စစ်ကိုင်းသတင်း

ကချင် -စစ်ကိုင်းအစပ်မှာ တိုက်ပွဲပြင်းထန်နေပြီး ထီးချိုင့်ကနေ ကသာကို စစ်အုပ်စု လူ၊လက်နက်၊ရိက္ခာဖြည့်တင်း၊စစ်အုပ်စု ဖမ်းဆီးထားတဲ့ NLDရပ်ကျေးအဖွဲ့ဝင်လေးဦး နှစ်ပတ်ကြာတဲ့အထိ အဆက်အသွယ်မရသေး

ခါးခါး/MFP၊ မေ-၂၈

စစ်ကိုင်းနဲ့ကချင်အစပ်ဖြစ်တဲ့ ထီးချိုင့် -ကသာ-နဘား-အင်းတော် -မော်လူး မြို့နယ်တွေမှာ စစ်အုပ်စုနဲ့ KIA,AA,NUG,ABSDF ပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်အုပ်စုတပ်တွေက ထီးချိုင့်မြို့ကနေ ကသာမြို့ကို လူ ၊လက်နက်၊ရိက္ခာတွေ ပို့ဆောင်ကာ အင်အားဖြည့်တင်းနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေက MFPကို ပြောပါတယ်။

တော်လှန်ရေးအင်အားစုဖြစ်တဲ့ KIA,AA,NUG,ABSDF စတဲ့ပူးပေါင်းတပ်တွေဟာ ထီးချိုင့်-ကသာ-နဘား -အင်း‌တော် -မော်လူးမြို့နယ်တွေက စစ်အုပ်စုစခန်းတွေကို စီးနင်းတိုက်ခိုက်နေတာဖြစ်ပြီး ကသာမြို့အထွက်က ပင်းမလွတ်ရွာ စစ်အုပ်စုစခန်းနဲ့ လမ်းခွစစ်အုပ်စုစခန်းတွေကို သိမ်းဆည်းရရှိထားသလို ၊နဘားရွာ ၊အင်းတော်၊မော်လူးမြို့နယ်တွေကိုလည်း ဆက်လက်ပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

“ပင်းမလွတ်နဲ့လမ်းခွ သိမ်းတော့ အလက်တွေ အများကြီးရတယ်။အလောင်းတွေလည်း ရတယ်။အခုကတော့ နဘားဝန်းကျင်မှာလည်း ထိတွေ့မှု ရှိတယ်။အင်းတော်ကို ပြန်ထိုးတာလည်း ဟုတ်တယ်။ခုရက်ပိုင်းကတော့ ကျနော်တို့က အသာစီးရတဲ့ အခြေအနေ ပြန်ရောက်လာတယ်လို့ ပြောရမှာ”လို့ သူကဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလထိုးစစ်အတွင်းမှာ စစ်အုပ်စုက အဆိုပါ မြို့နယ်တွေကို ပြန်လည် ထိန်းချုပ်ထားသွားပြီးနောက် တော်လှန်ရေးအင်အားစုတွေက ကသာ-နဘား -အင်းတော်လမ်းမှာ ဖြတ်တောက်ကာ တိုက်ခိုက်နေတာပါ။ အဲဒီတိုက်ပွဲတွေ အတွင်း စစ်အုပ်စုဘက်က အသေအပျောက်တွေ ရှိသလို လက်နက်အများအပြားလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ စစ်အုပ်စုတပ်က ထီးချိုင့်မြို့ကတဆင့် ကသာမြို့ကို လူ ၊လက်နက်၊ရိက္ခာတွေ ပို့ဆောင်ကာ အင်အားထပ်မံဖြည့်တင်းနေတယ်လို့ ထီးချိုင့်မြို့စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

“အင်အားတွေကတော့ ထပ်ဖြည့်နေတယ်၊ထီးချိုင့်ကနေ ကသာကို ကားနဲ့ ပို့နေတာ “လို့ သူကဆိုပါတယ်။

လက်ရှိအချိန်မှာတော့ ကသာ -နဘား-အင်းတော်-မော်လူးမြို့နယ်တဝိုက်မှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီးတော့ စစ်အုပ်စုတပ်တွေက လေကြောင်းကနေ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်တယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်အုပ်စုဟာအုပ်ချုပ်ရေးယန္တရားတွေ လည်ပတ်နိုင်ဖို့ Non-CDMဝန်ထမ်းတွေနဲ့ စစ်ရှောင်တွေကို အင်းတော် ၊နဘား ၊မော်လူး မြို့ပေါ်တွေ ခေါ်ဆောင်ကာ ဖိအားပေး နေထိုင်ခိုင်းတာတွေ လုပ်နေတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

တဆက်တည်းမှာလည်း စစ်အုပ်စုတပ်တွေက ရွှေဘို -မြစ်ကြီးနား လမ်းမကြီးပေါ်မှာ သွားလာနေတဲ့ ခရီးသွားပြည်သူတွေနဲ့ ကားသမားတွေကို အင်းတော် -နဘား-မော်လူး-နန်းစီအောင်လမ်းတွေမှာ ပိတ်ဆို့ဟန့်တားထားပြီး တိုက်ပွဲဖြစ်ပွားချိန်မှာတော့ အဆိုပါ ကားတွေကို အရှေ့ကနေ လူသားဒိုင်းအဖြစ် သွားလာခိုင်းတာမျိုးတွေ လုပ်နေတယ်လို့ ခရီးသွားပြည်သူတစ်ဦးက ပြောပါတယ်။

” မော်လူးက ဟိုနေ့က လမ်းက ဖွင့်တယ်။တိုက်ပွဲဖြစ်နေလည်း စစ်တပ်က သွားခိုင်းတာ ရှိတယ်။လမ်းက ပိတ်လိုက် ၊ဖွင့်လိုက်ပဲ “လို့ သူကဆိုပါတယ်။

ဒါ့အပြင် စစ်အုပ်စုဟာ ပြီးခဲ့တဲ့ မေလ(၁၆)ရက်နေ့က စစ်ကိုင်းနဲ့ ကချင်အစပ် နဘားကျေးရွာကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD) က ရပ်ကျေးအဖွဲ့ဝင် အမျိုးသားလေးဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အခုနှစ်ပတ်ကြာတဲ့အထိ ဘယ်နေရာမှာ ဖမ်းဆီးထားတယ်ဆိုတာ မသိရသေးသလို မိသားစုတွေနဲ့ အဆက်သွယ်မရသေးဘဲ သတင်းအစအန ပျောက်ဆုံးနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အဲ့ဒီနေ့က ကသာ -အင်းတော်လမ်းမှာက တိုက်ပွဲက ဖြစ်ကြတယ်။။အဲ့ဒီနေ့မှာ သူတို့ဖမ်းခံလိုက်ရတာ။နဘားမှာ ထားသလားမသိဘူး အင်းတော် ခေါ်သလား မသိဘူး ။သေတာ ၊ရှင်တာကို မသိရတာ “လို့

စစ်ကိုင်းနဲ့ ကချင်အစပ်မှာ စစ်အုပ်စုတပ်တွေက မေ (၂၀)ရက်နေ့က အင်းတော်မြို့နယ်၊ မန်ဖာကျေးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အကျဉ်းသားငါးဦးနဲ့ ပကဖ ရဲဘော် နှစ်ဦး သေဆုံးခဲ့ပါတယ် အလားတူ မေ(၁၈) ရက်နေ့ကလည်း မိုးတားလေးကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူနှစ်ဦး သေဆုံးခဲ့ပါသေးတယ်။

တော်လှန်ရေးအင်အားစုတွေကလည်း ပြီးခဲ့တဲ့ မေ(၁၆) ရက်နေ့မှာ ကသာ -ထီးချိုင့် လမ်းအတွင်း ဖြတ်သန်းသွားလာနေတဲ့ စစ်အုပ်စုယာဉ်တန်းတွေကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စစ်အုပ်စုဝင် (၆) ဦး သေဆုံးကာ သေနတ် (၆) လက် သိမ်းဆည်းရရှိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

မော်လူးမြို့ကို ပြန်လည်ထိန်းချုပ်သွားတဲ့စစ်အုပ်စုနဲ့ တိုက်ပွဲအတွင်း စစ်အုပ်စုထံမှ သိမ်းဆည်းရရှိတဲ့လက်နက်တချို့ / ဓာတ်ပုံ-SNS

Related Articles

Back to top button