
Phoenix/MFP ၊ဇွန် – ၁၁
မန္တလေးမြို့မှာ ဆိုင်ကယ်မောင်းနှင်နေတဲ့ အမျိုးသားတစ်ဦးကို အုပ်စုဖွဲ့ရိုက်နှက်ပြီး ဆိုင်ကယ်ကို လုယူ ထွက်ပြေးသွားသူ လေးဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်အုပ်စုက ဒီကနေ့ ထုတ်ပြန်ပါတယ်။
ဇွန်လ ၈ ရက် ညနေ ၆ နာရီခန့်က မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၁ လမ်းနဲ့ ၁၂၃ လမ်းထောင့်မှာ ဆိုင်ကယ်မောင်းနှင်လာတဲ့ အမျိုးသားတစ်ဦးကို လူတစ်စုက အကြမ်းဖက်ပြီး လုယက်ယူဆောင်သွားခဲ့တာပါ။
လူမှုကွန်ရက်မှာ ထွက်ပေါ်လာတဲ့ CCTV မှတ်တမ်းအရ အမျိုးသားတစ်ဦး မောင်းနှင်လာတဲ့ ဆိုင်ကယ်ကို အမျိုးသားနှစ်ဦးစီးလာတဲ့ အခြားဆိုင်ကယ်တစ်စီးက ခြေထောက်နဲ့ကန်ပြီး လဲကျအောင် ပြုလုပ်ခဲ့ပါတယ်။
အဲဒီနောက် ဆိုင်ကယ်လဲကျသွားချိန်မှာ ကန်ချခဲ့တဲ့ဆိုင်ကယ်ပေါ်ကနေ အမျိုးသားတစ်ဦး ဆင်းလာပြီး၊ လဲကျသွားသူကို လက်နက် တခုခုနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ဆိုင်ကယ်ပိုင်ရှင်ဖြစ်သူက ရှောင်တိမ်းနေစဉ်မှာ ဆိုင်ကယ်ကို မောင်းနှင်လုယူသွားခဲ့တာပါ။

အဲဒီလို လုယက်နေစဉ်အတွင်းမှာ နောက်ထပ်ဆိုင်ကယ်တစ်စီးနဲ့ အမျိုးသားနှစ်ဦး ရောက်ရှိလာပြီး ဆိုင်ကယ်ပိုင်ရှင်ကို ထပ်မံရိုက်နှက်ဖို့ ကြိုးစားခဲ့ပါတယ်။
အမှုဖြစ်ပွားပြီး ၃ရက်အကြာ ဒီကနေ့ ဇွန်လ ၁၁ရက်နေ့မှာတော့ ကျူးလွန်သူတွေကို ဖမ်းဆီးရမိပြီလို့ စစ်အုပ်စုက ထုတ်ပြန်ပါတယ်။
လုယက်သူတွေထဲက အသက် ၂၀ အရွယ် မျိုးသန့်ဇော် (ခ) သီဟဇော် (ခ) ဒီဒိုင်း ဆိုသူကို ချမ်းမြသာစည်မြို့နယ်၊ ၄၉ လမ်းနှင့် ၁၁၆ လမ်းထောင့်မှာရှိတဲ့ ပုဂံဘီယာဆိုင်မှာ ဇွန်လ ၉ ရက်နေ့ နေ့လယ် ၃ နာရီခွဲခန့်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက်ပိုင်း ကွင်းဆက်ဖော်ထုတ်ချက်တွေအရ ဘီယာဆိုင်မှာ ပုန်းအောင်းနေတဲ့ အောင်သူရကျော် (ခ) ဖိုးချစ် ၁၉ နှစ်၊ စိုင်းသူရထွန်း (ခ) ဟုတ်ပ ၂၀ နှစ် နဲ့ စိုင်းဇူးဇူးမောင် ၂၀ နှစ် တို့သုံးဦးကို ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ စစ်အုပ်စုက ဖော်ပြထားပါတယ်။
ဆိုင်ကယ်လုယက်ခိုးယူသူတွေရဲ့ ထွက်ဆိုချက်တွေအရ ခိုးရာပါ ဆိုင်ကယ်တွေကို ပုံဖျက်ပြီး ပြန်လည် ရောင်းဝယ်နေတဲ့နေရာတွေကိုပါ ဆက်စပ်ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် မန္တလေးမြို့ပေါ်မှာ နေ့ခင်းကြောင်တောင် လုယက်မှုတွေ မကြာခဏဆိုသလို ဖြစ်ပွားနေတဲ့အတွက် စိတ်မလုံခြုံမှုတွေ ခံစားနေရတယ်လို့ မန္တလေးမြို့နေထိုင်သူတွေက လူမှုကွန်ယက်မှာ မှတ်ချက်ပြု ရေးသားနေကြတာကို တွေ့ရပါတယ်။
ဆိုင်ကယ်လုယက်မှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြည်ကြီးတံခွန်မြို့မရဲစခန်းမှာ (ပ) ၈၄/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂/၁၁၄ နဲ့ အမှုဖွင့်ထားတယ်လို့ စစ်အုပ်စုဘက်က ထုတ်ပြန်ချက်တွေအရ သိရပါတယ်။



