
MN/MFP ၊ ဇွန် – ၉
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်မှာ စစ်အုပ်စု လေကြောင်းက ဗုံးကြဲလို့ PDF ရဲဘော်တစ်ဦးနဲ့ ပြည်သူတစ်ဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
စစ်အုပ်စုဟာ မေလ ၃၁ ရက်ကစတင်ကာ ဒီကနေ့အထိ ချောင်းဦးမြို့နယ် အရှေ့ခြမ်းနဲ့ တောင်ခြမ်းကို အင်အား ၂၀၀ ကျော်နဲ့ ၁၀ ရက်ကြာ မြေပြင်စစ်ကြောင်းထိုးနေသလို မုံရွာမြို့ပေါ်ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)ကနေလည်း လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ အသေခံဒရုန်း၊ စက်တပ်လေထီး (ပါရာမိုတာ)၊ ဂျိုင်ရိုကော်ပတာတွေနဲ့ပါ နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဇွန် ၇ ရက်ကလည်း စစ်အုပ်စု ဗုံးကြဲလို့ အမျိုးသားတစ်ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာသူတွေလည်း ရှိခဲ့တယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းနဲ့ပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။
“ဒရုန်းကြောင့် သေဆုံးတာက ကျားတစ်ဦးဖြစ်ပြီးတော့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဂျိုင်ရိုကော်ပတာနဲ့ ကြဲတာကတော့ အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရပါတယ်။” လို့ သူကဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၄ ရက်ကလည်း စစ်အုပ်စုက စက်တပ်လေထီး(ပါရာမိုတာ)၊ ဂျိုင်ရိုကော်ပတာတွေနဲ့ ချောင်းဦးနယ်တောင်ခြမ်းကို ဗုံးကြဲခဲ့တာကြောင့် မန္တလေးခရိုင် တပ်ရင်းတစ်ခုက ရဲဘော်တစ်ဦး ကျဆုံးသွားတယ်လို့ ဒေသခံတော်လှန်ရေးသတင်းရင်းမြစ်က MFP ကို ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ရက်တွေအတွင်း ချောင်းဦးမြို့နယ်ထဲမှာ စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေဖြစ်ပွားနေပြီး အထိနာတဲ့ စစ်အုပ်စုက အခုလို နေ့စဉ်နီးပါး လေကြောင်းကနေ ဗုံးကြဲပစ်ကူပေးနေတာလို့ နယ်မြေခံတော်လှန်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
ဒီကနေ့ ဇွန်လ ၉ရက်မှာလည်း ချောင်းဦးနယ်တောင်ခြမ်းကို စစ်အုပ်စုက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့သလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ခဲ့ပြီး အသေးစိတ် အခြေအနေကိုတော့ မသိရသေးဘူးလို့ စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။
ချောင်းဦးနယ်ထဲ မြေပြင်စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုတပ်တွေကလည်း ဒီကနေ့မှာ မှန်ချိုရွာနဲ့ ဆင်မြေရွာကို စီးနင်းဝင်ရောက်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
ချောင်းဦးမြို့နယ်ထဲမှာ ဒီကနေ့ ဇွန်လ ၉ ရက်နေ့ အထိ စစ်ကြောင်းတွေ ထိုးနေဆဲဖြစ်တာကြောင့် ရွာပေါင်း ၁၁ ရွာက ပြည်သူ တစ်သောင်းဝန်းကျင် စစ်ရှောင်နေကြရပြီး စားနပ်ရိက္ခာအကူညီတွေ လိုအပ်နေတယ်လို့ ချောင်းဦးပကဖ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ဆက်ပြောပါတယ်။
“ချောင်းဦးနယ်ထဲမှာ ဒီကနေ့အထိ စစ်ကြောင်းတွေ ထိုးနေဆဲဖြစ်တာကြောင့် ရွာပေါင်း၁၁ရွာက ပြည်သူသောင်းဂဏန်း ဝန်းကျင် စစ်ဘေးရှောင်နေကြရပြီး စားနပ်ရိက္ခာ အကူညီတွေလည်း လိုအပ်နေပါတယ်ဗျ။ နောက်ပြီး မိုးတွင်းကာလလည်းဖြစ်နေတော့ နေစရာထိုင်စရာ အမိုးအကာတွေလည်း လိုအပ်နေပါတယ်”လို့ သူက ဆိုပါတယ်။
တိုက်ပွဲတွေပြင်းထန်နေတဲ့ ချောင်းဦးနယ်ထဲမှာ စစ်အုပ်စုစစ်ကြောင်းထိုးချိန်နဲ့ကြုံလို့ ဖမ်းဆီးခံရတဲ့ ပြည်သူတွေနဲ့ စစ်ကြောင်းပြန်ထွက်သွားပြီထင်ပြီး ကျေးရွာထဲ ဝင်မိတဲ့ ပြည်သူတွေ အပါအဝင် ဒေသခံ (၂၀)ဝန်းကျင်ကို စစ်အုပ်စုက ဓားစာခံအဖြစ် ဆက်လက်ဖမ်းဆီးထားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
“စစ်ကြောင်းထိုးလာချိန် ဓားစာခံအဖြစ် ဖမ်းဆီးခံထားရတဲ့ပြည်သူတွေရှိတယ်။ ဒီကနေ့ထိတော့ ပြန်မလွတ်သေးဘူး”လို့ ချောင်းဦးဒေသခံတစ်ဦးက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်ညပိုင်းကလည်း တိုက်ပွဲပြင်းထန်နေတဲ့ ချောင်းဦးမြို့နယ်အတွင်းကို မုံရွာမြို့ပေါ်ကနေ အိမ်စီးကားနှစ်စီးနဲ့ ဝင်ရောက်လာတဲ့ စစ်အုပ်စုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက မုံရွာ-ချောင်းဦး လမ်းပိုင်း တောပုပျူစောထီးရွာအနီးမှာ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်အဆင့်နှစ်ဦး အပါအဝင် ခြောက်ဦးသေဆုံးခဲ့ပြီး သေနတ်လေးလက်လည်း သိမ်းဆည်းရရှိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက မနေ့ညပိုင်းက သတင်းထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ ချောင်းဦးမြို့နယ်အတွင်းမှာ စစ်အုပ်စုနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကြား စစ်ရေးတင်းမာနေတာကြောင့် ငါးယှန်၊ နတ်ရေကန်၊ ဘလွေ၊ ကျောက်ဆစ်ကန်၊ ရွာတော်လေး၊ မှန်ချို၊ ထူးနီ၊ ဆင်မြေ၊ ငါးလုံးတင်၊ မထိသာ၊ မင်းခေါင် စတဲ့ ကျေးရွာတွေက သောင်းနဲ့ချီတဲ့ ပြည်သူတွေ စစ်ဘေးတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာ၊ အမိုးအကာ စတဲ့ အရေးပေါ်အကူညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်ပြည်သူတွေကို ကူညီပေးနေသူတွေက ဆိုထားပါတယ်။
ဇွန်လ ၇ရက်ညပိုင်းက ချောင်းဦးနယ်ထဲ ဝင်ရောက်လာတဲ့ စစ်အုပ်စုကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့စဉ်/ ဓာတ်ပုံ- Brave Heart Army- BHA
MFP ရဲ့ သတင်း၊ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



