
ဆောနယ်၊ တပြင်းရွာကို ဆက်လက် စီးနင်းထားကာ ဒေသခံတွေကို ဖမ်းဆီး သတ်ဖြတ်နေ၊
လှိုင်း/MFP ၊ မေ – ၂၀
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ချင်းပြည်နဲ့ ထိစပ်နေတဲ့ ဆောမြို့နယ်ထဲ အင်အား အများအပြားနဲ့ စစ်ကြောင်းထိုးတဲ့ အာဏာသိမ်း စစ်အုပ်စုဟာ တပြင်းကျေးရွာကနေ ရှေ့ဆက် မတိုးသေးဘဲ ရွာခံပြည်သူတချို့ကို ဖမ်းဆီးသတ်ဖြတ်တာတွေ ကျူးလွန်နေတယ်လို့ ဒေသခံတွေနဲ့ စစ်ရေး သတင်း ရင်းမြစ်တွေက ပြောပါတယ်။
မေ ၁၅ ရက် ညနေပိုင်းကစပြီး ဆောမြို့နယ်၊ တပြင်းကျေးရွာကို ရောက်ရှိတဲ့ တပ်မ ၉၉ ခေါ် အမှတ် ၉၉ ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ စစ်အုပ်စုဟာ ဒီနေ့ မေ ၂၀ ရက်အထိ တပြင်းကျေးရွာထဲမှာပဲ ဆက် ရှိနေပြီး ဒေသခံ တော်လှန်ရေးတပ်တွေနဲ့လည်း ထိတွေ့တိုက်ပွဲတချို့ ဖြစ်ပွားတယ်လို့ ဆိုပါတယ်။
“အဲ့ဒီ စစ်ကြောင်းက ကျောက်ထုအမြောက်တပ်ရင်းထဲကို ဦးတည်တာ။ အခုထိ တပြင်းရွာမှာပဲ ဆက်ရှိနေတာ ခြောက်ရက် ရှိသွားပြီ။ ရှေ့ဆက်တိုးတာတော့ မရှိသေးဘူး” လို့ ဒေသခံ စစ်ရေး သတင်းရင်းမြစ် တစ်ဦးက MFP ကို ပြောပါတယ်။
တပြင်းကျေးရွာဟာ ပခုက္ကူ – မင်းတပ် လမ်းပိုင်းပေါ်မှာ တည်ရှိပြီး ကျောက်ထုမြို့ စစ်အုပ်စုရဲ့ အမှတ်၃၆၈ အမြောက်တပ်ရင်း (အမတ – ၃၆၈) နဲ့ ခုနှစ်မိုင်ဝန်းကျင် အကွာအဝေးမှာ တည်ရှိတာပါ။

မေ ၁၈ ရက် ညနေပိုင်းမှာ အာဏာသိမ်း စစ်အုပ်စုက နေပြည်တော် အေလာလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ တိုက်လေယာဉ် နှစ်စင်းနဲ့ တပြင်းရွာအနီး ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တပြင်းရွာထဲ ရောက်ရှိနေတဲ့ စစ်အုပ်စုဟာ အနောက်ဘက်မှာရှိတဲ့ ကျောက်ထု အမြောက်တပ်ရင်းဘက်ကို ဦးတည်တာ ဖြစ်နိုင်ပြီး ကျောက်ထု အမြောက်တပ်ရင်းထဲရှိ စစ်အုပ်စု အင်အား ၁၀၀ ဝန်းကျင်ဟာလည်း မေ ၁၈ ရက်ကစပြီး အမြောက်တပ်ရဲ့ အရှေ့ဘက်မှာရှိတဲ့ ရွာတွေဘက် စစ်ကြောင်းစထွက်လာတယ်လို့ ဆိုပါတယ်။
အဲ့ဒီ စစ်အုပ်စု စစ်ကြောင်းဟာ တောင်ယောဒေသ ဖြစ်တဲ့ ဆောနဲ့ ကျောက်ထုကို ဖြတ်ပြီး ချင်းပြည် မင်းတပ်မြို့ကို ထိုးစစ်ဆင်ဖို့ ဖြစ်နိုင်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ခန့်မှန်းထားပါတယ်။
ယောဒေသတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ စစ်ရေးအခြေအနေတွေနဲ့ ပက်သက်ပြီး ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။
စစ်အုပ်စု ရန်ကြောင့် ဆောနယ်၊ တပြင်းရွာက ဒေသခံပြည်သူတွေ မေ ၁၃ ရက်က စတင်ကာ စစ်ဘေးရှောင် ထွက်ပြေးနေကြပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် စစ်ဘေးရှောင် ထွက်ပြေးနိုင်တာ မရှိဘဲ ကျေးရွာအတွင်း ပိတ်မိနေတဲ့ ပြည်သူတွေလည်း ရှိကာ စစ်အုပ်စုက အဲ့ဒီ တပြင်းရွာထဲ ပိတ်မိနေသူတွေကို ဖမ်းဆီး၊သတ်ဖြတ်တာတွေ ကျူးလွန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေ ၁၈ ရက်က တပြင်းရွာထဲ ပိတ်မိနေတဲ့ စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသမီးတစ်ဦးကို စစ်အုပ်စု က သတ်ဖြတ်ခဲ့တယ်လို့ ဒေသတွင်းသတင်းတွေ တင်ဆက်နေတဲ့ ယောအလင်းတန်းက ဖော်ပြပါတယ်။
“ရွာထဲမှာ ပိတ်မိနေတဲ့ စိတ်မမှန်တဲ့ မိန်းကလေးတစ်ယောက်ကို သတ်ပစ်လိုက်တာတော့ ဟုတ်တယ်။ နောက်ထပ်လည်း ဖမ်းထားတာ ရှိတယ်။ ဖုန်းလိုင်းကလည်း စစ်ကြောင်း မဝင်ခင်ကနေ ပြတ်နေတာ ကြာပြီ။ ရွာနားကိုလည်း မကပ်ရဲကြတော့ ရွာထဲမှာ ဘယ်လို အခြေအနေ ရှိနေတယ်ဆိုတာ အတိအကျ မသိရသေးဘူး။ တပြင်းက စစ်ရှောင်နေကြရတယ်” လို့ ဒေသခံတစ်ဦးက အတည်ပြုပါတယ်။
စစ်အုပ်စုဟာ ဆောမြို့ကို စီးနင်းချိန်ကလည်း ဒေသခံတချို့ကို ဖမ်းဆီး၊ သတ်ဖြတ်တာတွေ ကျူးလွန် ခဲ့ပါသေးတယ်။
တချိန်တည်းမှာပဲ ဆောမြို့နယ်၊ လောင်းရှည်မြို့ဘက်ကိုလည်း စစ်အုပ်စုက မေ ၁၇ ရက်က စတင်ကာ ကားရှစ်စီးနဲ့ အင်အားဖြည့်ထားပြီး ဒေသတွင်း စီးနင်းလုယက်၊ လူသတ်၊ မီးရှို့တာတွေ ကျူးလွန်နိုင်လို့ ပြည်သူတွေ သတိထားကြဖို့ ဂန့်ဂေါခရိုင် PDF အမှတ် ၆ တပ်ရင်းက အသိပေးထားပါတယ်။
ဒါ့အပြင် မိထ္တီလာမြို့ အခြေစိုက် တပ်မ ၉၉၊ ကျောက်ပန်းတောင်းနဲ့ ပခုက္ကူ့မြို့ကနေ အင်အား စုပေါင်းပြီး ထွက်လာတဲ့ အင်အား ၉၀၀ ဝန်းကျင်ပါရှိတဲ့ စစ်အုပ်စု စစ်ကြောင်းဟာလည်း ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်ကနေ အနောက်ဘက်ကို ဦးတည်ကာ ဆက်လက် ထွက်ခွာလာလို့ ပြည်သူတွေ သတိထားကြဖို့ ဒေသခံတွေ အချင်းချင်း သတိပေး တိုက်တွန်းထားပါတယ်။
အာဏာသိမ်း စစ်အုပ်စုဟာ စစ်ရှုံးလို့ လက်လွှတ်ထားရတဲ့ ချင်းပြည်မြောက်ပိုင်းရှိ ဖလမ်းမြို့ကို လူသားလှိုင်း ထိုးစစ်နဲ့ ပေါ်တာဆွဲ စုဆောင်းထားသူတွေကို အသေခံတပ်သားအဖြစ် အသုံးချကာ မြို့ကို ပြန်ရအောင် သိမ်းယူခဲ့ပြီးနောက် ယခုလို မကွေးတိုင်းနဲ့ ချင်းပြည်နယ်အစပ်ရှိ ဆောမြို့နယ်ကနေတဆင့် ချင်းပြည်နယ်တောင်ပိုင်းကို အင်အားထောင်ချီသုံးပြီး စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။

မကွေးနဲ့ ချင်းပြည်အစပ်၊ ဆောမြို့နယ်၊ တပြင်းရွာကို တွေ့ရစဉ်/Photo – ဒေသခံ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #မကွေး #ဆောမြို့ #တပြင်းရွာ



