မန္တလေးသတင်း

တောင်သာနယ်ထဲ နှစ်ပတ်အတွင်း ဒေသခံ ၁၂ဦးထက်မနည်း စစ်အုပ်စု မီးရှို့သတ်ဖြတ်၊ရွာပေါင်း ခုနှစ်ရွာကို မီးရှို့ဖျက်ဆီးပြီး စစ်ကြောင်းဆက်ထိုးနေ၊

MN/MFP ၊ ဇွန် – ၁၂

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ထဲ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးမီးရှို့နေတဲ့ စစ်အုပ်စုက သီတင်းနှစ်ပတ်အတွင်း ဒေသခံ အမျိုးသား ၁၂ ဦးထက်မနည်းကို ဖမ်းဆီးသတ်ဖြတ်ထားတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

မေလ ၃၁ရက်နေ့ကစပြီး စစ်အုပ်စုဟာ တောင်သာနယ်ထဲကို အင်အား ၈၀၀ ကျော်နဲ့ စစ်ကြောင်းသုံးခုခွဲကာ ကျေးရွာတွေကို စီးနင်းလုယက်မီးရှို့တာတွေ လုပ်ဆောင်နေသလို ဒေသခံတွေကိုလည်း ဖမ်းဆီးနှိပ်စက်ပြီးမှ ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်သွားတာ ဖြစ်တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ တာဝန်ရှိသူက MFP ကို ပြောပါတယ်။

”ဒေသခံတွေ သတ်ဖြတ်ခံရတာကလည်း ဖမ်းဆီးနှိပ်စက်ခံရပြီးမှ (စစ်အုပ်စုက)သတ်တာများပါတယ်။ အကုန်လုံးကတော့ ရက်စက်စွာနဲ့ နှိပ်စက်သတ်ဖြတ်ခံရခြင်းပါပဲ။ ကျွန်တော့်နေရာနားမှာဆိုရင် သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်းက မီးလောင်ထားတော့ လူရုပ်ကိုမပီတော့ဘူး။ အဲဒီ နှစ်ယောက်ကိုလည်း နင်ပဲငဆ နှိပ်စက်ပြီးမှ မီးရှို့သတ်လိုက်တာလို့တော့ သိရတယ်”လို့ သူက ဆိုပါတယ်။

အဲဒီစစ်အုပ်စုဟာ ဇွန် ၁ ရက်နေ့မှာ မြင်းခြံ-ကျောက်ပန်းတောင်း လမ်းပိုင်း(တောင်သာ-ဝဲလောင်လမ်း) ကိုင်း(ရွာ)ချောင်းကူးတံတားအနီး လမ်းပိတ်ပြီး စစ်ဆေးရေးလုပ်နေချိန် ဒေသခံ အမျိုးသား ခုနစ်ဦးကို ဖမ်းဆီးခဲ့ပြီးနောက် အဲဒီထဲက ငါးဦးကို မီးရှို့သတ်ဖြတ်သွားခဲ့သလို ကျန်နှစ်ဦးကိုတော့ ဓားစာခံအဖြစ် ဆက်လက်ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ဇွန် ၂ ရက်မှာလည်း လမ်းသွားလမ်းလာ အမျိုးသားတစ်ဦးကို ဖမ်းဆီးသွားခဲ့ပြီး တောင်သာနယ် အနောက်ခြမ်းက ထန်းပင်ခြံရွာအနီးမှာ သတ်ဖြတ်ပြီး အလောင်းကိုစွန့်ပစ်သွားခဲ့ပါတယ်။ အဲဒီနေ့မှာပဲ နတ်စောင့်ကျေးရွာက အမျိုးသား နှစ်ဦးကိုလည်း ညှဉ်းပန်းနှိပ်စက်ပြီး မီးရှို့သတ်ဖြတ်သွားခဲ့သေးတယ်လို့ တောင်သာမြို့နယ်-ပကဖ က MFP ကို ပြောဆိုထားပါတယ်။

ဒါ့အပြင် ညောင်ဦးမြို့နယ် ငါ့သရောက်မြို့နယ်ခွဲဘက်ကနေ တောင်သာနယ်ထဲကို စတင် စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ နောက်ထပ် စစ်အုပ်စု စစ်ကြောင်းကလည်း ဇွန် ၁ ရက်နဲ့ ၂ ရက်တို့မှာ တံတားရွာနဲ့ အုန်းကျင်းရွာက အမျိုးသား နှစ်ဦးကို ညှဉ်းပန်းနှိပ်စက်ပြီး မီးရှို့သတ်ဖြတ်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အလားတူ ဇွန် ၃ ရက်မှာလည်း တောင်သာနယ်တောင်ခြမ်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုတွေက ဆည်တောရွာက အမျိုးသား နှစ်ဦးကို ဖမ်းဆီးလာပြီးနောက် ညောင်ကုန်းရွာ အရှေ့ဘက်မှာ သတ်ဖြတ်ကာ အလောင်းတွေကို စွန့်ပစ်ထားခဲ့တယ်လို့ တောင်သာနယ် ဒေသခံတစ်ဦး ဆိုပါတယ်။

အဲဒီစစ်ကြောင်းဟာ ကျောင်းဖွင့်ရာသီမှာ တောင်သာနယ်ရဲ့ ပညာရေးကဏ္ဍ လည်ပတ်ဖို့ အကြောင်းပြပြီး ဝင်ရောက်လာတာဖြစ်တယ်လို့ တောင်သာမြို့နယ်-ပကဖ တာဝန်ရှိသူက ဆက်ပြောပါတယ်။

“အခုထိုးနေတဲ့ စစ်ကြောင်းကတော့ တော်လှန်ရေးရဲဘော်တွေကို ထိုးတာမဟုတ်ဘူးပေါ့။ သူတို့ စကစ အကြောင်းပြ ဝါဒဖြန့်တာကတော့ ပညာရေး အကောင်ထည်ဖော်ချင်လို့ စစ်ကြောင်းထိုးတယ်လို့ ပြောထားတာပေါ့။ ဒေသခံတွေကလည်း ပညာရေးကိစ္စလုပ်တာဆိုတော့ ဘေးထွက်ဆိုးကျိုး မရှိလောက်ပါဘူးဆိုပြီး ထင်ကြတာ။” လို့ သူကဆိုပါတယ်။

ဒီကနေ့ ဇွန် ၁၂ ရက်မှာလည်း အဲဒီစစ်ကြောင်း သုံးကြောင်းဟာ ကျေးရွာတွေကို ဖြန့်ခွဲဝင်ရောက်ပြီး ဆက်လက် စစ်ကြောင်းထိုးနေသေးတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ အဲဒီစစ်ကြောင်းတွေက တောင်သာနယ်ထဲက ထန်းကျင်း၊ နတ်စောင့်၊ ကျားမတွင်း၊ ထန်းပင်ခြံ၊ ညောင်ကုန်း၊ တံတား(အရှေ့)၊ အုန်းကျင်း စတဲ့ ကျေးရွာတွေက နေအိမ်တွေကို ဖောက်ထွင်းခိုးယူပြီးနောက် မီးရှို့ဖျက်ဆီးသွားပြီး မီးလောင်ပျက်စီးတဲ့ အိမ်ခြေစာရင်းတွေကိုတော့ စစ်ကြောင်းရှိနေသေးတာကြောင့် အတိအကျ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ အဲဒီစစ်ကြောင်းတွေကြောင့် တောင်သာနယ်ထဲက သောင်းနဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရဆဲဖြစ်ပြီး စားနပ်ရိက္ခာ၊ အမိုးအကာ၊ ဆေးဝါး စတဲ့ အရေးပေါ်အကူညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေ ဆိုပါတယ်။

တောင်သာမြို့နယ်မှာ ပြီးခဲ့တဲ့ လေးလအတွင်းမှာ စစ်အုပ်စုက စိတ်ကျန်းမာရေးမကောင်းသူနဲ့ သက်ကြီးရွယ်အိုတွေအပါဝင် ဒေသခံပြည်သူ ၂၇ ဦးခန့်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့သလို ကျေးရွာပေါင်း ၁၅ ရွာနီးပါးက အိမ်ခြေ ၁၅၀၀ ကျော်ကို စီးနင်းလုယက်မီးရှို့ဖျက်ဆီးထားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောဆိုထားပါတယ်။

တောင်သာနယ် ​ကျေးရွာ​တွေကို စစ်အုပ်စု မီးရှို့ဖျက်ဆီးသွားစဉ်(ပုံဟောင်း)/ ဓာတ်ပုံ-ဒေသခံ

MFP ရဲ့ သတင်း၊ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

Mandalay_Free_Press_MFP

အညာ #တောင်သာ #မီးရှို့သတ်ဖြတ်

Related Articles

Back to top button