့သလို ပြည်သူပိုင် ပစ္စည်းသာမက သာသနာပိုင် ပစ္စည်းတွေပါ ခိုးယူ လုယက်နေတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။
ဖေဖေါ်ဝါရီလကတည်းက ပုလဲမြို့နယ် ချဥ်ပျစ်ရွာကို စစ်အုပ်စု စီးနင်းအထိုင်ချကာ ဒေသတွင်း စစ်ကြောင်းထိုးလို့ ပုလဲနဲ့ ယင်းမာပင်မြို့နယ်အစပ်ရှီ ကျေးရွာတွေက ပြည်သူတွေ စစ်ဘေးရှောင်ခဲ့ရပြီး ဧပြီလဆန်းမှာ စစ်အုပ်စုက အင်အား ထပ်တိုးပြီးနောက် ပုလဲနဲ့ ယင်းမာပင်နယ်ထဲ ရွာစဉ်ပတ်မွှေကာ ထင်တိုင်းကျဲ လူသတ်၊ လုယက်၊ မီးရှို့နေတာလို့ ဆိုပါတယ်။
“စစ်ရှောင်ရတာ နှစ်လကျော်ပြီ၊ လတ်တလောကတော့ (စစ်အုပ်စုက) ယင်းမာပင်ထဲမှာ နှစ်ကြောင်းခွဲ ထိုးနေတယ်” လို့ ဒေသခံအမျိုးသားက MFP ကို ပြောပါတယ်။
လက်ရှိမှာ စစ်အုပ်စု အင်အား ၃၀၀ ကျော်နဲ့ ယင်းမာပင်မြို့နယ် ဆင်ဆွယ်ရွာနဲ့ မင်းမကုန်းရွာတွေထဲ အထိုင်ချတပ်စွဲကာ အနီးဝန်းကျင် ကျေးရွာတွေကို စီးနင်းပြီးနောက် ဖောက်ထွင်းလုယက်၊ မီးရှို့နေတာလို့ ဆိုပါတယ်။

မေလ ၁၅ ရက် မနေ့က ယင်းမာပင်နယ် ပဲကင်းမရွာကို စစ်အုပ်စု စီးနင်းကာ နေအိမ်တွေ ဖောက်ထွင်းပြီး ပြည်သူပိုင် ပစ္စည်းတွေ ခိုးယူတဲ့အပြင် ဘုန်းကြီးကျောင်းရှိ ကားနဲ့ တန်ဘိုးရှိ ပစ္စည်းတွေကိုပါ ခိုးယူ လုယက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ယင်းမာပင် အနောက်ခြမ်းက ရွာ တော်တော်များများကို ဝင်မွှေတယ်။ ပစ္စည်းတွေ ခိုးတယ်၊ (ခိုးရာပါပစ္စည်း) ကားတွေနဲ့ တင်တာတွေ (ယင်းမာပင်မြို့ဘက်သယ်ယူတာ) ရက်ဆက်ဆိုသလို လုပ်နေတယ်” လို့ အထက်ပါ ဒေသခံအမျိုးသားက ထပ်မံ ပြောဆိုပါတယ်။

စစ်အုပ်စုဟာ ယခု မေလအတွင်း ယင်းမာပင်နယ်ရှိ ရင်ပေါင်တိုင်၊ ဆင်တဲ၊ ဆင်စွယ်၊ မင်းမကုန်း၊ အင်တော၊ မောက်လုပ်၊ ညောင်တန်း၊ ပျားအို၊ နှုံးတန်း စတဲ့ ကျေးရွာတွေကို စီးနင်းကာ စျေးဆိုင်၊ နေအိမ်နဲ့ ဘုန်းကြီးကျောင်းတွေကို ဖောက်ထွင်းပြီးနောက် တန်ဘိုးရှိ ပစ္စည်းတွေနဲ့ ဆန်၊ ဆီ၊ ပဲ၊ အဝတ်စား စတာတွေကို ခိုးယူကာ ယင်းမာပင်မြို့ဆီ ကားတွေနဲ့ သယ်ထုတ်နေတယ်လို့ ဆိုပါတယ်။
ယင်းမာပင်နယ်ထဲ ရွာစဉ်ပတ်မွှေတဲ့ စစ်အုပ်စုဟာ သင်္ကြန်ကာလနောက်ပိုင်း တစ်လတာအတွင်း ယင်းမာပင်နဲ့ ပုလဲနယ်ရှိ လည်ငေါက်၊ တမာပင်ခွ၊ အေးကုန်း၊ သရက်ကန်နဲ့ အင်တော စတဲ့ ရွာတွေကို မီးရှို့ ဖျက်ဆီးလို့ အဲ့ဒီကျေးရွာတွေက အိမ်ခြေ ၂၅၀ ကျော် မီးလောင်ပြာကျ ပျက်စီးခဲ့ပါတယ်။

ဒါ့အပြင် စစ်အုပ်စုဟာ ပုလဲနယ် သရက်ကန်ရွာအနီး ဒေသခံအမျိုးသား သုံးဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့သလို ယင်းမာပင်နယ် နုံးတန်းရွာကို စီးနင်းလုယ်ချိန်ကတည်းက ကျေးရွာအတွင်း တွေ့ရှိတဲ့ အသက် ၆၀ အရွယ် ပြည်သူ အမျိုးသားတစ်ဦးကို သတ်ဖြတ်စွန့်ပစ်ခဲ့ပါတယ်။
စစ်အုပ်စုက ဗုံးကြဲသတ်ဖြတ်လို့ ယင်းမာပင်နယ် ငါးမောင်းရွာက ဆယ်ကျော်သက်အရွယ် မိန်းကလေး တစ်ဦး သေဆုံးသလို စစ်အုပ်စု လက်ထဲ ဓားစာခံ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခံရသူတွေလည်း ဆယ်နဲ့ချီ ရှိတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုက တွေ့သမျှပြည်သူကို ဖမ်းဆီးသတ်ဖြတ်၊ ရန်ပြုနေလို့ ယင်းမာပင်နဲ့ ပုလဲနယ်ရှိ ရင်ပေါင်တိုင်၊ ဆင်စွယ်၊ ရွှေလှံ၊ ဆင်တဲ၊ ပျားအို၊ ညောင်တန်း၊ နှုံးတန်း၊ မင်းမကုန်း၊ ဆုံရွာ၊ ပဲခင်းမ၊ ငနန်း၊ မောက်လုပ်၊ အင်တော၊ ပန်းမထုံး၊ အင်းသာ၊ ပုထိုးသာ၊ ရသစ်၊ ကမ္ဘားရပ် စတဲ့ ကျေးရွာ ၂၀ ကျော်က ပြည်သူ ၃၅,၀၀၀ ကျော် စစ်ဘေးရှောင်နေကြရပါတယ်။
“စစ်ကြောင်းက နှစ်လကြာပြီဆိုတော့ စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာ လိုအပ်လာတယ်၊ မိုးရွာတဲ့ ရာသီဆိုတော့ အမိုးအကာနဲ့ ကျန်းမာရေးအတွက် ဆေးဝါးတွေပါ လိုအပ်နေတယ်” လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
တချိန်တည်းမှာပဲ စစ်အုပ်စုဟာ ယင်းမာပင်မြို့နဲ့ တရုတ်ပိုင် ကြေးနီစင်ရုံတွေကြား ကျေးရွာတွေ ကိုလည်း ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ မီးရှို့နေသလို ယင်းမာပင်နဲ့ ကနီမြို့နယ်အစပ်၊ မုံရွာ – ယာကြီး – ကလေးဝ လမ်းတလျှောက်ကိုလည်း စစ်ကြောင်းထိုးနေပါတယ်။
စစ်အုပ်စုဟာ ယင်းမာပင်တနယ်လုံးကို နယ်မြေစိုးမိုးနိုင်ရေးနဲ့ မုံရွာ – ယင်းမာပင် – ပုလဲ – ဂန့်ဂေါလမ်း၊ မုံရွာ – ယာကြီး – ကလေးဝ လမ်းပိုင်းတွေကို ပြန်လည် ထိန်းချုပ်နိုင်ရေးအတွက် အခုလို အင်အားသုံး စစ်ကြောင်းထိုးနေတာ ဖြစ်မယ်လို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက သုံးသပ်ပါတယ်။



ယင်းမာပင်နယ် အင်တောရွာကို မေလ ၂ရက်မှာ စစ်အုပ်စု စီးနင်းလုယက် မီးရှို့ဖျက်ဆီးစဉ်/Photo – ဒေသခံ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #ယင်းမာပင် #စစ်ကိုင်း #ပုလဲ



