
ရွှေဥ/MFP၊ ဇွန်-၈
မြန်မာ-အိန္ဒိယ ကုန်သွယ်ရေးလမ်းမကြီးဖြစ်တဲ့ စစ်ကိုင်းတိုင်း ၊ ကလေး-တမူး အာရှလမ်းမကြီး တလျှောက်မှာ ဒီကနေ့ ဇွန်လ ၈ရက်နေ့မှာ စစ်အုပ်စုနဲ့ တော်လှန်ရေးအင်အားစုတွေအကြား တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
စစ်အုပ်စုတပ်တွေက (၈၃)မိုင်ခန့်ရှည်လျားတဲ့ ကလေး-တမူး (အာရှလမ်းမကြီး)ကို ကလေးမြို့ကနေ စစ်ကြောင်းတစ်ကြောင်း ၊တမူးမြို့ကနေ စစ်ကြောင်းတစ်ကြောင်းနဲ့ မော်လိုက်မြို့ကနေ စစ်ကြောင်းတစ်ကြောင်း စုစုပေါင်း စစ်ကြောင်းသုံးကြောင်းနဲ့ ဝင်ရောက်လာတာ ဖြစ်ပါတယ်။
ဒီကနေ့မှာတော့ စစ်အုပ်စုတပ်နဲ့ တော်လှန်ရေးတပ်တွေဟာ တမူးမြို့ နဲ့ မိုင် (၂၀ ) ခန့်ကွာဝေးတဲ့ ကလေး-တမူး (အာရှလမ်းမကြီး)ပေါ်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး တော်လှန်ရေးတပ်တွေက နန်မွန်းတားကျေးရွာကနေ ယာယီဆုတ်ခွာ ပေးထားရတယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) ၊တမူးမြို့ အရေးပေါ်အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“ဒီမနက်မှစတာ ။တိုက်ပွဲက ဆက်ဖြစ်အုံးမှာ။နန်မွန်းတားကို မဝင်ဘဲ ခွန်မွန်းနွမ်ရွာကိုဖြတ်ပြီး ဝင်လာတာ၊ အဝိုက်ခံရမှာဆိုးလို့ ပြန်ဆုတ်ပေးလိုက်ရတဲ့သဘောပါ”လို့ သူကဆိုပါတယ်။
အလားတူ ကလေးမြို့နယ်အတွင်းမှာလည်း စစ်အုပ်စုတပ်တွေက ကလေး-တမူး( အာရှလမ်းမကြီး)မှာ တည်ရှိတဲ့ ကံကြီးကျေးရွာကို အင်အား (၅၀၀) ခန့်နဲ့ စစ်ကြောင်းထိုးနေသလို ၊ကလေး-ဆည်ကြီး -ပြည်တော်သာလမ်းမကြီးပေါ်မှာရှိတဲ့ ဆည်ကြီးကျေးရွာမှာလည်း စစ်ကားနှစ်စီးနဲ့ လူ၊လက်နက်အင်အား ဖြည့်တင်းနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒါ့အပြင် စစ်အုပ်စုတပ်တွေက မော်လိုက်မြို့နယ်ကနေ မော်လိုက် -လက်ဆေးကန် တောလမ်းအတိုင်း ကလေး-တမူးလမ်း(အာရှလမ်းမကြီး)ကို စစ်ကြောင်းထိုးနေပြီး တောအတွင်း ကင်းပုန်းချထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။



လက်ရှိအချိန်မှာတော့ စစ်အုပ်စုတပ်တွေက ကံကြီးကျေးရွာကနေ ၅၆မိုင် ၊ကြက်ဖနက်ကျေးရွာကို လက်နက်ကြီးနဲ့ ရမ်းကားပစ်ခတ်နေပြီး စစ်ကြောင်းထိုးနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“၅၆မိုင်နဲ့ ကြက်ဖနက်ကို လက်နက်ကြီးနဲ့ ပစ်နေတယ်။ကံကြီးမှာလည်း အင်အား (၅၀၀) ဖြည့်ထားတာ ရှိတယ်။ဆည်ကြီးရွာမှာလည်း ကားနှစ်စီး ချထားတယ်။မော်လိုက်စစ်ကြောင်းကတော့ တောလမ်းမှာ ပျောက်နေတယ်လို့ သိရတယ်။လက်နက်ကြီးကတော့ အဆက်မပြတ်ပစ်နေကြတယ် “လို့ သူကပြောပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မိုင် ၈၀၀ ကျော်ရှည်တဲ့ အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေးလမ်းမကြီးစီမံကိန်းကို အကောင်အထည်ဖော်ရာမှာ အရေးပါတဲ့ ကလေး-တမူး ဆက်သွယ်တဲ့လမ်းကြောင်းကို ဖွင့်နိုင်အောင် ကြိုးစားပြီး နယ်စပ်ဂိတ်တွေ အမြန်ဆုံး ပြန်ဖွင့်သွားမယ်လို့ သူ့ရဲ့ အိန္ဒိယခရီးစဉ်အတွင်းမှာ ကတိပြု ပြောဆိုခဲ့ပြီးနောက် အခုလို ကလေး-တမူးလမ်းကြောမှာ စစ်ရေးအခြေအနေ တင်းမာလာတာ ဖြစ်ပါတယ်။
ဒီလိုတိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် နန်မွန်းတား၊ ရန်ငြိမ်းအောင်၊ မင်းသမီး၊ကနန်၊ဘုက္ကန်၊ရန်ငြိမ်းအောင် ၊ကနန်၊ခါမ်းပါတ် ၊ဖက်ယားရေရှင် ၊ကျွန်းတောရေရှင် ၊ဝိတုတ် ၊စော်ဘွားရေရှင် ၊ရန်မျိုးအောင် ၊ကြံစက်ကုန်း ၊ကြက်ဖနက်၊ကံသာယာ၊ကံကြီး၊နန်းဟံနွဲ့၊နန်းခေါက်ခေါက်၊ခွန်မွန်းနွမ်၊ရာဇဂြိုလ်၊ပြည်တော်သာ၊နန်းစောင်းပု ၊၅၆ မိုင် စတဲ့ ကျေးရွာပေါင်း (၅၀) ကျော်က ဒေသခံတွေဟာ တောတောင်အတွင်း ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ ကလေးမြောက်ပိုင်း စစ်ရှောင်အကူအညီပေးသူတစ်ဦးက ပြောပါတယ်။
“ကားလမ်းဘေးကရွာတွေကတော့ အကုန်ရှောင်ကြပြီ။နောက်ထပ်ရှောင်ကြတာက ငါးရွာလောက် ရှိတယ်”လို့ သူကဆိုပါတယ်။
ဇွန်(၄) ရက် ညပိုင်းကလည်း ဒေသခံတွေ အိပ်မောကျချိန်မှာ စစ်အုပ်စုက မြန်မာ-အိန္ဒိယနယ်စပ်အနီးက ခါမ်းပါတ်မြို့ကို အကြိမ် (၂၀) ကျော် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ တော်လှန်ရေးရဲဘော်သုံးဦး ထိခိုက်ဒဏ်ရာ ရရှိသွားသလို နေအိမ်တချို့လည်း ပျက်စီးသွားခဲ့တယ်လို့ ခါမ်းပါတ်မြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
တမူး – ကလေး ကားလမ်းဟာ အိန္ဒိယ – မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါဆုံး လမ်းမကြီး ဖြစ်ပြီးတော့ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးစခန်းတွေအားလုံး ပိတ်ထားတာ ခြောက်နှစ်ကျော်ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။
ကလေး-တမူး (အာရှလမ်းမကြီး)အပေါ် အပိုင်းလိုက် စိုးမိုးထားကြတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်အုပ်စုတပ်တွေကို မြင်တွေ့ရစဉ်/ ဓာတ်ပုံ- SNS



