
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အရှေ့ခြမ်းကို ဒီကနေ့ မေလ ၂၅ ရက် မနက်ပိုင်းမှာ စစ်အုပ်စုက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး စစ်ကြောင်းထပ်ထိုးလာလို့ ကျေးရွာ ၁၀ ရွာကျော်က ဒေသခံတွေ အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
မြင်းခြံမြို့ပေါ်မှာရှိတဲ့ စစ်အုပ်စု အမှတ်(၁၅) ခြေမြန်တပ်ရင်း နဲ့ သီတာယုမွန်ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့တွေက ဒီကနေ့မနက်ပိုင်းမှာ စစ်ကြောင်းနှစ်ခု ခွဲထွက်လာခဲ့တာဖြစ်ပြီး မြင်းခြံနယ်အရှေ့ခြမ်းကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ကာ စစ်ကြောင်းထိုးနေတာဖြစ်တယ်လို့ ဒေသခံ မြေပြင်သတင်းရင်းမြစ်က ဆိုပါတယ်။
“အခု စစ်ကြောင်းက ဗလုံရွာထဲမှာ တစ်ကြောင်းရှိနေသေးတယ်။ နောက်ထပ်လည်း ကူ(ရွာ)၊ ကွမ်းစိုက်ဘက်ကနေ တစ်ကြောင်းထပ်ထွက်လာတယ်။ လက်နက်ကြီးတွေကလည်း တောက်လျှောက်ကို ပစ်နေတာ။ ကျွန်တော်ဆိုရင် ဘယ်လိုမှနေလို့မရလို့ ထွက်ပြေးလာရတာ။ ဘယ်ထိ ထိုးမလဲတော့ မသိရသေးဘူး” လို့ မြင်းခြံနယ်ဒေသခံ စစ်ရှောင်အမျိုးသားတစ်ဦးက ပြောပါတယ်။
မနေ့က မေလ ၂၄ရက်နေ့ မနက်ပိုင်းကလည်း မြင်းခြံနယ်အရှေ့ခြမ်းကို စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုတွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က အထိနာအသေများခဲ့သလို လက်နက်ခဲယမ်းတွေပါ ဆုံးရှုံးခဲ့တာကြောင့် ဒီကနေ့မှာ နယ်မြေရှင်းလင်းရေး စစ်ကြောင်းထိုးလာတာ ဖြစ်နိုင်တယ်လို့ ဒေသခံ သတင်းရင်းမြစ်က ဆိုပါတယ်။
“မနေ့က တိုက်ပွဲမှာ သူတို့(စစ်အုပ်စု)ဘက်က အတော်လေးအထိနာသွားတယ်လို့ ကြားရတယ်။ အဲဒါကြောင့် ဒီကနေ့ နယ်မြေရှင်းလင်းဖို့ စစ်ကြောင်းထိုးလာတာ ဖြစ်နိုင်တယ်”လို့သူက ဆိုပါတယ်။


လက်ရှိမှာ စစ်အုပ်စု လက်နက်ကြီးနဲ့ပစ်ခတ်ပြီး စစ်ကြောင်းထိုးနေတာကြောင့် မြင်းခြံနယ်အရှေ့ခြမ်းက သဲတော၊ ခင်မကန်၊ စံပြ၊ ပျော်ဘွယ်၊ သမုန်းကိုင်း၊ ရွာသာ၊ ဖုံ၊ ဖောင်းကား၊ ဗလုံ၊ ကန်ဆင့် စတဲ့ ကျေးရွာတွေနဲ့ မြင်းခြံနယ်အစပ် နွားထိုးကြီးနယ် အနောက်ခြမ်းက မလည်၊ တစိုး၊ စိန်ပန်းကျင်း၊ လက်သမားကန်၊ ကံလျားရှည်၊ ကျောက်ဆည် စတဲ့ ကျေးရွာတွေက ဒေသခံပြည်သူတွေ စစ်ဘေးတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာ၊ အမိုးအကာ၊ ဆေးဝါး စတဲ့ အကူညီတွေလည်း လိုအပ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
လက်ရှိ စစ်အုပ်စုနဲ့ပျူတွေ စစ်ကြောင်းထိုးနေတဲ့ မြင်းခြံနယ်အရှေ့ခြမ်းနဲ့ နွားထိုးကြီးနယ် အနောက်ခြမ်းက ကျေးရွာတွေကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဩဂုတ်လအတွင်းမှာ စစ်အုပ်စုနဲ့ပျူတွေ စစ်ကြောင်းထိုးပြီး ကိုယ်ဝန်ဆောင်မိခင်အပါဝင် ဒေသခံပြည်သူ အမျိုးသမီး၊ အမျိုးသား စုစုပေါင်း ၂၄ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့သလို ကျေးရွာပေါင်း ၁၀ ရွာကျော်က အိမ်ခြေ ၁၀၀၀ ကျော်ကိုပါ စီးနင်းလုယက် မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။
ဒါ့အပြင် အခုလ မေလ ၁ရက်နေ့ကနေ ၇ရက်အထိတုန်းကလည်း မြင်းခြံနယ်အနောက်ခြမ်း ဧရာဝတီမြစ်ရိုးတလျှောက်က ကျေးရွာတွေကိုလည်း စစ်အုပ်စုနဲ့ပျူတွေက စီးနင်းလုယက်မီးရှို့ပြီး အမျိုးသားတစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ကာ အမျိုးသမီး လေးဦးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့ပါသေးတယ်။
မြင်းခြံမြို့နယ်ထဲမှာ စစ်အုပ်စုနဲ့ပျူတွေက ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့တာတွေ ထင်တိုင်းကြဲ ကျူးလွန်လုပ်ဆောင်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းကနေ အခုနှစ် မေ ၂၄ ရက်ထိ ငါးလကျော်အတွင်းမှာ ကျေးရွာပေါင်း ၃၀ ကျော်က အိမ်ခြေပေါင်း ၅၅၀၀ ကျော်ကို စစ်အုပ်စုက မီးရှို့ဖျက်ဆီးခဲ့သလို ဒေသခံ ၁၀ ဦးကျော်ကိုပါ သတ်ဖြတ်ခဲ့ပြီး အမျိုးသမီး ခြောက်ဦးကို ဖမ်းဆီး အဓမ္မပြုကျင့်သွားခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့နှစ်က မြင်းခြံနယ်အရှေ့ခြမ်းနဲ့ နွားထိုးကြီးနယ်အနောက်ခြမ်းက ကျေးရွာတွေကို စစ်အုပ်စုနဲ့ ပျူတွေ စီးနင်းလုယက်မီးရှို့ ဖျက်ဆီးသွားခဲ့စဉ်(ပုံဟောင်း)/ ဓာတ်ပုံ-ဒေသခံ



